ရန်ကုန်မြောက်ပိုင်းမှာ တိုးချဲမြေ​တွေကြောင့် ဘောလုံးကွင်း ခြောက်သောင်းခွဲနဲ့ ညီမျှတဲ့ သစ်တောမြေပြုန်းတီးလာ

ရန်ကုန်-အောက်တိုဘာ-၁၂-၂၀၂၆
EP(VOM)
တိုးချဲ့လာတဲ့ မြို့ဧရိယာ‌ကြောင့် ရန်ကုန်မြို့ရဲ့ မြောက်ဘက်ပိုင်းမှာ ငါးနှစ်အတွင်း သစ်တောမြေဧရိယာ ၄၆၄ စတုရန်းကီလိုမီတာ ပြုန်းတီးခဲ့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြုန်းတီးခဲ့တဲ့ သစ်တောတွေဟာ မြင်သာအောင် ပြောရရင် ဘောလုံးကွင်းပေါင်း ခြောက်သောင်းငါးထောင်ခန့် ကျယ်ဝန်းတဲ့ ဧရိယာ ဖြစ်ပါတယ်။
အခုလို သစ်တောတွေ ပြုန်းတီးလာခြင်းဟာ သစ်တောမြေတွေအစား မြို့ဧရိယာတွေ ချဲ့ထွင်လာခြင်း ၊ စိုက်ပျိုး မွေးမြူးရေးနေရာတွေ ချဲ့ထွင်လာခြင်းနဲ့ သစ်ထုတ်ခြင်း‌တွေကြောင့် ဖြစ်တယ်လို့ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
သစ်တောပြုန်းတီးမှု ရှိတဲ့ မြို့နယ်တွေကတော့ ရန်ကုန်မြို့ မြောက်ပိုင်းမှာရှိတဲ့ လှည်းကူးမြို့နယ် ၊ မှော်ဘီ မြို့နယ်နဲ့ တိုက်ကြီး မြို့နယ်တို့ ဖြစ်ပါတယ်။
အဲ့ဒီ မြို့နယ် သုံးခု ထဲက လှည်းကူးမြို့နယ်က သစ်တောဧရိယာ အများဆုံးရှုံးပြီး စုစုပေါင်း သစ်တောပြုန်းတီးမှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ UNDP ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အခုထုတ်ပြန်ရတဲ့ အချက်လက်တွေဟာ UNDPက ဂြိုဟ်တုစတစ်လိုက်တွေနဲ့အပြင် ကွင်းဆင်းကောက် ယူမှုတွေ ပြုလုပ်ခဲ့ခြင်းဖြစ် ပါတယ်။
၂၀၂၁ ခုနှစ်မှစပြီး ရန်ကုန်မြို့ မြောက်ဘက်အစွန် အဖျားတစ်လျှောက်မှာ ရှိတဲ့ သစ်တောတွေဟာ အရှိန်အဟုန်နဲ့ ပျောက်ကွယ်လာနေတယ်လို့ UNDP က ဆိုပါတယ်။
ဂြိုဟ်တုအချက်အလက် ဆန်းစစ်ချက်အရ လက်ရှိ နှစ်စဉ်ပျမ်းမျှ သစ်တောပြုန်းတီးမှုနှုန်းဟာ ယခင်ဆယ်စုနှစ်နှစ်ခုတာကာလပတ်လုံးအတွင်း ကြုံတွေ့ခဲ့ရတာထက် သုံးဆ ပိုမြန်လာနေပါတယ်။
“အခုတော့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေပဲ ပိုများလာတယ်။ တောအုပ်ကလေး​တွေကတော့ တော်တော်လေးကို မရှိတော့သလောက်ပါပဲ” လို့ ရန်ကုန်မြောက်ပိုင်းမှာ နေထိုင်တဲ့ မသန္တာက ပြောပါတယ်။
သစ်တောတွေ ပြုန်းတီးလာတဲ့အတွက်အပူရှိန်မြင့်တက်လာတာ၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာတာနဲ့စားဝတ်နေရေးအပေါ် ဖိအား‌တွေ တိုးလာတာ တွေ့ရတယ်လို့ UNDP က သူရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လှည်းကူး၊ တိုက်ကြီးနဲ့ မှော်ဘီမြို့နယ်‌တွေမှာ ဖုံးလွှမ်းခဲ့တဲ့ သစ်တောတွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ ၂၀၀၀ ခုနှစ်က စပြီး ဆုံးရှုံးပျောက်ကွယ်သွားခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီ သစ်တောတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် ရန်ကုန် တိုင်းဟာ အပူဆုံးနေရာအတွင်း ပါဝင်လာပြီး လေထုအပူချိန်ကလည်း အရင်ကထက် ၁.၇ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်လာခဲ့ပါတယ်။

Related posts

✕
VOM News

FREE
VIEW