မန္တလေး၊ စက်တင်ဘာ – ၁ -၂၀၂၆
VOICE OF MYANMAR
မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အကွက် ၄၀၅ (က-ခ) အုတ်ကျင်းရပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင် က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့တယ်ဆိုတဲ့ ၁၁ ဧကကျော် မြေဟာ မူလပိုင်ရှင်ရှိတယ်ဆိုပြီး တရားဝင်အထောက်အထားတွေနဲ့ ဖော်ပြလာပါတယ်။
ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော်နဲ့ မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို ပိုင်ရှင်ပေါ် ပေါက်လို့ ကျူးကျော်ဆိုပြီး ဖျက်ပေးရမယ်လို့ မတ်လ ၂၃ ရက်က သက်ဆိုင်ရာကနေ အကြောင်းကြား ခဲ့တာကြောင့် ဖယ်ရှားခံရမယ့်သူတွေနဲ့ မတ်လ ၂၂ ရက်နေ့မှာ VOM က သတင်းရိုက်ကူးတင်ဆက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။
အခု ဒီမြေကို ပိုင်ဆိုင်မှုအထောက်အထား အခိုင်အလုံပြနိုင်တယ်ဆိုတဲ့ အုတ်စက်ပိုင်ရှင် ဦးညိုရောင် + ဒေါ်မြသန်းတို့ရဲ့ အမွေဆက်ခံပိုင်ခွင့်ရှိတဲ့ သားသမီး ၇ ယောက်ထဲက ကျန်ရစ်တဲ့မိသားစုဝင်တွေကို VOM က ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။
VOM ။ ။ အန်တီတို့ပိုင်တယ်ဆိုတဲ့မြေပေါ်မှာ လက်ရှိနေထိုင်သူ အိမ်ခြေ ၂၅၀ ကျော် ဖယ်ရှားဖို့သက်ဆိုင်ရာကို အကူအညီတောင်းခံတဲ့ အခြေအနေသိပါရစေ။
ဖြေ ။ ။ ကျွန်မတို့အဖေ ဦးညိုရောင်ဟာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ကွင်းအမှတ် ၄၀၅(က)၊ ၄၀၅(ခ) ဦးပိုင်အမှတ် ၁၂(စ)၊ ၁၂(ဇ)၊ ၆(ခ) မြေဧရိယာ(၁၆.၆၆)ဧက ကို ၁၉၃၁ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့ကတည်းက မူလပိုင်ရှင်ဖြစ်တဲ့ အမ်အေရှကူး ဆီကနေ စာချုပ်စာတမ်းနဲ့ ဝယ်ယူခဲ့ပြီး အဲ့ဒီမြေပေါ်မှာ မိသားစု အုတ်လုပ်ငန်းကို ၁၉၈၀ ခုနှစ်အထိ လုပ်ကိုင်ခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်မှာ ကျန်နေတဲ့ မြေဧရိယာတွေကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို ဂရန် လျှောက်ထား တင်ပြခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မန္တလေးနေ့စဉ်သတင်းစာပါ မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီနယ်နမိတ်အတွင်းက မြို့နယ်(၆)မြို့နယ်မှာ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ် ဓာတ်အားလိုင်းမြေ၊ အစိုးရဌာနဆိုင်ရာမြေနဲ့ ပုဂ္ဂလိကပိုင်မြေနေရာများတွင် ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသူတွေက တရားမဝင်ကျူးကျော်နေထိုင်လျက်ရှိကြောင်း တွေ့ရှိလို့ ဥပဒေနဲ့ အညီ ဖွဲ့စည်းထားတဲ့ သတ်မှတ်အဖွဲ့တွေနဲ့ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက်ကို တွေ့ခဲ့တာကြောင့် မိမိတို့ပိုင်ဆိုင်တဲ့မြေပေါ်က ကျူးကျော်နေထိုင်သူတွေကိုလည်း ဖယ်ရှားဆောင်ရွက်ပေးနိုင်ဖို့ ဂရန်လျှောက်ထားမှုမှာ တပါတည်းထည့်သွင်း တင်ပြအကူအညီ တောင်းခံခဲ့တာဖြစ်လို့ ဖယ်ရှားပေးဖို့ စောင့်နေတာဖြစ်ပါတယ်။
