ထိုင်းကို တရားမဝင် သွားတဲ့ မြန်မာ ၄၂ ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၁၂ – ၂၀၂၆
SN (VOM)
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအုပ်စု၊ နယ်မြေ (၈) မှာ စက်တင်ဘာ ၁၂ ရက်၊ မနက် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄၂ ယောက် ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နောင်လူကျေးရွာအုပ်စု၊ နယ်မြေ (၈) ရပ်ကွက်ရှိ ကျွဲကောသီးခြံ အနောက်ဘက်မှာ သံသယဖြစ်ဖွယ် လူအုပ်စုကို တွေ့မြင်ရတာကြောင့် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလို စစ်ဆေးရာမှာ တရားဝင်အထောက်အထား တစုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ မြန်မာအမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၂၁ ယောက်တို့ကို တွေ့ရှိ ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူနိုင်ဖို့ စံခလဘူရီမြို့နယ် ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
“သိရတာတော့ မြန်မာလုပ်သားတွေကို အဖွဲ့လိုက် ခေါ်ဆောင်လာတယ်ဆိုပြီး သတင်းပေးတဲ့သူရှိလို့ နယ်စပ်မှာ စောင့်ဖမ်းတာလို့ သိရတယ်။ ဒီဖြစ်စဉ်မှာ ထူးခြားတာက သူတို့ကို ဦးဆောင်ပြီး ခေါ်လာတဲ့ကောင်လေးက ၁၉ နှစ်ပဲ ရှိသေးတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
နောက်ပိုင်းမှာ အခုလို တရားမဝင် လမ်းကြောင်းကနေ ထိုင်းနိုင်ငံကို လာရောက်ကြမယ့်သူတွေအနေနဲ့ ပွဲစားတွေရဲ့ စကားတွေကို လွယ်လင့်တကူ မယုံမိကြဖို့လိုပြီး လုံခြုံရေးအခြေအနေကို အဖက်ဖက်ကနေ လေ့လာ စုံစမ်းစေလိုတယ်လို့ သူက ပြောပါတယ်။
“လုံခြုံရေးနဲ့ ဥပဒေ အခြေအနေတွေကို မစုံစမ်းဘဲ လာကြရင်တော့ ဒီလို ဖမ်းဆီးခံရတာတွေ ဆက်ရှိနေဦးမှာပါပဲ။ အခုဖြစ်စဉ်မှာ ၁၉ နှစ်အရွယ် တယောက်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်လာကြတယ်ဆိုတာက ဘေးအန္တရာယ် ဆိုးကျိုးတွေ ပိုများနိုင်တယ်ဆိုတာကို မစဉ်းစားမိကြတာလားပေါ့။ အခု ထိုင်းနိုင်ငံရဲ့ အခြေအနေက အရင်လိုမဟုတ်ဘူး။ အစစအရာရာ လုံခြုံရေး တင်းကြပ်ထားတဲ့ ကာလဖြစ်တယ် ဆိုတာကို သတိပြုသင့်တယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ဥထိုင်းဌာနီခရိုင်၊ နှောင်ဆောင်းမြို့နယ်မှာ တရားမဝင် မြန်မာနိုင်ငံသား ၁၂ ‌ယောက်ကို ဖမ်းဆီးခဲ့သလို စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်မှာ အထောက်အထားမဲ့ မြန်မာလုပ်သား ကိုးယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်၊ ထောင်းဖာဖွန်မြို့နယ်၊ ချလယ်ကျေးရွာ၊ အမှတ် (၂) ရပ်ကွက်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ကိုးယောက် ဖမ်းဆီးခံရသလို စက်တင်ဘာ ၅ ရက်နေ့ကလည်း ကန်ချနဘူရီ – စုဖန်ဘူရီ အဝေးပြေးလမ်းမကြီးပေါ်မှာ တရားမဝင် မြန်မာလုပ်သား ၁၇ ယောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်၊ စိုင်းယို့မြို့နယ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ခြောက်ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီနေ့ တရက်တည်းမှာပဲ ကန်ချနဘူရီခရိုင်၊ သာမခန်မြို့နယ် စစ်ဆေးရေးဂိတ်တခုမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ကိုးယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါအပြင် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအုပ်စုမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၃ ယောက်ကို ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

VOM News

FREE
VIEW