လားရှိုးမှာ လိုင်စင်ကားတွေကို QR စနစ်နဲ့ စက်သုံးဆီ စတင်ရောင်းချ

စက်တင်ဘာ ၁၅၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ လိုင်စင်ကားတွေကို စက်သုံးဆီ QR Code စနစ်နဲ့ ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ကစပြီး သတ်မှတ်နှုန်းထားနဲ့ ရောင်းချပေးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
“လားရှိုးမှာ စက်သုံးဆီ လိုင်စင်ကားကို QR Code နဲ့ ရပြီ ဆိုတာ ဟုတ်တယ်။ ဆီ ဒီနေ့ ဝင်းချယ်ရီ မှာ ပေးတယ်။ ကျမ သူငယ်ချင်းတောင် သွားထည့်ကြည့်တယ်။ စုံ နဲ့ မ တော့ခွဲတယ်တဲ့။ ဒီနေ့ မ နေ့ ဆိုလားပဲ။ ဒီနေ့ ပဲစရတာ။ ဘယ်လောက် ပေးတယ်တော့ မသိဘူး။ လိုင်စင် ရှိတဲ့ ကားတွေ။ ဝန်ထမ်း နှုန်းလို့ပဲ ပြောတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ကားတစီးကို လီတာ ဘယ်လောက်ရောင်းပေးတယ်ဆိုတာတော့ မသိပေမယ့် လက်ရှိ လားရှိုးမြို့မှာ ကိုအိုက်တူး၊ အာသောက၊ ဝင်းချယ်ရီ၊ ဇမ္ဗူလင်းနဲ့ Regency ၁ နဲ့ ၂ စတဲ့ စက်သုံးဆီဆိုင်တွေမှာ QR စနစ်နဲ့ ရောင်းချပေးနေတယ်လို့လည်း သိရတယ်လို့ သူက ပြောပါတယ်။
QR စနစ်နဲ့ ရောင်းချပေးတဲ့ ဆီဈေးနှုန်းက ၉၂ တစ်လီတာ ၄,၅၃၀ ကျပ်၊ ၉၅ တစ်လီတာ ၄,၆၅၅ ကျပ်၊ ဒီဇယ် ၄,၈၅၀ ကျပ်နဲ့ ဒီဇယ်ပရီမီယမ် ၅,၇၆၀ ကျပ် နှုန်းရှိတယ်လို့ တခြား ဒေသခံတယောက်က ပြောပါတယ်။
မော်တော်ယာဉ်တစ်စီးကို တစ်ပတ်လျှင် ၃၅ လီတာအထိ ထည့်သွင်းခွင့်ပြုထားပြီး ဆီခွဲတမ်းကို စုံ၊ မ ရက်ခွဲပြီး ရောင်းချပေးနေပြီး အစိုးရ သတ်မှတ်တဲ့ ဆီဈေးနှုန်းအပေါ် မူတည်ပြီး ဈေးနှုန်းတွေ ပြောင်းလဲနိုင်တယ်လို့ဆိုပါတယ်။
တန့်ယန်းမြို့မှာတော့ QR Code စနစ်နဲ့ စက်သုံးဆီ ရောင်းချတာ မစတင်သေးဘဲ လိုင်စင်ရှိသူတွေကို ဝန်ထမ်းနှုန်းထားနဲ့ တစ်လီတာ ၄,၅၀၀ ကျပ်နဲ့ ရောင်းချပေးနေပြီး ဆီဝယ်ယူရာမှာ ဝန်ထမ်းကတ်နဲ့ ယာဉ်လိုင်စင် ပြသရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
နောင်ချိုမြို့မှာတော့ QR စနစ်နဲ့ ဆီရောင်းချမှုအခြေအနေ မသိရသေးဘဲ မြို့ပြင်ဘက် Regency ဆိုင်မှာတော့ အပြင်ဈေးနဲ့ပဲ ရောင်းချနေတယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီဆိုင်မှာ ဓာတ်ဆီ ၇,၀၀၀ ကျပ်နဲ့ ဒီဇယ်ပရီမီယမ် ၆,၈၀၀ ကျပ် ရှိပြီး QR Code စနစ် မအသုံးပြုသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ လားရှိုးမြို့ရဲ့ အပြင်ဈေးကတော့ ၉၂ တစ်လီတာ ၅,၈၀၀ ကျပ်နဲ့ ၉၅ တစ်လီတာ ၆,၀၀၀ ကျပ်အထိ ရှိနေပြီး နောင်ချိုမြိုနယ်အတွင်းမှာတော့ ပြင်ပဈေး ဓာတ်ဆီ တလီတာ ၇၀၀၀ ကျပ်၊ ဒီဇယ် ၆၈၀၀ ကျပ် ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
အစိုးရရဲ့ ခွဲတမ်းနဲ့ သတ်မှတ်ချက်တွေအပေါ် မူတည်ပြီး မြောက်ပိုင်းရှမ်းပြည်နယ်က မြို့တွေမှာ စက်သုံးဆီရောင်းချတဲ့ စနစ်နဲ့ ဈေးနှုန်းတွေ ကွာခြားကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ

Related posts

VOM News

FREE
VIEW