စက်တင်ဘာ ၇ ၊ ၂၀၂၆
GG (VOM)
နေပြည်တော်က ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူအမျိုးသားကို သတ်ပြီး ကားကိုလုယက်ကာ အလောင်းကို အမြန်လမ်းမှာစွန့်ပစ်မှု မနေ့က စက်တင်ဘာ ၆ ရက်နေ့ ဖြစ်ပွားခဲ့ပြီး တရားခံကို ညတွင်းချင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အသတ်ခံရသူဟာ ဇဗ္ဗူသီရိမြို့နယ် ၊ သုခတော်ဝင်အိမ်ရာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပြီး အလောင်းကို မနေ့ကညနေ ၅ နာရီခွဲလောက်က အမြန်လမ်း ၂၇၉ မိုင် ၁ ဖာလုံမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
” သေနတ်နဲ့ပစ်သတ်သွားတာ။ တရားခံကို ညကဖမ်းမိတယ်။ အသေးစိတ်တော့ နေ့လယ်လောက်မှသိရမယ်။အလောင်းကို နေပြည်တော်ကနေ မန္တလေးဘက်အသွား အမြန်လမ်းဘေးနဲ့ ပေ ၃၀၀ ကျော်လောက်မှာ ပက်လက်အနေနဲ့ တွေ့ရတာ။မျက်လုံးဖူးယောင်နဲ့ ခေါင်းပေါက်ပြဲဒဏ်ရာလည်းတွေ့ရတယ်။” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ် ။
အလောင်းကို ညနေ ၅ နာရီခွဲလောက်မှာ နွားကျောင်းသားတယောက်က တွေ့ရှိပြီး ရာအိမ်မှူးမှတဆင့် စခန်းမှူးကို အကြောင်းခဲ့တာဖြစ်ကြောင်း ၊အလောင်းကိုတော့ မိတ္ထီလာဆေးရုံပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။
” ညနေ ၄ နာရီခွဲလောက်မှာ မိဘတွေက သေဆုံးသူရဲ့ဖုန်းကိုဆက်တော့ သူစိမ်းအမျိုးသားတယောက်က ကိုင်ပြီး ကားဆရာအပြင်သွားလို့ ဖုန်းကိုင်ကြောင်း ၊ မိတ္ထီလာရောက်နေကြောင်းပြောပြီး ဖုန်းကိုစက်ပိတ်လိုက်တယ်။ အဲဒါနဲ့ မိဘတွေက စိတ်ပူပြီး ရဲစခန်းကို ဆက်သွယ် အကူအညီတောင်းတာ။ သိပ်မကြာဘူး အမြန်လမ်းမှာ အလောင်းတွေ့တယ်သတင်းရလို့ သွားပြီး စစ်ဆေး ပုံကိုပို့ပြလိုက်တာ သူတို့သားဖြစ်နေတယ်။ ” လို့ ဆက်ပြောပါတယ်။
လူသတ်ပြီး ကားလုယက်မှုကျူးလွန်သူ အမျိုးသားကိုတော့ မနေ့က ညပိုင်းမှာပဲ နေပြည်တော်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိမှာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ် သိရပါတယ်။
ဧပြီ ၂၁ ရက်နေ့ ကလည်း ရှမ်းမြောက် ၊ လားရှိုးမြို့ ၊ ဗျူဟာလမ်း ၊ ဝ ရပ်ကွက်၊ ပန်ဝိုင်လမ်းထဲမှာ ကားဝယ်ရောင်းလုပ်တဲ့ ကိုဆန်းအောင်ကို သေနတ်နဲ့ ပစ်သတ်ပြီး ကားလုယက်မှု ဖြစ်ပွားခဲ့ပါတယ် ။
ဇူလိုင် ၁ ရက်ကလည်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆)က အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ် Taxi သမားဦးအောင်ဟိန်းဦး သတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပါတယ် ။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကလည်း ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီး အမှတ် (၃) လမ်းမပေါ်မှာ တက္ကစီယာဥ်မောင်းတယောက် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာ ၆ ရက်ကလည်း ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃) ရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းအနောက်မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် တက္ကစီယာဥ်မောင်း ဦးစံသိန်းဆိုသူကိုလည်း သတ်ဖြတ်ပြီး ကားလုယက်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိ ခဲ့ တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်မှာ အသက် ၆၄ နှစ်အရွယ် တက္ကစီ ယာဉ်မောင်းဖြစ်သူကို ချွန်ထက်တဲ့အရာနဲ့ တိုက်ခိုက်ပြီး တက္ကစီ၊ ဖုန်းနဲ့ ငွေကြေး စတာတွေ အကုန်လုံး လုယက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ဒါအပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်းတယောက် အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ခုနောက်ပိုင်းမှာ ရန်ကုန်အပါအဝင် တိုင်း နဲ့ပြည်နယ်အများစုမှာ အခုလို ကား နဲ့ ဆိုင်ကယ်တွေ လုယက်ပြီး ယာဥ်မောင်းတွေကိုသတ်ဖြတ် မှု မကြာခဏ ဖြစ်ပွားမှုရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ ( အသတ်ခံရသူ)
