စက်တင်ဘာ ၁ – ၂၀၂၆
SS (VOM)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေ အပါအဝင် ကျေးရွာအများအပြား ရေဝင်ရောက်နေပြီး လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရေကြီးလာတာဖြစ်ကာ ၁၀ ရက်ကြာတဲ့အထိ မြစ်ရေ ကျဆင်းခြင်းမရှိဘဲ ဆက်တိုးနေတာကြောင့် အိမ်ခြေ ၆၆၃၃ လုံးဝန်းကျင် ရေဝင်နေပြီး အိမ်ထောင်စု ၆၆၉၇ စု၊ လူဦးရေ သုံးသောင်းနှစ်ထောင်ဝန်းကျင် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
“ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်တွေကတော့ တော်တော်များများ ရေမြုပ်ကုန်ပြီ။ လှေနဲ့ပဲ သွားလာနေရတယ်။ ကျိုက်မရောမြို့အဝင်ဆို ရေအမြင့်က ခါးစောင်းလောက်ရှိတယ်။ ကမ်းနားဘက်အခြမ်းကတော့ သွားလို့ မရတော့ဘူး၊ လူတရပ် မြုပ်တသွားပြီ။ ဘုရားကုန်း တကုန်းပဲလွတ်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ကျိုက်မရောမြို့ပေါ်ရှိ ရှင်စောပုနဲ့ ရန်မျိုးအောင်ရပ်ကွက်တွေအပြင် ကလိုင်ကနိုင်၊ ကျိုက်ပရန်၊ ကျုံဝမ်း၊ ခရုံ၊ ချောင်းနှစ်ခွ၊ ငပြေမ၊ မယ်ကရို၊ ဦးလေး၊ နိတုံ၊ ကွမ်းငန်၊ အတ္တရံ၊ ပေါလောကုန်း၊ လှာကဇိုင်း၊ ကော့ကလော့၊ ပိန္နဲကုန်း၊ ကော့ဗွီး အစရှိတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှာ ရေကြီးနေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့် ပြည်သူတွေအတွက် မြို့ပေါ်ရှိ ဆိုင်ကလုန်းစင်တာ၊ အမှတ် (၃) ကျောင်းနဲ့ ရသေ့ကျောင်း (ဘုန်းတော်ကြီးကျောင်း) တို့မှာ ရေဘေးရှောင်စခန်း သုံးခု ဖွင့်ထားပြီး ကူညီ ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
မြို့ပေါ်က ကယ်ဆယ်ရေး စခန်းတွေအပြင် ချောင်းနှစ်ခွ၊ ဦးလေး၊ အတ္ထရံ၊ ရေပူစကော့စပ်၊ လှာကဇိုင်း၊ ငပြေမ အစရှိတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်း၊ နေအိမ်တချို့မှာ ယာယီရွှေ့ပြောင်း နေထိုင်ကြသူတွေလည်းရှိပြီး ရေကြီးမှုကြောင့် အခြေခံပညာ စာသင်ကျောင်း ၃၇ ကျောင်းဝန်းကျင်ကိုလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့ကလည်း ကျိုက်မရောမြို့ ကျောက်တောင်တောရကျောင်းမှ သက်တော် ၆၈ နှစ်အရွယ် ရဟန်းတပါး ရေနစ်မြုပ်မှုကြောင့် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ကျိုက်မရောက ဒယ်အိုးလို ဖြစ်နေတယ်။ အပေါ်ကနေ ချောင်းဖျားရေဆိုတာလည်း ရှိတယ်။ ဘုရားသုံးဆူဘက်ကနေ ကျမယ်။ ပြီးရင် သံလွင်မြစ်ရေ ခံနေလို့ရှိရင် ကျွန်တော်တို့ဆီကရေက ဒီတိုင်းပဲ နေမှာပဲ။ အကယ်၍ သံလွင်မြစ်ရေက ကျပြီး၊ ဆွဲချသွားရင်တော့ မြို့ထဲကရေ ကုန်သွားမှာပေါ့။ လက်ရှိ အနေအထားအရကတော့ ရေက တော်တော်နဲ့ မကုန်နိုင်လောက်သေးဘူး။ မိုးကလည်း ကြီးနေတုန်းပဲ” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရေထပ်မံ မြင့်တက်လာပါက ရေဘေးရှောင်ရသူတွေ ထပ်တိုးလာနိုင်ခြေ ရှိနေပြီး လက်ရှိမှာ သက်ဆိုင်ရာ ဌာနတွေ၊ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အလှူရှင်တွေက အစားအစာနဲ့ သောက်သုံးရေတွေကို နေ့စဉ် ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁ ရက်၊ မနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် အများအပြားမှာ ဒီနေ့ မနက်မှ ၅ ရက်နေ့အထိ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေသလို မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုတွေလည်း အားကောင်းနေတယ်လို့ သိရပါတယ်။
ဒါအပြင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်း မြန်မာနိုင်ငံဘက်မှာ မိုးရရှိနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် လာမယ့် ရက်ပိုင်းအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
Photo – CJ
