သူတို့အိမ် အခန်း (၂၄၆)

 

ဆူးငှက်

ကောဇာ ၁၃၇၁၊ ခရစ် ၂၀၀၉
——————————–
ခရစ်နှစ် ၂၀၀၀ကာလက ကမ္ဘာနှင့် ချီ၍ Y2K ဟုဆိုကြ လှုပ်ရှားကြသော်လည်း ကျွန်တော်တို့ ခေတ်ဟောင်း မန္တလေးသားများကမူ နောက် ၉နှစ်နေလျှင် မန္တလေး မြို့တည်နန်းတည် အနှစ် ၁၅ဝ ပြည့်တော့မည် ဆိုတာပဲ သတိထားမိကြသည်။ အဘယ်ကြောင့်ဆိုသော် မန္တလေးသားတိုင်း လိုလိုက ‘အုတ်ကျစ်ကျော်အေး မန္တလေး’၊ ‘အောင်ကျော်ချမ်းအေး မန္တလေး၊ ‘အင်ကြင်းကြာအုံ ရတနာပုံ’ ဟူသော ဆိုရိုးစကားများကို မွေးကတည်းက နှုတ်တက် ရနေကြ၍ ဖြစ်သည်။ ကျောင်းနေစ အရွယ် အေ ဘီ၊ စီ ဒီ နှင့် ဝမ်း၊ တူး၊ သရီး၊ ဖိုး နှုတ်ဖျားရောက်တော့ ၊ ‘ဝမ်းတူးတူးဝမ်း’ လို့ လူကြီးတွေက သင်လည်း အဲဒါဘာလဲဟင်ဟ ုမေးလျှင် ‘အဲဒါ မန္တလေးမြို့တည်တဲ့ သက္ကရာဇ်ပေါ့၊ ဟုရှင်းပြ၏။

 

 

မန္တလေးမှာ ယခုအချိန်အထိ ကျုံးမြို့ရိုး၊ ပြအိုး၊ ပြာသာဒ်တွေ ရှိသည်။ နန်းတွင်းထဲဝင်လျှင် ‘ မြနန်းစံကျော်’ ရွှေနန်းတော်ကြီး ရှိသည်။ အခြား အဆောင်ဆောင် ကြငှန်းပြသာဒ်တွေလည်း ရှိသည်။ ပြီးတော့ မြို့ပြ ရပ်ကွက်များနှင့် ဝေးရာ မဟုတ်၊ မြို့ထဲမှာပဲ ဖြစ်သည်။ ဘယ်လိုမှ ရှောင်လွဲကာ မမြင်မတွေ့ချင်၍ မရ။ မန္တလေးနှင့် ကျုံး မြို့ရိုး ပြအိုး ပြာသာဒ်များက ခွဲမရခွာမရ ဖြစ်နေသည်။ သည်တော့လည်း ဒီကျုံးကြီး ဘယ်တုန်းက လာတူးတာလဲ၊ ဒီပြအိုးပြာသာဒ်တွေ ဘယ်တုန်းက တည်ဆောက်တာလဲ ဟူသော မေးခွန်းတွေက စကားတတ်ခါက မန္တလေးသား ကလေးသူငယ်တွေအတွက် မရိုးနိုင်သော မေးခွန်းများ ဖြစ်သည်။ ဘာထူးမှာလဲ၊ လုပ်ငန်းခွင်အတွက် အင်တာဗျူး ဖြေတော့လည်း ဒီမေးခွန်းတွေပဲပေါ့။ သည်တော့ မန္တလေးသားများနှင့် ကျုံးမြို့ရိုး ပြအိုးပြသာဒ်တွေ ခွဲမရသလို ‘၁၂၂၁ ခုနှစ်’ ဟူသောဂဏန်း ၄ လုံးကလည်း အသည်းနှလုံးထဲ စွဲညိ ကပ်တွယ် နေတော့၏။ ထို့ကြောင့် ၁၃၂၁ ခုနှစ်က မန်းရာပြည့်ပွဲတော်ကြီး ကျင်းပခဲ့သည်။ လာမည့် ၁၃၇၁ ခုနှစ်မှာ မန္တလေးအနှစ် ၁၅ဝ ပြည့်ပြီ ဆိုတာတွေကလည်း အမြဲ သတိပြုဖွယ် ကိန်းဂဏန်းများဖြစ်ခဲ့၏။

 

မန်းရာပြည့်ပွဲ ကျင်းပစဉ်က
—————————–
၁၃၂၁ ခုနှစ်က မန်းရာပြည့်ပွဲကြီးကို ယခု ရတနာပုံ တိရစ္ဆာန်ဥယျာဉ် နေရာ ‘ရာပြည့်ကွင်း’ ကြီးမှာ ဝှဲချီးကျင်းပခဲ့သည်။ မန္တလေး မြို့မိမြို့ဖ ပညာရှိကြီးများ ဦးစီး ကျင်းပခဲ့ကြခြင်း ဖြစ်၏။ အုတ်အော်သောင်းတင်း ဟု ဆိုစမှတ်ရှိသည်။ မန်းရာပြည့်ပွဲကြီး အဘယ်မျှ မှတ်မှတ်ရရ ရှိခဲ့သည်ဟူမူ ထိုနှစ်က မွေးဖွားသော ကလေးငယ်တိုင်းကို ‘ရာပြည့်’ ဟုချည်း မှည့်ခေါ်ခဲ့သဖြင့် မန္တလေးတွင် ကိုရာပြည့်၊ မရာပြည့် တွေ ပေါများခဲ့သည်။ ကိုရာပြည့်၊ မရာပြည့်တွေလည်း သူတို့အသက် ၅ဝ ပြည့်ကို မှတ်မှတ်သားသား သတိရကြမှာပေါ့။
မန်းရာပြည့်ပွဲတော်ကြီး ဝှဲချီး ကျင်းပခဲ့သော မန္တလေးတောင်ခြေက အကျယ် ၅၅ ဧကရှိသည့် ကွင်းကြီးမှာလည်း “မန်းရာပြည့်ကွင်း”၊ “ရာပြည့်ကွင်း”ဟု ခေတ် အဆက်ဆက် ထင်ရှားခဲ့သည်။ မန္တလေး မြို့လုံးဆိုင်ရာ လူထု ချီတက်ပွဲကြီးများ၊ စည်းဝေးပွဲကြီးများ၊ ပြည်ထောင်စုနေ့ကဲ့သို့ အခမ်းအနားကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၏ ဈာပနပွဲတော်ကြီးများကိုပင် မန်းရာပြည့်ကွင်းတွင်း ကြီးကျယ် ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည်။ မန်းရာပြည့်ကွင်းကြီးတွင် အစဉ်အဆက် ကျင်းပခဲ့သော ပွဲကြီးများ၏ အခင်းအကျင်းများမှာ အရှေ့ဘက်က ဆီးမိုးထားသော မန္တလေး တောင်တော်ကြီး၏ နောက်ခံမြင်ကွင်းဖြင့် အလွန်တင့်တယ်ခဲ့သည်။

 

မန္တလေးမြို့တည် နန်းတည်က ကောဇာသက္ကရာဇ် ၁၃၂၁ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်၊ (ခရစ်နှစ် ၁၉၅၉ခုနှစ် မေလ ၂၇ရက်) ဗုဒ္ဓဟူးနေ့တွင် အနှစ် ၁၀၀ပြည့်သော်လည်း ပွဲတော်ကို ၁၃၂၁ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက်၊ (ခရစ်နှစ် ၁၉၅၉ခုနှစ် နိုဝင်ဘာလ ၇ ရက်) နေ့မှ စ၍ မန္တလေးတောင်ခြေက ရာပြည့်ကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

 

မန္တလေးတောင်ခြေက ရာပြည့်ကွင်းမှာ
—————————————-
ထိုစဉ်က တောင်ခြေတစ်ဝိုက် မန်းရာပြည့် ပွဲခင်းကြီးမှာ မျှော်မဆုံး အောင် ကျယ်ဝန်းပြီး လမ်းများ ဖောက်ကာ လမ်းနာမည် စာတန်း ဆွဲချိတ်လျက် တစ်ဖက်နှင့် တစ်ဖက် တဲတန်းလျားကြီးများ ထိုးထားသတဲ့။ တဲတန်းကြီးများ၏ မျက်နှာစာကို ဆေးရောင်ခြယ် နဖူး စည်းတပ်၍ လှလှ ပပ မွမ်းမံ ပြင်ဆင်ကာ အာဂျင်တိုမိုတို အချိုမှုန့်၊ အမေရိကန် ပြန်ကြားရေးဌာန၊ အီးအမ် ဒီဆူဇာ၊ ကြက်ဆင် ဖဲထီး စသည့် ဆိုင်းဘုတ်များ ကပ်ထားကြသည်။ ပွဲတော်၏ ရတနာပုံ မဏ္ဍပ်ထဲ၌ ပိတ်ဖြူမျက်နှာကြက် မိုးကာ၊ ရွှေတိုင်တွေ ထူ၍ ရွှေကနုတ်ပန်းတို့ဖြင့် မွမ်းမံကာ ရွှေရောင်များ တောက်ပနေသည်။ အနီပေါ် အပြာ ငွေကြည်ပြောက်နှင့် “အောင်ဆန်းခန်းမ” ဟု စာတန်းထိုးထားသည်။ မဏ္ဍပ်ထိပ် စင်မြင့်ပေါ်၌ ကတ္တီပါအနီ ကန့်လန့်ကာကြီး နောက်ခံထားကာ သမ္မတထိုင်ရန် ဆိုဖာ ကုလားထိုင်များ ခင်းချထားသည်။ ကတ္တီပါ ကန့်လန့်ကာ အနီထက်တွင် ဗိုလ်ချုပ် အောင်ဆန်း၊ သမ္မတကြီး မန်းဝင်းမောင်နှင့် ဗိုလ်ချုပ်ကြီးနေဝင်း၏ ဓာတ်ပုံ(၃)ပုံကို ချိတ်ဆွဲ၍ ထားသည်။

 

တက်ရောက်ကြသော ဧည့်ပရိသတ်ထဲတွင် လူမျိုးစု တောင်တန်းသား ဧည့်သည်တော်များကို သူတို့၏ တိုင်းရင်းသား ဝတ်စုံဖြင့် တွေ့ရသည်။ နိုင်ငံခြား သံတမန် ဧည့်သည်များလည်း တွေ့ရသည်။ မဏ္ဍပ်ဝဲယာ နှစ်ဖက် ကွင်းကြီးထဲ၌ ရှိသော ပြပွဲများတွင် ပန်းချီပြပွဲ၊ ပန်းပုပြပွဲ၊ ရက်ကန်း ပြပွဲ၊ ရွှေချည်ထိုးလုပ်ငန်း၊ ရွှေဆိုင်းလုပ်ငန်း စသော ပြပွဲခန်းမဆောင်များလည်း ခင်းကျင်းထား၏။ နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင်က နန်းတွင်းရှိ ဧည့်ရိပ်သာမှသည် ကျွန်းလုံးယူ တံခါးမှတဆင့် ထွက် ခွာလာပြီး ၉နာရီနဲ့ ၈မိနစ်မှာ အောင်ဆန်း ခန်းမသို့ ဆိုက်ရောက်သည်နှင့် နိုင်ငံတော်သီချင်း သီဆိုကာ သမ္မတကြီးနှင့် မြို့တော်ဝန်တို့ စင်မြင့်ပေါ်တွင် နေရာယူ ပြီးနောက် ပုဏ္ဏားတော်များက မင်္ဂလာ အခါတော် ရောက်ကြောင်း ကြေညာကြကာ ခရုသင်းမှုတ်လျက် ဆုတောင်း ရွတ်ဖတ် သရစ္ဇျာယ်ကြ၏။

 

အခမ်းအနားဖွင့်လျှင် မန္တလေးမြို့တော်ဝန်က နှုတ်ဆက်မိန့်ခွန်း ဖတ်ကြားရာတွင် ဘဝရှင် မင်းတရားကြီး တည်ထောင်သော မန္တလေးမြို့တည် နန်းတည် အချိန်နာရီ ကာလ အပိုင်းအခြားနှင့်တကွ နန်းတံခါး ၁၂ရပ်၊ ပြဿဒ်တော် အဆင့်ဆင့်၊ ရာဇပလ္လင်ရှစ်ရပ်၊ မြေနန်း၊ မှန်နန်း၊ ရွှေနန်းတို့ဖြင့် တည်ထောင် စိုးစံတော်မူသွားခဲ့ပုံ၊ မြို့တော်ကြီးကို အင်းကြီးကန်ကြီး မြစ်ကြီးများ ခြံရံ တည်ဆောက်သွားခဲ့ခြင်းဖြင့် စိမ်းလန်းစိုပြည်သာယာခဲ့ပုံ မြို့ပြတည်ခဲ့ပုံ၊ ဖြောင့်ဖြူးနေအောင် လမ်းကြီးများ၊ ခင်းသွားပုံ၊ အင်းကြီး ကန်ကြီးများ ခြံရံလျက် စိမ်းလန်းစိုပြည်အောင် ဖန်တီးထူထောင်တော်မူခဲ့ပုံကား အလွန်အမြင်ကျယ်၍ အလွန်လျှင် ကြီးကျယ် ခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

 

ထို့နောက် နိုင်ငံတော် သမ္မတကြီးက မိန့်ခွန်းမြွက်ကြားရာတွင်လည်း သင်္ခါရ သဘောတရား အလျောက် မြန်မာဘုရင်တို့၏ ဘုန်းတန်ခိုး အရှိန် မှေးမှိန် ကွယ်ပျောက်ခဲ့ရပြီးနောက်၊ မန္တလေးမြို့တော်ကြီးကို ရိုးရာဓလေ့ ထုံးစံများ ထိန်းသိမ်း ထားနိုင်သော ယဉ်ကျေးမှု မြို့တော်ကြီးအဖြစ် ဂုဏ်ယူလျက်ရှိကြောင်းနှင့် လွတ်လပ်ရေး ရရှိပြီးသည့် နောက် ပြန်လည် ဆင်ယင် ကျင်းပနိုင်သော ပွဲကြီးဖြစ်၍ ပြန်လည်ဆင်ယင် ကျင်းပနိုင်အောင် ပို့ဆောင် ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကို သတိတရ ဂုဏ်ပြု ဦးညွှတ်ကြရန်၊ အာဏာရ ပါတီကြီ ၂ခြမ်းကွဲခဲ့သည့် နောက်ပိုင်းတွင် တိုင်းပြည်အလုံး ဝါးအစည်းပြေ၍ အထူး စိုးရိမ် ဖွယ်ရာ အခြေအနေတွင် ဗိုလ်ချုပ်ကြီး အစိုးရ အားကိုး အားထားပြုလျက် ဆက်လက်ရပ်တည်ရ၍ ဗိုလ်ချုပ်ကြီးနေဝင်း အမှူးပြုသော လက်ရှိ ခေါင်းဆောင်များကို ဂုဏ်ပြု ဦးညွှတ်ကြရန် မိန့်ခွန်းထဲ၌ အကျယ် တဝင့် ထည့်သွင်းမြွက်ကြား သွားလေ၏။ သမ္မတကြီး မိန့်ခွန်း မြွက်ကြားပြီးနောက် အခမ်းအနား မရုပ်သိမ်းမီ ဝဲယာနှစ်ဖက်၌ရှိသော မင်္ဂလာဆိုင်း များ က မန္တလေးမြို့တည် ပတ်ဆိုင်းသံ ဖြင့် တီးမှုတ် သီဆို ဧည့်ခံကြလေသတဲ့။

 

ဤကား လွန်ခဲ့သော နှစ်ပေါင်း ၆၀ကျော်က ရာပြည့်ကွင်းတွင် ကျင်းပခဲ့သော မန္တလေးမြို့တည်နန်းတည် အနှစ်၁၀၀ပြည့် ပွဲတော် ဖွင့်လှစ်စဉ် အမှတ်တရ မြင်ကွက်း ဖြစ်သည်။ ထိုစဉ်က ဝှဲချီးကျင်းပသော မန်းရာပြည့်ပွဲတော်တွင် အတိတ်ကို သတိရဖွယ် မင်းခမ်းမင်းနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများ၊ ပြခန်းများလည်း ပါရှိခဲ့ရာ ထိုပွဲတော်ကို မီခဲ့ကြုံခဲ့သည့် မန္တလေးသူ မန္တလေးသားများမှာ မန်းရာပြည့်တုန်းက ရာပြည့်ပွဲတုန်းက ဟူ၍ အသက်ထက်ဆုံး သတိတရ ပြောခဲ့ကြသည်။ ထို့ပြင် ရတနာပုံ (မန္တလေး) ခေတ် ဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲ နှင့် မန်းရာပြည့် သီချင်းပြိုင်ပွဲများလည်း ကျင်းပခဲ့သည်။ မန်းရာပြည့် သီချင်းရေးပြိုင်ပွဲတွင် တေးရေးဆရာလင်းခေးလုလင် ရေးစပ်ပြီး (ထိုစဉ်က) တက်သစ်စ အဆိုတော် မာမာအေးသီဆိုသည့် မန်းရာပြည့် သီချင်းက ပထမဆု ရရှိခဲ့သည်။ ဦးသာလှိုင်ရေးစပ်သော သီချင်းက ဒုတိယရရှိပြီး ဦးဘသိန်း(မန္တလေး) ရေးစပ်သော သီချင်းက တတိယ ရရှိခဲ့သည်။

