စက်တင်ဘာ ၆ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ထဲက ကျေးရွာပေါင်း ၃၀ လောက်မှာ ရေနစ်မြုပ်နေပြီး အကူအညီရောက်ရှိမှု အလွန်နည်းတာကြောင့် ငှက်ပျောသီးနဲ့ ဆန်ကွဲကို စားရတဲ့အထိ ခက်ခဲနေတယ်လို့ သိရပါတယ်။
ကံစုကျေးရွာ ၊ ထော်တိကျေးရွာ၊ ရေတိမ်ကျေးရွာ ၊ ကွမ်းဘောဇရပ်ဆိပ်ရွာ ၊ မအူချောင်းကျေးရွာ ၊အုန်းပင်စု ၊ရွှေကြို့ကုန်း၊အင်းရဲကြီးရွာ၊သဘော့ရိုးရွာ ၊ညောင်ကုန်းရွာ၊သုံးအိမ်တန်းရွာ၊ပက်ပက်အင်းရွာ ၊ဆင်ကူးရွာ ၊ဆားကျက်ကုန်းရွာတွေအပါအဝင် ရွာပေါင်း ၃၀ လောက်က ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ဒုက္ခရောက်နေတာ ဖြစ်ပါတယ်။
အဲဒီရွာတွေအတွက် ချက်ပြုတ်စားသောက်ဖို့ ဆန် ၊ ဆီ အပါအဝင် ရိက္ခာခြောက်တွေ ၊ အသင့်စားနိုင်တဲ့ ငါးသေတ္တာဗူးမျိုးတွေ ၊ ဆေးဝါး ၊ အသုံးအဆောင်ပစ္စည်းနဲ့ ရေသန့်အပါအဝင် အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။
” ရက်ရှည်ဖြစ်နေတော့ ဆန်လာလှူရင် ဆန်ကွဲ နဲ့ရောစားကြတယ်။တချို့ဆို ငှက်ပျောသီးတွေပဲစားရတာရှိတယ်။အခြေအနေတော်တော်ဆိုးပါတယ်။ဒေသခံတွေကလည်း.မပြောတတ်ကြဘူး။အိမ်တွေက အခုထိ မြုပ်နေတုန်းပဲ။ အလှူရှင်တွေက သိပ်မရောက်ဘူး ။အခုအကူအညီလှမ်းတောင်းလို့ ကျွန်တော်တို့က လှူနေတယ်။ အဲဒီရွာတွေက ကျုံပျော်မြို့နဲ့ဆိုရင် နည်းနည်းလှမ်းတယ် လမ်းပန်းဆက်သွယ်ရေးက နည်းနည်းတော့ ဝေးတယ်။ ဆန်တပြည်နှစ်ပြည်၊ဆီတဗူးပါရင်ကိုသူတို့မှာပျော်နေတာ ။ ရွာက အခု ၁၄ ရွာလောက်ပဲလုပ်နိုက်သေးတယ်။အကူအညီလိုတာဆိုရင် ရွာပေါင်း ၃၀ လောက်ရှိတယ် ။ လူသောင်းချီရှိတယ်။ အကူအညီအကုန်လိုအပ်နေတာ။ ရေတွေကလည်း စိမ်းသွားတယ် ။ ရေသောက်ဖို့မိုးရေခံသောက်ရတယ်။မိုးမရွာရင် ဒုက္ခရောက်တယ်။ကျွန်တော်တို့အခုလိုက်လှူနေတယ်။ တပတ်တကြိမ်လောက်တော့ဝေဖို့လုပ်ထားတယ်။” လို့ မြေပြင်ကူညီထောက်ပံ့ရေး လုပ်နေတဲ့ ထီးထာကလုန်းကရင်လူငယ်များပရဟိတဖောင်ဒေးရှင်းက တာဝန်ရှိသူ ကိုစအိုင်ထီခန့်က ပြောပါတယ် ။
လက်ရှိမှာ ရေကတပေလောက်ကျသွားပြီး ရေငြိမ်နေပေမယ့် အိမ်တွေက နစ်မြုပ်နေဆဲ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာ နဲ့ ဆေးဝါး စတဲ့ အကူအညီတွေလိုအပ်နေတာဖြစ်ကြောင်း ၊ ရေဘေးသင့်သူတွေအနေနဲ့ ဘုရားကျောင်းတွေ ၊ဘုန်းကြီးကျောင်းနဲ့ နေထိုင်လို့ရသေးတဲ့ နေအိမ်တွေ ၊ ကုန်းမြင့်ပေါ်မှာ စုပေါင်းနေထိုင် နေကြပါတယ်။
အခု အကူညီလိုအပ်နေတဲ့ ကျေးရွာဘက်မှာ အိမ်ခြေ ၄၀၀၀ နီးပါးလောက်ရှိပြီး လူဦးရေက သောင်းနဲ့ချီရှိကြောင်း ၊ ရေနစ်မြုပ်နေတာကြောင့် အလုပ်အကိုင်လည်း လုပ်ဖို့မရှိတဲ့အတွက် ရက်ရှည်ကာလစားသောက်ဖို့ အကူအညီအများအပြားလိုအပ်နေတာ ဖြစ်ပါတယ်။
” ရေက ကျတယ်ဆိုပေမယ့် အိမ်တွေက နေမရသေးဘူး မြုပ်နေဆဲပဲဆိုတော့ အိမ်ပြန်လို့လည်းမရဘူး။ အလုပ်က လယ်ယာနဲ့ လက်လုပ်လက်စားသမားကများတယ်။ အခုရေနစ်တော့ အလုပ်က လုပ်စရာမရှိ၊ တနေရာနဲ့တနေရာသွားဖို့တောင်မလွယ်ဘူး။ စားဖို့အခက်အခဲဖြစ်နေတာပေါ့။ အကူညီတွေကလည်း နေရာတိုင်းရောက်ဖို့က ဒေသခံနဲ့ ချိတ်ဆက်မိမှ ရောက်တာလေ။ ” လို့ ဒေသခံက ပြောပါတယ် ။
ကျုံပျော်မြို့နယ်တွေမှာ ဩဂုတ်လ ၁၀ ရက်လောက်ကတည်းကစပြီး အခုစက်တင်ဘာလအထိ ရေကြီးမှုဒဏ်ကို ခံစားနေရတာဖြစ်ကြောင်း ၊ ရေကြီးရတဲ့ အဓိကအကြောင်းအရင်းကတော့ လေးမျက်နှာ ငဝန်မြစ်တာကျိုးပေါက်မှုကြောင့်ပါသလို မိုးရွာသွန်းမှုကြောင့်လည်း ပါတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျုံပျော်မြို့နယ်ထဲက စပါးစိုက်ခင်းတွေ ၊ ငှက်ပျောစိုက်ခင်းတွေ ၊ ကလောစိုက်ခင်းတွေ အပါအဝင် သီးနှံ စိုက်ခင်းတွေ ရေနစ်မြုပ်ပျက်စီးသွားပြီလို့ သိရပါတယ် ။
ဓာတ်ပုံ – စအိုင်ထီခန့်
