ပြည်ထောင်စုလမ်းမကြီး​ပေါ်က လမ်းပိုင်းတချို့ ရေကျော်နေပြီး ခရီးသွား​ကား​တွေပိတ်မိ​နေ

စက်တင်ဘာ ၁ – ၂၀၂၆
SN (VOM)
တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးက မြိတ် – တနင်္သာရီ – ကော့သောင်းလမ်းပိုင်းတွေမှာ ရေကျော်နေပြီး ပိတ်မိနေတဲ့ ကားတွေလည်း ရှိနေတယ်လို့ မြို့နယ် ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကားအစီးရေက လမ်းဘေးမှာ နားထားတာဆိုရင် ၃၀ လောက်ရှိမယ်။ ပိတ်မိနေတာ သုံးရက်လောက်တော့ ရှိမယ်။ ရေကျော်နေတဲ့လမ်းပိုင်း သုံးနေရာစလုံးမှာ ပိတ်မိနေတာ။ လောလောဆယ် လမ်းတွေက ကားတွေ၊ ဆိုင်ကယ်တွေ လုံးဝ သွားလာလို့ မရသေးဘူး။ ဆိုင်ကယ်လေးတွေကိုတော့ လှေ၊ ဖောင်တွေနဲ့ ကူးပေးနေတယ်” လို့ သူက ပြောပါတယ်။
ပြည်ထောင်စု လမ်းမကြီးအတွင်း တနင်္သာရီ – ကော့သောင်းလမ်းပိုင်းက လယ်တောင်ယာရွာ လမ်းမပေါ်မှာ ၄ ပေခန့် ရေကျော်နေသလို တနင်္သာရီ – မြိတ်လမ်းပိုင်းက အော်ကြီးရွာလမ်းမပေါ်၊ ဥယျာဉ်ကွင်းရွာ လမ်းမပေါ်နဲ့ ကဒဲလိပ်ရွာ လမ်း‌မပေါ်မှာ ၂ ပေခန့်စီ ရေကျော်နေတယ်လို့ သူက ပြောပါတယ်။
တနင်္သာရီမြစ်ရေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ကစပြီး စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၇ ပေကနေ ကျော်လွန်လာတာဖြစ်ကာ ဩဂုတ်လ ၃၀ ရက်နေ့မှာတော့ အန္တရာယ်ရေမှတ်ဖြစ်တဲ့ ၂၄ ပေအထက်ကို ဆက်လက် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာတော့ တနင်္သာရီမြစ်ရေဟာ သာမန်ရေမျက်နှာပြင်အထက် ၂၅ ပေ ၉ လက်မကျော်မှာ ရောက်ရှိနေပြီး အန္တရာယ်ရေမှတ်အထက် ၁ ပေ ၉ လက်မကျော်မှာ ရှိနေကာ ရေဆက်မတိုးတော့ဘူးလို့ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူက ပြောပါတယ်။
“ရေက မနေ့ (ဩဂုတ် ၃၁ ရက်) မွန်းလွဲ ၄ နာရီလောက်မှာ ၂၅ ပေ ၉ လက်ကို ရောက်တယ်။ ဒီမနက်အထိ အဲဒီရေထုကနေ ဆက်မတိုးဘဲ တန့်နေတယ်။ ဒါပေမယ့် စောင့်ကြည့်ကာလဖြစ်လို့ ရွှေ့ပြောင်းထားတဲ့ အိမ်ထောင်စုတွေကတော့ အိမ်မပြန်ကြသေးဘူး။ လက်ရှိမှာ ကျွန်တော်တို့ ကြက်ခြေနီအသင်းအနေနဲ့ မြေပြင် မဆင်းသေးဘဲ ရေဘေးရှောင်စခန်းတွေကို ဦးစားပေး နေ့တိုင်း ရေသန့် လိုက်ဝေပေးနေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ပြောင်းရွှေ့ အိမ်ထောင်စု စုစုပေါင်း ၁၀၀ ကျော် ရှိနေပြီး မြို့နယ်အတွင်းက ဘုန်းကြီးကျောင်း၊ မြို့နယ်ခန်းမ အစရှိတဲ့ နေရာတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ခြောက်ခု ဖွင့်ထားတယ်လို့ သူက ပြောပါတယ်။
ရေကြီးမှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ မြို့ရေကာ ရေတံခါး ဖွင့်ဖို့ အစီအစဉ် မရှိသေးဘဲ ဖွင့်ဖို့ လိုအပ်လာရင်တော့ သက်ဆိုင်ရာ ဌာနအသီးသီးကနေ ကြိုတင်အသိပေး အကြောင်းကြားမှာ ဖြစ်တဲ့အတွက် ကောလဟလတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှု မ‌ဖြစ်စေလိုဘူးလို့ သူက ပြောပါတယ်။
မြို့နယ်ကြက်ခြေနီ အသင်းခွဲအနေနဲ့ လက်ရှိမှာ မြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရေဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေသူတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့အပြင် ဒေသအာဏာပိုင်တွေကလည်း စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတယ်လို့ သူက ပြောပါတယ်။
ရေကြီးမှုကြောင့် တနင်္သာရီမြို့က မြို့ပေါ်ရပ်ကွက်တွေအပြင် ထုံမခါ၊ ပဝနဲ့ ညောင်ပင်ကွင်းရွာတွေ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေဝင်ရောက်နေပြီး လူဦးရေ ၅၀၀၀ နီးပါး ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW