မလေးရှားနိုင်ငံရှိ ထိမ်းသိမ်းရေးစခန်း နှစ်ခုမှ မြန်မာ ၁၀၂ ယောက်ကို မြန်မာပြည်ပြန်ပို့မယ်

စက်တင်ဘာ ၂၁ – ၂၀၂၆
SN (VOM)
မလေးရှားနိုင်ငံရှိ Melaka Camp နဲ့ Lenggeng Camp ထိမ်းသိမ်းရေးစခန်း နှစ်ခုမှ မြန်မာ ၁၀၂ ယောက်ကို မနက်ဖြန် စက်တင်ဘာ ၂၂ ရက်မှာ မြန်မာပြည်ပြန်ပို့မယ်လို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။
မြန်မာလေကြောင်းလိုင်း အမှတ်စဉ် 8M-502,8M-504 တို့နဲ့ ပြန်လည်ပို့ဆောင်မှာဖြစ်ပြီး ထိန်းသိမ်းရေးစခန်းတွေရှိ မြန်မာနိုင်ငံသားတွေအနက် မိမိတို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒအရ ပြန်လိုတဲ့သူတွေကိုသာ စိစစ် ခွင့်ပြုပေးနေတာလို့ သိရပါတယ်။
“သူတို့ရဲ့ ဆန္ဒအရ နေရပ် ပြန်လိုတယ်ဆိုပြီး လာရောက် လျှောက်ထားသူတွေကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်း စိစစ်ပြီး ပြန်ပို့ပေးနေတာပါ။ ဒီလထဲ လေယာဉ်နဲ့ ပြန်မယ့်သူတွေ ရှိသလို နောက်လကုန်မှာလည်း သင်္ဘောနဲ့ ပြန်မယ့်သူတွေ ရှိပါသေးတယ်။ တချို့ လေယာဉ်လက်မှတ်ဖိုးသွင်းပြီးပေမယ့် ပြန်ခွင့်မရသေးတဲ့သူတွေလည်း ရှိနေပါတယ်။ စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ပေးပါ။ ပြန်ရမယ့်သူတွေရဲ့ စာရင်းကို သံရုံးက ထပ်ပြီး ကြေညာပေးဖို့ ရှိပါတယ်” လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စိစစ်နိုင်သူစာရင်း၊ နေရပ်ပြန်မယ့်သူတွေရဲ့ နေ့ရက်၊ အချိန်၊ လေကြောင်းလိုင်း ခရီးစဉ်အမှတ်တွေကို မြန်မာသံရုံးရဲ့ တရားဝင် Facebook Page ဖြစ်တဲ့ Myanmar Embassy in Kuala Lumpur, Malaysia မှာ စဉ်ဆက်မပြတ် ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက Melaka Camp မှာ စိစစ်ခဲ့တဲ့ လူဦးရေ ၇၁ ယောက်အနက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးနိုင်သူ ၅၆ ယောက်၊ အထောက်အထား မပြည့်စုံသူ ၁၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အထောက်အထား မပြည့်စုံသူ ၁၅ ယောက်အတွက် မိသားစုနဲ့ ဆွေမျိုးတွေက အထောက်အထားတွေ ကူညီပေးပို့ပေးမှုနဲ့ သက်ဆိုင်ရာကို စိစစ် အတည်ပြုချက်ရယူကာ အချိန်နဲ့တပြေးညီ ဆက်လက် ကြေညာပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Kemenyan Camp နဲ့ Beranang Camp မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၆၂ ယောက်ကို မြန်မာ့လေကြောင်း အမှတ်စဉ် 8M-502 နဲ့ မြန်မာအစိုးက ပြန်လည် ခေါ်ဆောင်ခဲ့ပါတယ်။
အဲဒီလိုပဲ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း မလေးရှား ထိန်းသိမ်းရေးစခန်း Tanah Merah Camp မှ မြန်မာနိုင်ငံသား ၇၅ ယောက်ကို 8M-502 နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထိန်းသိမ်းစခန်းတွေက မြန်မာနိုင်ငံသားတွေကို မိမိဆန္ဒအလျောက် နေရပ်ပြန်ပို့မယ့် အစီအစဉ်ရဲ့ ပထမအဆင့်အဖြစ် စုစုပေါင်း လူ ၅,၀၀၀ ဝန်းကျင် ပြန်ပို့ဖို့ မလေးရှားက စီစဉ်ထားတယ်လို့ သိရပါတယ်။
အဲဒီလူတွေဟာ လက်ရှိ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား တသောင်းသုံးရာ ရှစ်ဆယ့်ရှစ်ယောက်ရဲ့ ထက်ဝက်နီးပါးလို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်ကျခံရပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူတွေကို မြန်မာအစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က စတင်ပြီး ပြန်လည် ခေါ်ဆောင်နေတာလို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW