အောက်တိုဘာ ၁၉ – ၂၀၂၆
SS (VOM)
ပြည်ပမှဝယ်ယူလာတဲ့ လက်ကိုင်ဖုန်းတွေ အခွန်ဆောင်ခြင်းအတွက် လေဆိပ်မှာသာ တိုက်ရိုက် ဆောင်ရွက်ခွင့်ရရှိရေး စီစဉ်ပေးစေလိုတယ်လို့ ပြည်သူတွေက ပြောပါတယ်။
ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာကြသူတွေ အနေနဲ့ ၎င်းတို့နဲ့အတူပါလာတဲ့ လက်ကိုင်ဖုန်း အသစ်တွေအတွက် International Mobile Equipment Identity (IMEI) အခွန် ပေးဆောင်ရာမှာ လက်ရှိ ဆောင်ရွက်နေရတဲ့ ပုံစံကြောင့် အချိန်ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“လေဆိပ်မှာ ဖောင်တွေဘာတွေ အကုန်ဖြည့်လာပြီးတော့မှ ရန်ကုန်ကျရင် အလုံ ကမ်းနားလမ်းမှာ သွားပြီးတော့ အခွန်ဆောင်ရတာကိုး။ သူတို့က တနေ့ကို လူဦးရေ အယောက် ၁၀၀ လောက်ပဲ လက်ခံတယ်ဆိုတော့ မနက် ၃ နာရီ၊ ၄ နာရီလောက်ကတည်းက လာပြီး တန်းစီကြရတာ။ လေဆိပ်မှာပဲ တခါတည်း အခွန်တန်းဆောင်ရရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ နယ်ပြန်ရမယ့်သူ တချို့ဆို ရန်ကုန်မှာ တရက်အိပ်ပြီးမှ အခွန်ဆောင်နေကြရတာ။ ကျန်တာတွေ အကုန် အဆင်ပြေတယ်။ ဒီတချက်လေးကိုပဲ ဖြေလျော့ပေးစေချင်တာ” လို့ ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိ အခြေအနေမှာ ပြည်ပကနေ ပြန်လည် ရောက်ရှိလာသူတွေဟာ လေဆိပ်ဆင်းချိန် အကောက်ခွန် (Customs) ကောင်တာမှာ Declaration Form စာရွက်စာတမ်းကို စနစ်တကျ ထုတ်ယူခဲ့ရပြီး အဲဒီကနေတဆင့် ပြည်တွင်းအခွန်ရုံးတွေကို သီးခြား ထပ်မံသွားရောက်ကာ အခွန်ဆောင်ရတဲ့ စနစ်ကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရက်ပေါင်း ၃၀ အတွင်း အပြီးဆောင်ရမယ့် သတ်မှတ်ချက်၊ ရုံးအလုပ်ချိန်နဲ့ ချိန်းဆိုမှု၊ လူအများအပြား တိုးဝှေ့ စောင့်ဆိုင်းရခြင်းတို့ကြောင့် အချိန်ကုန်၊ လူပင်ပန်းစေတယ်လို့ ပြည်သူတွေက ထောက်ပြကြပါတယ်။
ဒါကြောင့် နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လေဆိပ်အတွင်းမှာသာ ဒစ်ဂျစ်တယ်စနစ်နဲ့ဖြစ်စေ၊ ငွေပေးချေမှု ကောင်တာတွေ ထားရှိပြီးဖြစ်စေ တပါတည်း အခွန်ပေးဆောင်နိုင်မယ့် One-Stop Service စနစ်ကို ဖော်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။
“လေဆိပ်ကနေ ဆင်းလာပြီးတာနဲ့ Customs ရှင်းတဲ့နေရာမှာဖြစ်ဖြစ်၊ လေဆိပ် အဆောက်အအုံထဲမှာဖြစ်ဖြစ် ဖုန်းအခွန်ကို တခါတည်း ပြီးပြတ်အောင် ပေးဆောင်နိုင်မယ့် Counter မျိုး ထားရှိပေးစေချင်ပါတယ်။ အခုလိုမျိုး ရုံးတွေမှာ တဆင့်ချင်း သွားလျှောက်နေရတာက အချိန်အရမ်းကုန်သလို မလုပ်တတ်မကိုင်တတ်သူတွေအတွက် ပိုပြီး ဒုက္ခရောက်ပါတယ်” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
ဒါကြောင့် နိုင်ငံခြားကနေ ဖုန်းဝယ်ယူ သယ်ဆောင်လာသူတွေရဲ့ အခက်အခဲတွေကို လျော့ပါးစေဖို့နဲ့ အခွန်ကောက်ခံမှု လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန် ချောမွေ့စေဖို့ လေဆိပ်မှာ ဖုန်းအခွန်ကို တခါတည်း ပေးဆောင်နိုင်မယ့် အစီအစဉ်တရပ်ကို သက်ဆိုင်ရာ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးညှိနှိုင်း စီစဉ်ပေးစေချင်တယ်လို့ ပြည်သူတွေက ပြောပါတယ်။
ဖုန်းအခွန်ဆောင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ Checklist ၊ မှတ်ပုံတင်မူရင်းအပြင် ရှေ့/နောက် မိတ္တူ နှစ်ရွက်၊ လေယာဉ်လက်မှတ် (Email ကရရှိတဲ့ ခရီးစဉ်လက်မှတ် မိတ္တူနှစ်ရွက်)၊ ပတ်စ်ပို့ (ဓာတ်ပုံပါတဲ့ စာမျက်နှာမိတ္တူ)၊ ပတ်စ်ပို့ (မြန်မာနိုင်ငံအဝင်တုံး ထုထားတဲ့ စာမျက်နှာမိတ္တူ)၊ Boarding (မူရင်းနဲ့ မိတ္တူ နှစ်ရွက်)၊ Passenger Declaration From (လေဆိပ်မှာဖြည့်ပြီး ရရှိထားတဲ့စာရွက်)၊ အကောက်ခွန်စလစ် (လေဆိပ်မှာ ပေးလိုက်တဲ့စာရွက်) တွေအပြင် အခွန်ဆောင်မယ့် ဖုန်းကိုလည်း ယူဆောင်သွားရမယ်လို့ သိရပါတယ်။
Photo – CJ
