စက်တင်ဘာ ၅-၂၀၂၆
CM(VOM)
ရှမ်းမြောက်၊ တန့်ယန်းမြို့မှာ ညလုံးပေါက်မိုးရွာတာကြောင့် နမ့်ဟောင်ချောင်းရေလျှံပြီးရေချောင်းအနီးက ရပ်ကွက်တွေမှာ ရေကြီးရေလျှံဖြစ်ပေါ်နေပါတယ်။
“အခုလိုရေမကြီးတာလေးငါးနှစ်ရှိပြီ။ဒီနှစ်ကျမှဘယ်လိုဖြစ်တယ်မသိဘူး။ချက်ချင်းကြီးထိုးတက်လာတာများအိမ်တောင်မြုပ်တော့မလားပဲ”လို့ရပ်ကွက်(၁၀)မှာနေထိုင်သူကပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ အမြင့်ဆုံးဖြစ်တဲ့လွယ်လိန်းတောင်ခြေကနေ ဖြစ်တည်လာတဲ့နမ့်ဟောင်ချောင်းဟာတန့်ယန်းမြို့ရပ်ကွက်(၁)၊(၆)(၃)(၈)(၉)နဲ့ရပ်ကွက်(၁၀)တို့ကိုဖြတ်သန်းစီးဆင်းနေတာဖြစ်ပြီးအခုလိုမိုးကြီးပြီးချောင်းရေလျှံတဲ့အခါချောင်းအနီးမှာနေထိုင်သူတွေ ရေဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတာဖြစ်တယ်။
“ရေကမနက်စောစောကနေစကြီးတာပဲ၊အဆိုးဆုံးကရပ်ကွက်(၁၀)ချောင်းဘေးကပ်လျက်ကအိမ်တွေပဲ။ကလေးတွေနဲ့လူကြီးရွယ်အိုတွေရှိတဲ့အိမ် ငါးခြောက်အိမ်လောက်ကိုတော့ကျွန်တော်တို့အဖွဲ့ကရွှေ့ပြောင်းပေးခဲ့ပြီးပါပြီ။ရေဆက်တက်လာရင်ထမင်းထုပ်တွေပါဝေဖို့စောင့်ကြည့်ပေးနေပါတယ်”လို့ မွတ်စလင်သာရေးနာရေးအသင်းကအဖွဲ့ဝင်တယောက်ကပြောပါတယ်။
တန့်ယန်းမြို့ဟာ ပင်လယ်ရေမျက်နှာပြင်(၃၁၁၆)ပေအမြင့်ရှိပြီးမြို့အနေအထားကဒယ်အိုးပုံစံဖြစ်နေပါတယ်။တောင်တွေပတ်လည်ဝန်းရံထားလို့မိုးကြီးလာတဲ့အခါတောင်ကျရေတွေကနေတဆင့် ရေကြီးရေလျှံမှုတွေမကြာခဏဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။
