ဒီလ ၁၈ရက်အတွင်း ရခိုင်ပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အယောက် ၃၀ ​ဝန်းကျင် သေဆုံးပြီး ၇၀ ​ကျော်ဒဏ်ရာရ

အောက်တိုဘာ ၁၈ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၁ ရက်ကနေ ၁၈ ရက်နေ့အထိ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အယောက် ဝန်းကျင် သေဆုံးပြီး အယောက် ၇၀ ​ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၈ ရက်၊ မနက် ၁ နာရီကျော်ဝန်းကျင်က ရသေ့တောင်မြို့ပေါ်ရှိ ချောင်းဝရပ်ကွက်၊ အရှေ့တောင်ရပ်ကွက်၊ ဂူတာပြင်ရပ်ကွက်နဲ့ အနီးဝန်းကျင်က ပြားချောင်းကြီး၊ ပြင်ခေါင်ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး သုံးယောက် ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက် ၁ နာရီလောက်ကနေစပြီး ၂ နာရီကျော်အထိ ဖြစ်တာ။ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေဘက်ကို လေကြောင်းကနေ တိုက်ခိုက်တယ်။ မိုးစီကျွန်းဘက်ကိုလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ပေါက်တောမြို့နယ်၊ အမှတ် (၂) ရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့သလို အောက်တိုဘာ ၁၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ မအီ‌မြို့ရှိ လုံးတော်ပေါက်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ အမှတ် (၃) ရပ်ကွက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးယောက် ဒဏ်ရာရခဲ့သလို အဲဒီနေ့မှာပဲ အမ်းမြို့နယ်အနီးရှိ အမ်းရိုးဘက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ဆင်အိုင်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ကိုးယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့သလို မြေပုံမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အောက်တိုဘာ ၆ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် အနီးဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နှစ်ယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က ဆေးပေးခန်း၊ ပန်းနီလာစစ်ရှောင်စခန်းနဲ့ အောင်ဖြူပြင်ကျေးရွာတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးကာ အယောက် ၂၀ နီးပါး ဒဏ်ရာရခဲ့တဲ့အပြင် ဆေးပေးခန်းနဲ့ ဆေးပစ္စည်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၅ ရက်နေ့မှာပဲ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာ (အနောက်ဘက်) မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တယောက် ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူနဲ့ သရက်ချိုကျေးရွာကြားက ဗျာလ စစ်ရှောင်စခန်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၁ ယောက် သေဆုံးကာ ငါးယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဗျာလဖြစ်စဥ်မှာ လေယာဉ်နှစ်စင်းနဲ့ လေကြောင်း တိုက်ခိုက်သွားတာ။ ခြောက်ယောက်က နေရာမှာတင် သေတယ်။ နောက်ထပ် ငါးယောက်ကလည်း အဲဒီ အောက်တိုဘာ ၄ ရက်နေ့မှာပဲ ဆေးကုသမှု ခံယူနေရင်းနဲ့ သေဆုံးခဲ့တာ” လို့ ကူညီပေးနေသူက ပြောပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ပြားချောင်းကြီးကျေးရွာ၊ ပြင်ခေါင်ကျေးရွာ၊ အငူမော်ကျေးရွာတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံး၊ ဒဏ်ရာရခဲ့သလို လယ်ယာတွေနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
‌ဒါအပြင် အောက်တိုဘာ ၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာရှိ ကားဝပ်ရှော့မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နှစ်ယောက် ဒဏ်ရာရခဲ့တဲ့အပြင် ကားဝပ်ရှော့ရှိ ကားတွေနဲ့ နေအိမ် နှစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ သစ်တစ်ပုံဆည်ဝန်းကျင်နဲ့ သကြားစက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တယောက် ဒဏ်ရာရကာ ကျောင်းဆောင် တဆောင်လုံး ပျက်စီးခဲ့သလို သံတွဲမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဗောဓိကုန်းဈေးအနီးမှာလည်း လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် ဒဏ်ရာရကာ နေအိမ် တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW