ဧရာဝတီတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ကိုးယောက်အထိရှိလာ

စက်တင်ဘာ ၁ ၊ ၂၀၂၆
GG (VOM)
ငါးသိုင်းချောင်းမြို့နယ်မှာ ဒီကနေ့စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ရေနစ်သေဆုံးတဲ့ အမျိုးသားနှစ်ယောက်အလောင်းကို တွေ့ရှိခဲ့တာကြောင့် ခုဆိုရင် ဧရာဝတီတိုင်းရေဘေးမှာ ရေနစ်သေဆုံးသူ ကိုးယောက်အထိ ရှိလာပါတယ်။
ဒီကနေ့ တွေ့ရှိရတဲ့ အမျိုးသားရုပ်အလောင်းနှစ်ခုဟာ ဩဂုတ် ၃၀ ရက်နေ့ ညနေပိုင်းက ကြပ်ကွင်းရွာအရှေ့ဘက် စက်လှေတိမ်းမှောက်မှုမှာ ပျောက်ဆုံးနေသူတွေဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် ကိုမှတ်ကြီး နဲ့ သိန်းမင်းအောင်တို့ ဖြစ်ပါတယ်။
လက်ရှိမှာ ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရေကြည်မြို့နယ် ရင်ခွဲရုံကိုပို့ဆောင်ထားပါတယ်။
” မနက် ၇ နာရီ ကျော်လောက်ကတွေ့တယ်။မနေ့က အလောင်းတွေ့တဲ့နေရာမှာပဲတွေ့တာ။စက်လှေကတော့မတွေ့သေးဘူး။စက်လှေမှောက်တာ သုံးယောက်ကို တေယာက္က မနေ့ကတွေတယ်။ နှစ်ယောက်ကဒီနေ့တွေ့တာ။သိန်းမင်းအောင်ကဆိုရင် ရွှေဘိုရပ်ကွက်စာရေးပါ။ ကြပ်ကွင်းရွာကပါ။ ” လို့ ဒေသခံက ပြောပါတယ်။
ဩဂုတ် ၃၁ ရက်နေ့မနက်ပိုင်းက ငါးသိုင်းချောင်း ၊ ကြပ်ကွင်းရွာ အရှေ့ဘက်မှာ ရေနစ်သေဆုံး အသက် ၅၅ နှစ်အရွယ် အမျိုးသားတယောက်အလောင်းကို တွေ့ရှိခဲ့ပါတယ်။
ဩဂုတ် ၂၇ ရက်နေ့ကလည်း ငါးသိုင်းချောင်းမြို့နယ် ၊ရွာသစ်ကုန်းရွာအနီးမှာ စက်လှေတစီးတိမ်းမှောက်ပြီး အသက် ၂၈ နှစ်အရွယ် အမျိုးသား တယောက်သေဆုံးခဲ့သလို ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်ကလည်း ရေနစ်သေဆုံးတဲ့ အမျိုးသားအလောင်းနှစ်ခုတွေ့ရှိခဲ့ပါတယ်။
အလားတူ ၁၉ ရက်နေ့မှာပဲ လေးမျက်နှာမြို့နယ် ၊ ခမောက်စုကျေးရွာ အုပ်စုအပိုင်ထဲက မရမ်းအိုင်ဘက်မှာလည်း ရေနစ်သေဆုံးတဲ့ အသက်ကြီးပိုင်း အမျိုးသားတယောက် နဲ့ အသက် ၁၀ နှစ်အရွယ်ကလေးတယောက်အလောင်းကို တွေ့ရှိခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက်နေ့ကလည်း ဟင်္သာတခရိုင် ၊ တလုတ်ထော်မြို့နယ်ထဲက လဟာပရွာမှာ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
လေးမျက်နှာမြို့နယ်မှာ အရင်ရက်တွေကလည်း ရေကြီးမှုကြောင့် ရေနစ်သေဆုံးသူ နှစ်ယောက်ရှိခဲ့ပြီး ပျောက်ဆုံးသူတချို့လည်းရှိတယ်လို့ သိရပါတယ်။
ခုဆိုရင် ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ ရေကြီးမှုဖြစ်ပွားနေတာဟာ တလဝန်းကျင်အထိရှိလာပြီးနောက် လေးမျက်နာနဲ့ငါးသိုင်းချောင်းမှာ ရေပြန်ကျတယ်ဆိုပေမယ့်လည်း စက်လှေအသုံးပြုသွားလာနေရဆဲဖြစ်ပြီး ရေပြင်ကြီးအတိုင်းရှိနေသေးတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – မဏိစလအသင်း ( အလောင်းတွေဆယ်ယူရရှိပုံ)

Related posts

Leave a Comment

VOM News

FREE
VIEW