အောက်တိုဘာ ၂၀ – ၂၀၂၆
SN (VOM)
သဘာဝဓာတ်ငွေ့ (CNG) လုံလောက်စွာ မရရှိမှုကြောင့် YBS ယာဉ်တွေ ပြေးဆွဲမှု လျော့နည်းလာပြီး ခရီးသည်တွေ သွားလာရေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ YBS ယာဉ် သုံးပုံတပုံလောက်သာ လမ်းကြောင်းပေါ် ထွက်ခွာ ပြေးဆွဲနိုင်တယ်လို့ သိရပြီး အကျိုးဆက်အနေနဲ့ ရုံးတက်၊ ရုံးဆင်းချိန်တွေနဲ့ ကျောင်းတက်၊ ကျောင်းဆင်းချိန်တွေမှာ ခရီးသည်တွေဟာ ကားမှတ်တိုင်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
“အဓိက က ညနေပိုင်း အလုပ်ဆင်းချိန်တွေပဲ။ ကားစောင့်ရတာ တနေ့ထက်တနေ့ ပိုပြီးဆိုးလာတယ်။ ညပိုင်း ၈ နာရီကျော်တာနဲ့ လိုင်းကားတွေ ရှားသွားပြီ။ ညဘက်ဆို မထွက်ကြတော့တာ များတယ်။ ကားတဆင့်တည်းနဲ့ ရောက်မယ့်နေရာကို နှစ်ဆင့်၊ သုံးဆင့် ပြောင်းစီးပြီး သွားနေရတယ်။ တချို့ဆို တက္ကစီစုငှားပြီး သွားကြရတယ်။ ကားခတွေ အပိုကုန်တာပေါ့။ အခုလို ဖြစ်နေတာ တရက်တည်းလည်း မဟုတ်ဘူး။ နေ့စဉ်လို ဖြစ်နေတော့ ကုန်ကျစရိတ်တွေက သိသာတယ်” လို့ ခရီးသွား ပြည်သူတယောက်က ပြောပါတယ်။
YBS ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ CNG ဆိုင်တွေမှာ ဂက်စ်ဖြည့်ဖို့အတွက် ညလုံးပေါက် တန်းစီ စောင့်ဆိုင်းရလေ့ရှိပြီး တချို့ရက်တွေမှာ မီးပျက်ခြင်း၊ Pressure ကျဆင်းခြင်းတို့ကြောင့် ဂက်စ်အပြည့်မရဘဲ လှည့်ပြန်ရတာတွေ ရှိနေတဲ့အတွက် ယာဉ်အပြည့် ပြေးဆွဲနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
ယာဉ်မောင်းတယောက်က “ဂက်စ်တခါဖြည့်ဖို့ အချိန် ၅ နာရီကနေ ၈ နာရီအထိ ပေးနေရတယ်။ ဒါကြောင့် ကားထွက်နိုင်တဲ့ အကြိမ်ရေ ထက်ဝက်မက လျော့သွားတယ်” လို့ ပြောပါတယ်။
CNG ထပ်မံ ဖြည့်တင်းနိုင်ဖို့အတွက် ဆိုင်တွေမှာ တန်းစီရမယ့်အချိန် ကြာမြင့်မှုကြောင့် YBS ယာဉ်တချို့ဟာ သတ်မှတ်ထားတဲ့ ခရီးစဉ် အစ၊ အဆုံး လမ်းကြောင်းအတိုင်း မောင်းနှင်ခြင်း မရှိတော့ဘဲ ခရီးသည်တွေကို လမ်းတဝက်မှာတင် ဆင်းခိုင်းတာမျိုး ပြုလုပ်လာကြတာကြောင့် ခရီးသွားပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ကာ ကားခ နှစ်ခါပြန် ပေးရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“သန်လျင်နဲ့ ခရမ်း ပြေးဆွဲနေတဲ့ YBS ၃၄ ယာဉ်တွေဆို ခရီးအဆုံးအထိ မမောင်းကြဘူး။ ၁၀၈ တောင်ရောက်ရင် ကားရပ်ပြီး ခရီးသည်တွေကို ကားပေါ်က ဆင်းခိုင်းတယ်။ ဂက်စ်ထည့်ဖို့လို့ ပြောတာပဲ။ ဂိတ်ဆုံးအထိစီးရမယ့် ခရီးသည်တွေက ကားပြောင်းစီးနေရတယ်။ အချိန်ကုန်၊ ငွေပိုကုန်တယ်။ ခရီးစဉ်တွေ အစ၊ အဆုံး ပြေးဆွဲနိုင်ဖို့ သက်ဆိုင်ရာဌာနတွေဘက်က တာဝန်ယူပြီး ဖြေရှင်းပေးစေချင်တယ်” လို့ နောက်ထပ် ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
YBS ယာဉ်တွေ သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်ခြင်း မရှိပါက CNG ပိတ်သိမ်းတဲ့အထိ အရေးယူမှာဖြစ်သလို ယာဉ်လိုင်းကလည်း ထုတ်ပယ်သွားမယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သတိပေးထားပါတယ်။
လက်ရှိမှာ YBS ကားတွေကို စောင့်ဆိုင်းရချိန် ကြာမြင့်လွန်းတာကြောင့် အချိန်မီ ရုံးတက်ရမယ့် ဝန်ထမ်းတွေနဲ့ အရေးပေါ် သွားလာလိုသူတွေဟာ အငှားယာဉ်တွေကို ပြောင်းလဲ စီးနင်းနေကြရတာဖြစ်ပြီး သာမန် လက်လုပ်လက်စား ပြည်သူတွေအတွက် နေ့စဉ်အသုံးစရိတ် ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာစေတယ်လို့ သိရပါတယ်။
“ပုံမှန် မိနစ် ၂၀ လောက်ပဲ စောင့်ရတဲ့ကားက အခု ၁ နာရီကနေ ၂ နာရီအထိ စောင့်နေရတယ်။ အဲဒီတော့ လိုင်းကား ရနိုင်ဖို့ အချိန်စောစော ကြိုထွက်ပြီး သွားစောင့်နေရတယ်။ ရုံးချိန်နောက်ကျရင် လစာအဖြတ်ခံရမှာ။ ရုံးချိန်မီဖို့ တက္ကစီငှားရတဲ့ အခါတွေလည်း ရှိတယ်။ တက္ကစီခတွေကလည်း သိတဲ့အတိုင်း ဈေးတက်နေတာဆိုတော့ ခရီးစရိတ်က သုံး၊ လေးဆမက ကုန်နေတယ်” လို့ လှိုင်သာယာမြို့နယ်ကနေ ဆူးလေကို နေ့စဉ် ရုံးတက်နေရတဲ့ ခရီးသည်တယောက်က ပြောပါတယ်။
YRTC ရဲ့ ကြီးကြပ်မှုအောက်ရှိ YBS အများပိုင်ကုမ္ပဏီ ၂၁ ခုမှ စာရင်းရှိ ယာဉ်အစီးရေ ၅၃၉၉ စီးရှိပြီး အဲဒီထဲမှ တရက်ပြေးဆွဲနိုင်တဲ့ ယာဉ်အစီးရေ ၃၃၀၀ လောက်သာရှိကာ အသေးစားပြုပြင်ယာဉ် ၁၀၂၄ စီး၊ အလတ်စား ပြုပြင်ယာဉ် ၂၀၉ စီး၊ အကြီးစားပြုပြင်ယာဉ် ၅၁၀ စီးနဲ့ တခြား ပြေးဆွဲနိုင်ခြင်းမရှိတဲ့ ယာဉ် ၃၅၆ စီးခန့် ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ
