အောက်တိုဘာ ၂၀ ၊ ၂၀၂၆
GG (VOM)
မလေးရှားနိုင်ငံမှာ တရားမဝင်အထောက်အထားမဲ့နိုင်ငံခြားသားတွေကို အဖမ်းဆီးကြမ်းနေရာ အဲဒီထဲမှာ မြန်မာလုပ်သား ၅၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရောက်မြန်မာနိုင်ငံသားတွေဆီက သိရပါတယ် ။
အခု အောက်တိုဘာလ ရက်၂၀ အတွင်းမှာတင် ကလေးငယ်တွေအပါအဝင် မြန်မာလုပ်သားရာနဲ့ ချီပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့ သိရပါတယ်။
လက်ရှိမှာ မလေးရှားအာဏာပိုင်တွေဟာ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေ အလုပ်လုပ်ကိုင်မှုရှိတဲ့ စားသောက်ဆိုင်တွေ ၊ စက်ရုံတွေ ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ နဲ့ နေထိုင်ရာ အဆောက်အဦတွေ စတဲ့ နေရာတိုင်းကို ဝင်ရောက်ရှာဖွေစစ်ဆေးပြီး တရားမဝင်အထောက်အထားမဲ့ လုပ်ကိုင်နေသူတွေကို ဆက်တိုက်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
” အဖမ်းအဆီးက နေ့တိုင်းလိုလိုရှိတယ် ။ အများဆုံးအဖမ်းခံရတာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ ပါတယ်။ ပြီးတော့မြန်မာတွေပေါ့။ ပြီးခဲ့တဲ့ရက်ကဆိုရင် နေရာနှစ်နေရာဖမ်းတာမှာ မြန်မာလုပ်သား ၁၅၀ ကျော်ဖမ်းခံရတယ်။မနေ့ညက ဖမ်းခံရတဲ့ လသားအရွယ်ကလေးငယ်နဲ့မိခင်ကို အိုသမားပေမယ့် ပြန်လွှတ်တယ်လို့သိရတယ်။ ဟုတ်မဟုတ်တော့ အတည်မပြုနိုင်သေးဘူး။ ဖမ်းဆီးမှုတွေက ပိုဆိုးလာဖို့ပဲရှိတယ်။ ဒီတော့ အထောက်အထားမပြည့်စုံသူတွေ အစစအရာရာ အထူးသတိထားဖို့လိုတယ်။ ” လို့ မလေးရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူက ပြောပါတယ်။
မလေးရှား အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတဲ့အထဲက မြန်မာနိုင်ငံသားတချို့ဟာ မလေးရှားငွေကြေး ရင်းဂစ်နဲ့ ဒဏ်ကြေးဆောင်ပြီး ပြန်လွတ်လာသူရှိသလို တချို့ကတော့ ထောင်ဒဏ် ၊ ကြိမ်ဒဏ်ချမှတ်ခံရတာရှိတယ်လို့သိရပါတယ်။
ခုလိုအဖမ်းဆီးကြမ်းနေတဲ့အတွက် မလေးရှားကနေ မြန်မာကို ပြန်ဖို့လုပ်ဆောင်ခဲ့တဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၁၀ ယောက်နဲ့ ပြန်ပို့ဖို့စီစဥ်ပေးတဲ့ မြန်မာနိုင်ငံသားတွေလည်း အောက်တိုဘာ ၁၉ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။
မလေးရှားအာဏာပိုင်တွေက တရားမဝင်နိုင်ငံခြားသားလုပ်သား ဖမ်းဆီးမှုကို အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် အထောက်အထားမဲ့ မြန်မာလုပ်သားတွေ ဒုက္ခရောက်နေရတယ်လို့ သိရပါတယ် ။
” သတင်းတွေတွေ့ပါတယ်။ အခုက မလေးရှားမှာ တော်တော်လေးကိုဖမ်းနေပါတယ်။ အဲဒီမြန်မာ၁၀ယောက်ဆိုရင် ပြန်ဖို့ဟိုတယ်မှာ တည်းနေချိန် အတိုင်ခံရပြီး အဖမ်းခံရတာလို့ သိရတယ် ။ ခုကာလက အထောက်အထားမပြည့်စုံသူတွေအတွက် တကယ့်ကို ငရဲပါပဲ။ဘယ်အချိန်အဖမ်းခံရမလဲ စောင့်နေရသလို ဖြစ်နေတယ်။ကျွန်တော်တို့ တရားဝင်လာသူတွေတောင် သူတို့အာဏာပိုင်တွေဝင်စစ်ရင် ကြောက်နေရတာ။ ” လို့ မလေးရောက်မြန်မာလုပ်သားက ပြောပါတယ်။
လက်ရှိမှာ မလေးရှားနိုင်ငံ ၊ မှုကြီးကြပ်ရေးဌာနက တရားဝင်အထောက်အထားမရှိတဲ့ရွှေ့ပြောင်းအလုပ်သမားတွေရှိနိုင်တဲ့နေရာပေါင်း ၂၂၄ ခုကို အထူးစောင့်ကြည့်ရမယ့်နေရာ Hotspots အဖြစ်သတ်မှတ်ထားပါတယ်။
ဖမ်းဆီးခဲ့တဲ့ မြန်မာလုပ်သားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉ ၊ ၆၃ အရ စုံစမ်းစစ်ဆေးပြီး အရေးယူသွားမှာဖြစ်ကြောင်းနဲ့ ပြစ်ဒဏ်ပြည့်ပါက မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီအောက်တိုဘာ ၁ ရက်ကနေ ၂၀ ရက်အထိဆိုရင် မလေးရှားထိန်းသိမ်းရေးစခန်းတွေကနေ မြန်မာနိုင်ငံသား ၄၀၀ ကျော်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ထားပါတယ်။
ဒါအပြင် မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာနှစ်ချီကြာ ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲက မြန်မာနိုင်ငံသား ၁၅၀၀ နီးပါးကိုလည်း နှစ်နိုင်ငံသဘောတူညီမှုဖြင့် စက်တင်ဘာ ၂၉ ရက်က တပ်မတော်ပိုင်သင်္ဘောတွေနဲ့ ပြန်လည်ခေါ်ယူမှုရှိခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သားတွေကိုတော့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက် မှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၁၅ ခုမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ် ။
မလေးရှားနိုင်ငံဟာ ပြည်ပနိုင်ငံတွေထဲမှာ မြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ခုနောက်ပိုင်းမှာ တရားမဝင်သွားရောက်လုပ်ကိုင်သူ ပိုများလာပါတယ် ။