VOM ။ ။ အန်တီတို့မှာရှိတဲ့ ပိုင်ဆိုင်မှုအထောက်အထားမလုံလောက်လို့လား၊ သက်ဆိုင်ရာ တာဝန်ရှိသူ
တွေက ဘာအကြောင်းပြန်ပါသလဲ။
ဖြေ ။ ။ ကျွန်မတို့အဖေပိုင်ခဲ့တဲ့ မြေဧရိယာတွေဟာ ၁၉၆၉ ခုနှစ်တွင် လန(၃၉) ၃(ခ)ရရှိထားပြီး ဖခင်ဆုံး ပါးပြီးတဲ့နောက် ၁၉၉၆ ခုနှစ် မေလ ၇ ရက်နေ့မှာ ကျန်ရှိသူသားသမီတွေက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာတမ်းကို မန္တလေးမြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှာ တရားဝင် ချုပ်ဆိုဆောင်ရွက်ခဲ့ ကြပါတယ်။
၁၉၉၆ ခုနှစ်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ၊ ၂၀၂၂ ခုနှစ်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ၂၀၂၃ ခုနှစ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ကို တင်ပြဂရန်လျှောက်ထားခဲ့တာမှာ ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့မှာ အဆိုပါဂရန်လျှောက်ထားမှုအတွက် ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။
၂၀၂၅ ခုနှစ်စက်တင်ဘာလမှာ ကြေးမုံသတင်းစာ၊ မန္တလေးနေ့စဉ်သတင်းစာမှာ ကျမတို့ရဲ့ ဂရန် လျှောက်ထားမှုကို ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားတွေ မှတ်ပုံတင်စာချုပ်စာတမ်းတွေ တရားရုံးဒီဂရီတွေနဲ့ (၁၄) ရက်အတွင်း လာရောက်ကန့်ကွက်နိုင်တဲ့အကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ထည့်သွင်း ကြေညာခဲ့ကာ ကန့်ကွက်သူ တစုံ တဦးမှ ပေါ်ပေါက်ခဲ့ခြင်းမရှိတာကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံတော်မှ ချမှတ်ထားတဲ့ ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဂရန်သစ်အတွက် သတ်မှတ်မြေတန်ဖိုး ပေးသွင်းပြီး ဂရန်ထုတ်ယူရရှိခဲ့ပါတယ်။
VOM ။ ။ ဒီမြေကိုဘယ်တုန်းကတည်းက အန်တီတို့ပိုင်လဲ၊ အထောက်အထားတွေရှိရင် ပြောပေး ပြပေးပါ။
ဖြေ ။ ။ အရင်ပြောထားတဲ့အထဲက ကျမတို့အဖေက ၁၉၃၁ ခုနှစ်မှာ ဝယ်ယူပိုင်ဆိုင်ခဲ့ကာ အစဉ်အဆက် ပိုင်ဆိုင်မှုအထောက်အထားတွေကို သတင်းထောက်ကြီးကို ပြပြီးဖြစ်သလို ထည့်သွင်းဖြေဆိုခဲ့တာမို့ အထောက်အထားတွေကိုသာကြည့်ပါရှင်။
VOM ။ ။ အရင်က ဂရန်မရှိခဲ့ရာက ဘာကြောင့် နစက အစိုးရတက်မှ ဂရန်ထုတ်ရတာလဲ။
ဖြေ ။ ။ ကျွန်မတို့ မိသားစုအနေနဲ့ အဲ့ဒီမြေတွေကို ဂရန်ရရှိရေးအတွက် အစိုးရအဆက်ဆက် တင်ပြဆောင်ရွက်ခဲ့ပြီး ဖြစ်သလို ၂၀၂၁ ခုနှစ်မှာ မန္တလေးနေ့စဉ် သတင်းစာပါ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက တရားမဝင် ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှား ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုတဲ့ ကြေညာချက်တွေ့လို့ ၂၀၂၂ ခုနှစ်မှာ ထပ်မံတင်ပြ လျှောက်ထားခဲ့တာမှာ ကျသင့်တဲ့အခွန် သိန်းတသောင်းကျော် ဆောင်ပြီးလို့ အခုလို ပိုင်ဆိုင်မှုဂရန်ရရှိခဲ့တာ ဖြစ်ပါတယ်။
VOM ။ ။ အန်တီတို့ အရင်ကတည်းကပိုင်တယ်ဆိုရင် အခုနေသူတွေ နည်းနည်းပဲရှိနေချိန်ကတည်းက ဘာလို့မတားခဲ့တာလဲ။ တားခဲ့တဲ့အထောက်အထားရှိလား။
ဖြေ ။ ။ ၁၉၈၉ ခုနှစ်မှာ အနောက်တောင်မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နဲ့ ၁၉၉၇ ခုနှစ်မှာ သံလျက်မှော်အနောက်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကိုလည်း တင်ပြခဲ့ပါတယ်။
၁၉၉၈ ခုနှစ်မှာ မြို့တော်ဝန်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ၂၀၁၇ ခုနှစ်မှာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးကိုလည်း ကျမတို့ပိုင်ဆိုင်တဲ့ မြေဧရိယာပေါ်မှာ ကျူးကျော်ဆောက်လုပ်နေထိုင်ကြ တဲ့ နေအိမ်တွေကို ဖယ်ရှားပေးဖို့ အစဉ်အဆက်တင်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၀ ခုနှစ် ရတနာပုံသတင်းစာတွင် ကျမတို့ အမွေဆက်ခံပိုင်ဆိုင်သူတွေရဲ့ လွှဲအပ်ချက်အရ အထက်တန်းရှေ့နေ(၈)ဦးက ဒီမြေကွက်တွေပေါ်မှာ ကျမတို့ရဲ့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်း ခြင်း၊ လှူဒါန်းခြင်းနဲ့ အခြားတစ်နည်းနည်းနဲ့ လွှဲပြောင်းခြင်းတွေ မပြုလုပ်ကြဖို့ အများသိစေရန် သတိပေး ကြေညာမှုပြုလုပ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ မဟာဝိသုဒ္ဓါရုံတိုက်သစ် နိုင်ငံတော်ဩဝါဒစရိယ ရွှေကျင်နိကာယ ဝန်ဆောင်နာယကအကျိုးဆောင်ချုပ် ဝါဆိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဦးအဂ္ဂိယ ကလည်း ကျွန်မတို့မိသားစုရဲ့ နစ်နာမှုအတွက် ခံစားခွင့်ရှိတဲ့ တရားမျှတမှု မြေခံစားခွင့်ရရှိစေချင်ကြောင်း မြို့တော်ဝန်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို အသနားခံတင်ပြပေးခဲ့ပါတယ်။
ကျွန်မတို့ရဲ့ ဖခင်ဖြစ်သူ ဦးညိုရောင် ဟာလည်း လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့ ဗြိတိသျှ ကျူးကျော်ခေတ် မန္တလေး(၂၁)ဦး ပါတီခွဲရေးအဖွဲ့ကြီးမှာ အရာဝင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေး အတွက် မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဖခင်ရဲ့ ဂုဏ်သိက္ခာ၊ အမွေဆက်ခံသူသားသမီးတွေရဲ့ ရိုးသားမှန်ကန်မှုနဲ့ နစ်နာခဲ့တာတွေကို သိရှိစေဖို့အတွက် အခုလို ဖြေကြားရခြင်း ဖြစ်ပါတယ်။
VOM ။ ။ လက်ရှိအဲ့ဒီမြေတွေပေါ်မှာ နေတဲ့သူတွေက ဖယ်မပေးဘူးဆိုရင် ဘာဆက်လုပ်မလဲ။
ဖြေ ။ ။ ကျမတို့ မိသားစုဝင်တွေ လျှောက်ထားတင်ပြမှုအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးမှ မြေပိုင်ရှင်ဖြစ်တဲ့ ကျမတို့မိသားစုကို ခေါ်ယူပြီး အသိပေးတဲ့အတိုင်း မန္တလေးမြို့တော်စည်ပင်ရဲ့ မြေယာဥပဒေ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျမတို့မိသားစုအနေနဲ့လည်း ဥပဒေအတိုင်းဖြစ်မယ်လို့ အစိုးရအပေါ် ယုံကြည်လေးစားလျှက်ပါလို့ ပြောကြားလိုပါတယ်။
