စက်တင်ဘာ ၁၄ – ၂၀၂၆
SS (VOM)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှာ အလုပ်နိုင်ငံကူးလက်မှတ် (PJ) သက်တမ်းတိုး လိမ်လည် လျှောက်ထားမှုတွေ ရှိနေပြီး ထပ်မံ စိစစ်တွေ့ရှိပါက ရက်ချိန်းလျှောက်ထားမှုကို ထည့်သွင်း စဉ်းစားမှာမဟုတ်သလို လျှောက်ထားတဲ့ ဖုန်းနံပါတ်တွေကိုလည်း Block သွားမယ်လို့ သံရုံးက ဒီကနေ့ စက်တင်ဘာ ၁၄ ရက်မှာ အသိပေး ကြေညာထားပါတယ်။
သံရုံးရဲ့ WhatsApp နဲ့ အီးမေးလ်တို့ကို လိုအပ်တဲ့ အချက်အလက်တွေကို ပေးပို့ ရက်ချိန်းယူသူတွေအနက် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်တွေအတွက် Work Permit နဲ့ Special Pass နီးကပ်သူတွေကို သံရုံးက စိစစ်ရွေးထုတ်၊ ရက်ချိန်းပေးကာ သက်တမ်းတိုးကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း WhatsApp ကို ပေးပို့ ရက်ချိန်းယူသူ တချို့အနေနဲ့ WhatsApp နဲ့ အီးမေးလ်တို့ကို အချက်အလက်တွေ ထပ်ခါထပ်ခါ ပေးပို့ခြင်း၊ ဖုန်းနံပါတ်အမျိုးမျိုးနဲ့ ပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ Voice Message တွေ ပေးပို့ခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနဲ့ သက်ဆိုင်မှုမရှိတဲ့ ကိစ္စရပ်တွေ ပေးပို့ခြင်းတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ကုန်ဆုံးရက်တွေကို လိမ်လည် လျှောက်ထားခြင်းနဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးတယ်လို့ ဆိုကာ လိမ်လည် လျှောက်ထားခြင်းတွေကိုလည်း တွေ့ရှိနေရတဲ့အတွက် စိစစ်ရွေးချယ်ရာမှာ နှောင့်နှေး ကြန့်ကြာမှုတွေ များစွာ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
“သံရုံးက ကြေညာထားတာတော့ စိစစ်ပြီး ပထမအကြိမ်မှာ ရက်ချိန်းရွှေ့မယ်။ နောက်တကြိမ်မှာ လျှောက်ထားမှုကို ထည့်မစဉ်းစားဘူး၊ ဖုန်းနံပါတ်ကိုပါ Block မယ်ပေါ့။ ကျွန်တော်တို့ ဒီဘက်မှာလည်း ဘယ်လိုခက်ခဲလဲဆို ကိုယ်ပို့လိုက်တဲ့ မေးလ်တွေ သူတို့ တွေ့ရဲ့လား၊ သူတို့ဆီ ရောက်ရဲ့လားဆိုတာ သေချာမသိရတာ။ သံရုံးက အကြောင်းလည်းမပြန်၊ စာလည်းမကြည့်၊ ဒီဘက်မှာလည်း ပါမစ်ကပ်ဖို့က နီးနေပြီဆိုတော့ စိတ်ပူပြီး အခါခါ ပို့ဖြစ်သွားတာ။ သံရုံးကသာ သူတို့လုပ်ရမယ့်အလုပ်ကို ပုံမှန်အတိုင်း လုပ်နေမယ်ဆိုရင် ဒီလိုပြဿနာတွေ ရှိလာစရာအကြောင်း မရှိဘူး” လို့ မလေးရှားရောက် မြန်မာတယောက်က ပြောပါတယ်။
သံရုံးရဲ့ ကြေညာချက်မှာတော့ ရက်ချိန်း ရယူသူတွေအနေနဲ့ Work Permit ရက်ချိန်း နီးကပ်နေသူတွေရဲ့ သက်တမ်းတိုး လျှောက်ထားမှုတွေကို နားလည် စာနာတဲ့အနေနဲ့ Work Permit သက်တမ်းမကုန်မီ သုံးလ အလိုမှသာ သံရုံးရဲ့ WhatsApp ကို ပေးပို့ လျှောက်ထားကြဖို့ အသိပေးထားပါတယ်။
ဒါအပြင် အီးမေးလ်ကို ပေးပို့ လျှောက်ထားရာမှာလည်း သက်ဆိုင်ရာ ကုမ္ပဏီတွေကနေ Group လိုက်သာ လျှောက်ထားကြဖို့နဲ့ သံရုံးအီးမေးလ်ကို တယောက်ချင်းစီ ပေးပို့ လျှောက်ထားမှုတွေကိုလည်း ထည့်သွင်း စဉ်းစားပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ကိုယ့်ပါမစ်နဲ့ကိုယ်နေတဲ့ အေးဂျင့်ပါမစ်သမားဆိုရင် ဘယ် group နဲ့ သွားလျှောက်ရမှာလဲ။ သတ်မှတ်ချက်တွေက တော်တော်များတာ။ တလကို နှစ်ခါလောက် ကြေညာချက်တွေ ထုတ်နေတယ်။ ဖုန်းဆက် မေးတော့လည်း အဆင်မပြေဘူး။ လွယ်နေတာကို ခက်အောင်လုပ်ပြီး ပွဲစားနဲ့ ပေါင်းစားနေကြတာ” လို့ နောက်ထပ် ရွှေ့ပြောင်းလုပ်သားတယောက်က ပြောပါတယ်။
လက်ရှိ မလေးရှားနိုင်ငံမှာ တရားဝင် ဗီဇာ၊ အလုပ်ပါမစ်နဲ့ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား နှစ်သိန်းနီးပါး ရှိနေတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါအပြင် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ မလေးရှားနိုင်ငံမှာ အထောက်အထား မပြည့်စုံသူ၊ ဗီဇာသက်တမ်း ကုန်ဆုံးသွားသူ မြန်မာလုပ်သား အရေအတွက် စုစုပေါင်း သုံးသိန်းဝန်းကျင် ရှိနိုင်တယ်လို့ သိရပါတယ်။
Photo – CJ
