ရန်ကုန် လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းပြီး ကလေးတယောက် ရေမြောင်းထဲမျောပါသွား ၊ ကားတစီးသစ်ပင်ပိလို့ ယာဥ်မောင်း ဒဏ်ရာရ

စက်တင်ဘာ ၁၃၊ ၂၀၂၆
GG (VOM)
ရန်ကုန်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုထက်မနည်းမှာ သစ်ပင်တွေလဲကျပြီး ထိခိုက်ဒဏ်ရာရသူရှိသလို ကလေးတယောက်လည်း ရေမြောင်းထဲမျောပါ ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ ၊ ညနေ ၅ နာရီကျော်လောက်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ဖို့မြေရပ်ကွက်မှာ ရေမြောင်းထဲကို ဘောလုံးဆင်းကောက်ရာကနေ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ရေစီးနဲ့မျောပါ ပျောက်သွားတာလို့ သိရပါတယ်။
“ရေမြောင်းထဲ ဘောလုံးကျသွားတာကို လိုက်ယူရင်း ပျောက်သွားတာလို့ သိရတယ်။ မတွေ့သေးဘူး ။ခုထိ မီးတွေထွန်းပြီး ရှာနေကြတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ အဖြူရောင်ကမ်းလက် လူမှုကူညီရေး အသင်း၊ မီးသတ်တပ်ဖွဲ့နဲ့အတူ လူမှုကူညီရေး အသင်းတွေ ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် အလုံမြို့နယ် ၊ ကြည့်မြင်တိုင် ၊ စမ်းချောင်း ၊ ကမာရွတ် နဲ့ ရန်ကင်းမြို့နယ်တွေမှာ နေအိမ် ၊ လမ်းမ နဲ့ ကားတွေပေါ်ကို သစ်ပင်ကြီးတွေ လဲကျခဲ့ပါတယ်။
အဲဒီထဲကမှ ညနေ ၃ နာရီလောက် ၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်ဇေယျလမ်းထိပ်မှာ ဖြစ်ပွားခဲ့တဲ့ ကားပေါ်ကို သစ်ပင်လဲကျမှုမှာ ယာဥ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဆေးရုံမှာ အရေးပေါ်ကုသနေရတယ်လို့ သိရပါတယ်။
” အဖေနဲ့အမေကို လိုက်ပို့ပြီး ပြန်လာချိန်မှာ ဖြစ်သွားတာပါ။ အခုကားသမားဦးလေးကြီးက ဆေးရုံ အရေးပေါ်မှာ ။ အခြေအနေမသိရသေးဘူး။ ” လို့ ကားပိုင်ရှင်ရဲ့မိသားစုဝင်က လူမှုကွန်ယက်ကနေ ပြောထားပါတယ် ။
ရန်ကုန်မှာ မိုးသည်းထန်စွာရွာလို့ အနိမ့်ပိုင်းနေရာနဲ့ လမ်းမတွေပေါ် ရေကြီးမှုဖြစ်ခဲ့သလို လေပြင်းတိုက် သစ်ပင်လဲမှုကြောင့်လည်း လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက်ကလည်း ရန်ကုန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်တချို့ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး တာမွေမြို့နယ် ၊ ၁၅၄ လမ်းမှာ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ရေမြောင်းထဲ ပြုတ်ကျကာ ရေစီးနဲ့မျောပါပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဓာတ်ပုံ – အဖြူရောင်ကမ်းလက်အသင်း /မီးသတ်တပ်ဖွဲ့

Related posts

VOM News

FREE
VIEW