 

ထိုစဉ်က ပွဲတော်များအပြင် ရာပြည့် အထိမ်းအမှတ် ပို့စကတ်များ၊ စာပို့လွှာများ၊ အထိမ်းအမှတ်စာစောင် စသည်တိုပ ထုတ်ဝေခဲ့ရာ ထိုအရာများအားလုံး သမိုင်းမှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ရာ အထူးသဖြင့် မန်းရာပြည့်စာစောင်နှင့် မန်းရာပြည့် အထိမ်းအမှတ် ပြုစုထုတ်ဝေခဲ့သော ရွှေကိုင်းသား၏ ၁၂၂၁ – ၁၃၂၁ အနှစ်၁၀၀ပြည့် မန္တလေး ဟူသော ကျမ်းစာအုပ်က အဖိုးတန် သမိုင်းအမွေအနှစ် ဖြစ်ခဲ့ချေပြီ။ ရဟန်းစာဆို ရွှေကိုင်းသားဟူသည် မန္တလေး အနှစ်၁၀၀ပြည့် ပွဲတော်ကြီး စတင်ကျင်းပဖြစ်အောင် ပွဲကာလ မတိုင်မီ ကတည်းက နေ့မအိပ်ညမနား ပြုစုခဲ့ ရေးသားခဲ့ တိုက်တွန်းခဲ့ လှုံ့ဆော်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ပြီး ပွဲတော်ကာလအတွင်းတွင် အိမ်တော်ရာ ထီးလေး ချိုင်းကြားညှပ်၊ ပိန်းတန်းဖိနပ်လေးစီး ချည်တိုက်ပုံဖို့ရိုဖားလျား ဝတ်ကာ ပြခန်းတွေ လှည့်ကြည့်နေသည့် သာမာန်လူတစ်ဦးပဲ ဖြစ်ပါ၏။ ဖိတ်စာမရှိ၊ ဂုဏ်ပြုလွှာမရှိ၊ ဖဲစလွယ်မရှိ။
မန္တလေး အနှစ်၁၅၀ကို ဘယ်လို ကျင်းပကြမလဲ
—————————————————-
ကျွန်တော်တို့ စာရေးဆရာက စက္ကူနှင့် ဘောလ်ပင်နှင့်ပဲ သမိုင်း အချက်အလက်တွေ၊ အတွေးအခေါ်တွေ၊ စိတ်ကူး စိတ်သန်းတွေကို အဖြူပေါ် အမည်းတင်နိုင်ခဲ့သည်။ တကယ်တမ်း အနှစ် (၁၅ဝ) နီးကပ်လာတော့ အခြား ဝါသနာတူ သဘင်၊ ဂီတ ပညာရှင်မျာနှင့် နာခံ ပြောဆိုမိကြတော့ ဆရာ့ဆရာများမှာလည်း စိတ်ကူး စိတ်သန်းတွေ အများကြီး။ ကျွန်တော်တို့ လွမ်းဆွတ် တသခဲ့ကြရသော ‘အနုပညာ’ များဖြစ်နေသည်။ ရတနာပုံ နန်းတွင်း အငြိမ့်တော်ကြီးတွေ၊ အတွင်းတော်တီး ဆိုင်းအဖွဲ့ကြီးတွေ၊ ရွှေနန်းတော် ပွဲကြည့်ဆောင်မှာ ဖျော်ဖြေ တင်ဆက်သည့် ရာမ၊ အီနောင် စသော ဇာတ်တော်ကြီးတွေ၊ ရုပ်သေး အမြင့်သဘင်ကြီးတွေ။ ထို့နောက် ကိုလိုနီခေတ်က မဟာဂီတ တက္ကသိုလ် အဖွဲ့သားတွေ၊ ရွာစားကြီးစိန်ဗေဒါ၏ တီးလုံး တီးကွက်တွေ၊ မြို့မတူရိယာအဖွဲ့ကြီး တည်ထောင် ရေးစပ် သီကုံး တီးမှုတ် ခဲ့ကြတာတွေ။ အငြိမ့် ရွှေခေတ်တွေ၊ အငြိမ့် ညွန့်ပေါင်းတွေ၊ မန္တလေး ပန်တျာမှ မွေးဖွားပေးခဲ့သော အညွန့်အဖူးတွေ၊ စုံလို့ စုံလို့။

 

ထို့ကြောင့် ၂၀၀၈ခုနှစ် အောက်တိုဘာ ၈ ရက်ညက မန္တလေးအောင်တော်မူရပ် အီတာနယ်လ် စားသောက်ဆိုင် မှာ မန္တလေး အနုပညာချစ်သူ လုပ်ငန်းရှင်ကြီးများက စာပေ၊ သဘင်၊ ဂီတမှ ပညာရှင် ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး သူတို့ ဆန္ဒကို အကောင်အထည် ဖော်ပေးပါရန် ညှိနှိုင်း ဆွေးနွေးကြသည့် ပွဲ၌ မထင်မှတ်ဘဲ ပြောကြားဖြစ်သော ကျွန်တော့ စကားထဲတွင် ‘ မန္တလေးရဲ့ အနှစ် ၁၅ဝ အတွင်း ထင်ဟပ်ခဲ့တဲ့ အနုပညာပုံရိပ်တွေ ‘ ဟူသော အသုံးအနှုန်း ပါသွားခဲ့သည်။ တကယ်တော့ ဦးလေး အစ်ကို အနုပညာရှင် ဆရာကြီးများနှင့် ကျွန်တော် နာခံ ပြောဆိုကြသော အကြောင်းအရာများ အဖန်တလဲလဲ ကြားနာရခြင်းမှ ထွက်ပေါ်လာသော စကားလုံး ဖြစ်ပါ၏။ ထို့နေ့ညက တွေ့ဆုံပွဲတွင် ပြောဆို ဆွေးနွေးမှုများ အတော်အတန် ပြီးမြောက် ပြီးနောက် အနုပညာချစ်သူ မန္တလေးသား လုပ်ငန်းရှင်ကြီးများ ဖြစ်လိုသော ဆန္ဒကို အနုပညာရှင်များက ပါဝင် ပူးပေါင်းကူညီကြပြီး ‘ပွဲတော်’ တစ်ရပ် ကျင်းပရန် သဘောတူညီပြီးနောက် အမည်နာမကိစ္စ စဉ်းစား ဖြစ်ကြတော့သည်။ သည်တွင် ဦးဇော်မြင့် (ရီမြင့်ရုပ်ရှင်)က ကျွန်တော့်ကို ‘ စောစောက ကိုဆူး ပြောတဲ့ထဲမှာ ပါတဲ့ (ပုံရိပ်) ဆိုတာလေ၊ အဲဒီ အသုံးအနှုန်း ကောင်းတယ်’ ဟု ဆိုသည်။

 

 

ဟုတ်သားပဲ၊ အမှတ်မထင် ပြောမိတဲ့ စကားထဲမှာ ‘မန္တလေးရဲ့ အနှစ် ၁၅ဝ အတွင်း ထင်ဟပ်ခဲ့တဲ့ အနုပညာ ပုံရိပ်တွေ’ ဟု ပြောခဲ့မိတာ သတိရသည်။ ထိုအခါ ‘မန္တလေး အနုပညာပုံရိပ်ပွဲတော်’ ဟူသော အမည်နာမက လွယ်လင့်တက ူရရှိခဲ့၏။ ဘာ အထိမ်းအမှတ် ပွဲတော်လဲ ။ ရတနာပုံ မြို့တည် နန်းတည် ‘ မန္တလေး အနုပညာပုံရိပ် ပွဲတော်’ .ပေါ့။ အားလုံး ပြည့်စုံသွားချေပြီ။ သို့သော် ကျွန်တော်တို့ စိတ်ကူးယဉ်မှုက မဆုံး။ အခုမှ အစက ပြန်ပြီး စိတ်ကူးယဉ်ကြ ပြန်၏။

Related posts

✕
VOM News

FREE
VIEW