မအူပင်မှာ အသက် ၁၁ နှစ်အရွယ် G5 ကျောင်းသူကိုသတ်ပြီး နားကပ်ယူကာ အလောင်းကို လယ်ထဲစွန့်ပစ်မှုဖြစ်

စက်တင်ဘာ ၁၄ ၊၂၀၂၆
GG (VOM)
​ဧရာဝတီတိုင်း၊မအူပင်မြို့နယ်၊ ကျောင်းရွာအုပ်စု၊ ပန်းတောကျေးရွာမှာ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူကို သတ်ပြီး နားကပ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၁၃ ရက်နေ့ ၊ ညနေပိုင်းမှာ ကလေးငယ်ဟာ ကျူရှင်သင်ဖို့သွားရောက်ပြီးနောက် နေအိမ်ကို ပြန်လာခြင်းမရှိတာကြောင့် မိဘတွေက လိုက်လံရှာချိန်မှာ ကျူရှင်ဆရာမရဲ့ နေအိမ်အနီးရှိလယ်ကွင်းအစပ်မှာ အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
” ကလေးကိုပြန်တွေ့တော့ လည်ပင်းမှာ အဝတ်နဲ့ပတ်ရက်အနေအထားနဲ့ ဆုံးနေတာ ။ နားမှာ ဆင်ထားတဲ့နားကပ်မတွေ့ရဘူး ။ ရွာထဲက ကျူရှင်ဆရာမ ဒေါ်ခင်မဥ္ဇူအိမ်ကို ညနေ ၆ နာရီလောက်မှာ ထွက်သွားပြီး အိမ်ပြန်မလာလို့ လိုက်ရှာကြတော့မှ သေဆုံးနေတာကို တွေ့ရတာ။ အလောင်းကို လယ်ကွင်းအစပ်မှာ စွန့်ပစ်ထားတယ်ဆိုကတည်းက ကလေးက အသတ်ခံရတာ သေချာသွားပြီ။တရားခံကို ဖမ်းမိဖို့ သက်ဆိုင်ရာက လုပ်နေပါတယ်။ ဖမ်းမိမှပဲ ဘာကြောင့်သတ်သလဲဆိုတယ အသေးစိတ် သိရနိုင်မယ်။ ” လို့ ဒေသခံက ပြောပါတယ်။
အသတ်ခံရတဲ့ ကလေးငယ်က မဆောင်းနှင်းဖြူဆိုသူဖြစ်ပြီး လက်ရှိမှာ ရုပ်အလောင်းကို မအူပင်ဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်။
ကလေးငယ်ကို သတ်ဖြတ်သွားတဲ့ တရားခံကို ဖမ်းမိရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့ သိရပါတယ်။
ဇူလိုင် ၃ ရက်နေ့ကလည်း ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းမှာ နေထိုင်တဲ့ KG တက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့် သတ်ဖြတ် ၊ နားကပ်ဖြုတ်ယူပြီး အလောင်းကို စောင်နဲ့ထုတ်ကာ စွန့်ပစ်မှု ဖြစ်ပွားခဲ့ပါတယ် ။အဲဒီဖြစ်စဥ်ကတရားခံကို ဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက်နေ့ညနေပိုင်းကလည်း မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ် ၊ကွက်ငယ်အုပ်စု၊ စံပြဒဟတ္တန်းကျေးရွာက ၃ တန်း ကျောင်းသူကလေးငယ်ကို သတ်ပြီး နားကပ်ယူကာ အလောင်းစွန့်ပစ်မှုရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်မှာလည်း တရားခံတွေကို ဖမ်းမိခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW