တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းကို မန္တလေးမှာ ဖမ်းဆီးရမိ

မန္တလေး၊ စက်တင်ဘာ – ၇- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း၈၀၊ ၃၉၄၀ လမ်း ကြားက နေအိမ်တစ်ခုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ဆောင်နေတဲ့ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းကို စက်တင်ဘာ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာ မဟာအောင်မြေမြို့နယ်၊ လမ်း၈၀၊ ၃၉၄၀ လမ်း ကြားက နေအိမ်တစ်ခုကို အွန်လိုင်းငွေလိမ်လည်မှု လုပ်ဆောင်နေတဲ့ သတင်းအရ မဟာအောင်မြေမြို့နယ်ရဲတပ် ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့တာမှာ တရုတ်နိုင်ငံသား ၂ ယောက်၊ မလေးရှားနိုင်ငံသား ၁ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ပါဝင်တဲ့အဖွဲ့ကို ဖုန်းအလုံးရေ ၈၀ ဝန်းကျင်၊ Desktopကွန်ပြုတာ ၂၈လုံး၊ Laptop တွေအပါ အဝင် Wifi လွှင့်တဲ့စက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီနောက် ဖမ်းဆီးရမိတဲ့ တရားခံတွေရဲ့ ထွက်ဆိုချက်အရ မဟာအောင်မြေမြို့နယ် ၆၈ လမ်းနဲ့ ၁၀၁ လမ်းအနီးက ကျောက်မျက်ရောင်း၀ယ်ရေးလုပ်ငန်းတခုမှာ ဆက်လက်ရှာဖွေခဲ့တာမှာ နောက်ထပ် တရားခံ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ထွက်ဆိုချက်အရ ၄၂ လမ်းနဲ့ ၆၆ လမ်း အနီးကဟိုတယ်တခုကို ထပ်မံရှာဖွေခဲ့တာမှာ ဖုန်းအလုံးရေ ၄၉၈ လုံး၊ ကွန်ပြူတာအပါအ၀င်ဆက်စပ်ပစ္စည်းမျိုးစုံ၊ ကျောက်စိမ်းပုတီး၊ လက်ကောက်၊ လက်ပတ်၊ ဦးတီပွားရုပ်တွေနဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်စိမ်းဘယက်တွေနဲ့ လက်၀တ်ရတနာတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို မဟာအောင်မြေမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)/၃၈၊အပြင် မူးယဈဆေးဝါးနဲ့ တွေ့ရှိခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း မူး/စိတ်/ပုဒ်မ ၁၆(ခ)၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ အသီးသီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Related posts

VOM News

FREE
VIEW