ပခုက္ကူ -အောက်တိုဘာ ၁၂-၂၀၂၆
NP(VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြိုရှောင်လမ်းမှာ အောက်တိုဘာ ၅ရက် ည ၈နာရီဝန်းကျင်က မိတ်ဆွေအိမ်ဆောက်ပစ္စည်းဆိုင်ကို အမည်မသိလူငယ်တစု ရောက်ရှိလာပြီး ဧည့်စာရင်စစ်မယ် ဆိုကာ အနုကြမ်းစီးမှု ဖြစ်ခဲ့ပါတယ်။
အဲဒီ ဖြစ်စဥ်မှာ အနုကြမ်းစီးတဲ့အဖွဲ့ထဲက ၈တန်းကျောင်းသားအပါဝင် ကျူးလွန်သူနှစ်ဦးကိုဖမ်းဆီးရမိထားတယ်လို့ လုံခြုံရေးနဲ့နီးစပ်သူကပြောပါတယ်။
” အောက်တိုဘာလ၅ရက်ည၇နာရီကျော်က မြို့ရှောင်လမ်းက မိတ်ဆွေ အိမ်ဆောက်ပစ္စည်း ဆိုင်ပိတ်ချိန်မှာ ဦးထုပ်နဲ့ မာခ်စ်တပ်ထားတဲ့လူငယ်တွေကရောက်လာတယ် ။ ဧည့်စာရင်းစစ်မယ်ဆိုပြီးတံခါးဖွင့်ခိုင်းတယ်။ အဲဒီချိန်မှာ ဓါးရှည်ကိုင်ဆောင်သူ သုံးဦးဆိုင်ထဲဝင်လာပြီးအားလုံးဝပ်နေကြလို့ပြောဆိုပြီး ဆိုင်ရှင်အမျိုးသမီးရဲ့လည်ဂုတ်ပေါ်ဓါးရှည်တင်ပြီး အော်ရင်သတ်ပြစ်မယ် ၊ ဆိုင်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး ပိုက်ဆံပေး ပိုက်ဆံမရှိရင် Kpayပေးဆိုကာ ဆိုင်ရှင်ကို password မေးပြီး ဖုန်းနှစ်လုံးနဲ့ ကေပေသိန်း၂၀ယူသွားတယ်” လို့ ဆိုင်ရှင်နဲ့နီစပ်သူကပြောပါတယ်။
အောက်တိုဘာလ ၇ရက်နေ့ မှာ အမျိုးသမီးတယောက် ဓားမြှောင်ပြ ဆိုင်ကယ် ဖုန်းနဲ့ ငွေသားသုံးသိန်း လုယက်သူငါးဦးဖမ်းမိလို့ တရားခံတွေကို စစ်ဆေးတဲ့အခါ မိတ်ဆွေ အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီးသူတွေထဲက မင်းမော်ဝင်းနဲ့ ၈တန်းကျောင်းသားတဦးကိုဖမ်းမိပြီး တဦးလွတ်နေသေးကြောင်း လုံခြုံရေးနဲ့နီစပ်သူတဦးကပြောပါတယ်။
ပခုက္ကူမြို့မှာ ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းကပခုက္ကူမြို့အရှေ့ဘက်မှာရှိတဲ့ အမှတ် (၅) အထည်စက်ရုံဝန်ထမ်းတွေအတွက် ထုတ်ယူလာတဲ့ လစာငွေကျပ် သိန်း ၁,၄၁၀ နဲ့ ဝန်ထမ်းတချို့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က စက်ရုံရှေ့မှာဘဲ တားဆီး ဓါးပြတိုက် ဖမ်းခေါ်သွားတဲ့ ဖြစ်စဉ်တခု ဖြစ်ခဲ့ပါသေးတယ်။
ဩဂုတ်လ၁၅ရက် နေ့ခင်းကလည်း အမှတ်(၃)ရပ်ကွက် (၁)လမ်း ကုန်စုံဆိုင်ကို အမည်မသိလက်နက်ကိုင်အုပ်စုက ဖုန်းတလုံးနဲ့ ငွေသား၆သိန်းကျော် ဓါးပြတိုက်သွားတယ်လို့ သိရပါတယ်။
မတ်လ ၂၆ ရက် နေ့လယ်ပိုင်းကလည်း မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးက စက်သုံးဆီအရောင်းဆိုင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက နေ့ခင်းကြောင်တောင်ဓါးပြတိုက်ပြီး ဖုန်းနဲ့ ငွေတွေယူသွားတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလပိုင်းတုန်းကတော့ ပခုက္ကူမြို့၊ အမှတ်၃ရပ်ကွက်၊ ထင်တန်းလမ်းမပေါ်က ဆန်ဆိုင်ကို ဆိုင်ကယ်နှစ်စီးနဲ့ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား၅ ဦး ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ပြန်ပေးဆွဲဖို့ ကြိုးပမ်းတာမှာ မအောင်မြင်လို့ ဆိုင်အတွင်းမှာရှိတဲ့ လက်ကိုင်ဖုန်း ၃ လုံး နဲ့ ငွေသားအချို့ ကို လုယက်ယူဆောင်ကာ ထွက်ပြေးသွားတာ ဖြစ်ခဲ့ပါသေးတယ်။
၂၀၂၁ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လက်နက်ကိုင်သူ အများအပြားပေါ်လာပြီးနောက် ပခုက္ကူဝန်းကျင်ဟာ နယ်မြေမတည်ငြိမ်မှု အခွင့်ယူပြီး ပြန်ပေးဆွဲတာ၊ လူသတ်တာ၊ ဓါးပြတိုက် အနုကြမ်းစီးတာတွေကြောင့် ငွေကြေးချမ်းသာသူတချို့ဟာ မြို့ကြီးတွေကို ပြောင်းရွှေနေကြတယ်လို့ သိရပါတယ်။
