စက်တင်ဘာ ၆ – ၂၀၂၆
SS (VOM)
ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ မကွေးတိုင်းအတွင်းက မင်းဘူးမြို့နယ်မှာ မနေ့ စက်တင်ဘာ ၅ ရက်က လက်နက်ကြီး၊ ဒရုန်း ကျရောက်မှုကြောင့် ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။
မနေ့ည ၉ နာရီခွဲဝန်းကျင်က ဖြူးမြို့နယ် (အရှေ့ဘက်) ရှိ ဘုတ်စုခင်ကျေးရွာမှာ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဒရုန်းနဲ့ အရင်တိုက်ခိုက်ပြီးမှ လက်နက်ကြီးပစ်ခံရတာ။ လေးယောက်လုံး နေရာမှာတင် သေဆုံးတယ်။ ဒဏ်ရာရ လေးယောက်ရှိတယ်။ နှစ်ယောက်က အနီရောင်အဆင့်ဖြစ်တယ်။ နေအိမ် နှစ်လုံးလည်း ပျက်စီးသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ စက်တင်ဘာ ၅ ရက်မှာပဲ မင်းဘူး (စကု) မြို့နယ်မှာ မုတ္တောကြီးကျေးရွာအတွင်း မနက် ၆ နာရီခွဲဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးကာ တယောက် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူက ပြောပါတယ်။
“ပစ်ခတ်မှုလည်းဖြစ်ရော ဒေသခံတွေ ရွာထဲမနေရဲတော့ဘဲ မန်းချောင်းဘက်အထိ တိမ်းရှောင်ကြတာရှိတယ်။ မင်းဘူးခရိုင် တပ်ရင်း (၆) ရှိတဲ့ဘက်မှာ ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
ဒါအပြင် မကွေးတိုင်းအတွင်း ဆိပ်ဖြူမြို့နယ်၊ ဆူးပုတ်ကုန်းကျေးရွာမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ဒရုန်းကျရောက်မှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စက်တင်ဘာ ၄ ရက်နေ့မှာပဲ ပခုက္ကူမြို့နယ်ထဲက ပေါက်တောနဲ့ အိုင်ကြီးကျေးရွာမှာ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခံရမှုကြောင့် လေးယောက် သေဆုံးပြီး လေးယောက်ထက်မနည်း ဒဏ်ရာရကာ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ထိန်ကန်ကျေးရွာနဲ့ တမာချောင်းကျေးရွာမှာ ဒရုန်းကျရောက်မှု ဖြစ်ခဲ့ပြီး တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
