စက်တင်ဘာ ၁၄ ၊ ၂၀၂၆
TG(VOM)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေမှာ အခြေစိုက်လှုပ်ရှားတဲ့ ချင်းညီနောင်အဖွဲ့ဝင် PDF Zoland အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဥ်းစခန်းကနေ အကျဥ်းသား ၈၀ ဝန်းကျင်လောက် လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာ အကျဥ်းစခန်းစောင့်တာဝန်ကျသူတွေကို ရိုက်နှက်ပြီး လက်နက် နဲ့ ကျည်ဆံတွေယူကာ ထွက်ပြေးသွားတာဖြစ်ကြောင်း ဒီကနေ့မနက်ပိုင်းအထိ ပြန်လည်ဖမ်းမိတာ မရှိသေးဘူးလို့ သိရပါတယ် ။
” သိရတာတော့ ခုထွက်ပြေးသွားတဲ့အထဲက အကျဥ်းသားနှစ်ယောက်က ရေချိုးချင်တယ်ပြောတာကို တာဝန်ကျအစောင့်က လွှတ်ပေးတာမှာ အစောင့်တွေကို ရိုက်နှက်ပြီး ကျန်တဲ့ အကျဥ်းသားတွေကိုပါ လွှတ်ပေးလိုက်တာ။ အခုထွက်ပြေးတဲ့အထဲမှာ ဗိုလ်မှူးတွေလည်းပါတယ် ပြောတယ်။ ပြန်မမိသေးဘူးသိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေကို PDF Zoland တပ်ဖွဲ့အပါအဝင် ပူးပေါင်းတပ်တွေက လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
အကျဥ်းစခန်းကနေ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေဟာ တီးတိန်တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ အစိုးရတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ် ။
အခုလက်ရှိမှာ တွန်းဇံနဲ့ တီးတိန်မြို့ပေါ်ကို အစိုးရတပ်က ထိန်းချုပ်ထားတာဖြစ်လို့ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း အကျဥ်းသားတွေဟာ အနီးစပ်ဆုံးမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ ပူးပေါင်းသွားနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
PDF Zoland အဖွဲ့အပါအဝင် ချင်းညီနောင်အဖွဲ့ဘက်ကတော့ အကျဥ်းသားတွေ ထွက်ပြေးမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဇူလိုင် ၁ ရက်နေ့ ကလည်း ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့ ၊ KNU နယ်မြေ ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆) အတွင်းရှိ အကျဥ်းထောင်ကနေ အကျဥ်းသား ခြောက်ယောက်က လက်နက်ယူပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့ကာ တချို့ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ကယားပြည်နယ်ထဲက ထိုင်း- မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မယ်စဲ့မြို့နယ်မှာလည်း ဇန်နဝါရီ ၁၈ ရက်နေ့က မယ်စဲ့အကျဥ်းထောင်ကနေ အကျဥ်းသား ၈၀ ကျော်လက်နက်တွေ နဲ့အတူ ထွက်ပြေးမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – ကယားပြည်နယ်ထဲက လက်နက်ကိုင်အဖွဲ့တွေထိန်းသိမ်းထားတဲ့ အကျဥ်းစခန်းက အကျဥ်းသားများ (ပုံဟောင်း)
