ဆူးငှက်
အနှစ် ၁၅၀ ပြည့်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာ
—————————————–
ကျွန်တော်တို့က မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲတွေ ကျင်းပကြဖို့ တိုင်ပင်ကြ စီစဉ်ကြသောအခါ ဒေါ်ဒေါ်လူထုဒေါ်အမာကို သတိရလှသည်။ မန္တလေဒ အနှစ်၁၀၀ပြည့်ကာလ အခါက လူထုသတင်းစာတိုက်ကို အားတက်သရော အကူအညီပေးနေသည့် ရျွှေကိုင်းသား၊ ရတနာပုံဖိုးမှတ်စု စသည့် ကလောင်ကို ကိုင်ဆောင်သည့် ကိုထွန်းလှိုင်က ရာပြည့်ပွဲ ကျင်းပရန် လှုံ့ဆော်သူ၊ စာအုပ်စာတမ်းပြုစုသူ၊ နောက်ကွယ်က အစစလှုပ်ရှားသူ ဖြစ်ကာ လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မြို့မိမြို့ဖများနှင့် ပူးပေါင်း ၍ မန်းရာပြပွဲကြီးကို ဦးဆောင်ခဲ့ကြသူများ ဖြစ်သည်။
ယခု မန္တလေး အနှစ်၁၅၀ပြည့်မှာ လူထုသတင်းစာ အယ်ဒီတာဖြစ်ခဲ့ပြီး မန္တလေးအကြောင်းတွေ အစဉ်တစိုက် ရေးသားခဲ့သူ ဆရာနတ်မောက်ထွန်းရှိန်က မန္တလေး အနှစ်၁၅၀ပြည့်ပွဲတော် ကျင်းပဖို့ လွန်ခဲ့သည့် ၁၀နှစ်ကတည်းက လှုံ့ဆော် ရေးသားခဲ့ပြီး ယခု ပွြတော်ကျင်းပသည့်အခါ ပင်မကော်မီတီဝင်အဖြစ် ဦးဆောင် ပါဝင်ခဲ့သည်။ မတောက်တခေါက် ကျွန်တော့်ကိုလည်း ဆပ်ကော်မီတီထဲထည့်ထား သေးသည်။ သည်လိုအချိန်တွင် ကျွန်တော်တို့က ဒေါ်ဒေါ့်ကို ခေါင်းခွေ့ပြီး အကြံဉာဏ် ယူရမည်။
မြို့မ စိန်ရတုပွဲ၊ ဦးချစ်ဖွယ် ၏ လှောင်
————————————–
ကုန်လွန်ခဲ့သည့် ၂၀၀၀ပြည့်နှစ်က မြို့မတူရိယာအသင်း ၇၅နှစ်မြောက် စိန်ရတု သဘင်ကို မန္တလေး အမျိုးသား ကဇာတ်ရုံတွင် ကျင်းပခဲ့သည်။ ထို စိန်ရတုအခမ်းအနားတွင် ကျင်းပရေးကော်မီတီ၌ ဆရာနတ်မောက်ထွန်းရှိန်၊ ဆရာသိုက်ထွန်းသက်နှင့် ကျွန်တော်တို့လည်းပါသည်။ မြို့မ စိန်ရတု မဂ္ဂဇင်း အယ်ဒီတာအဖွဲ့တွင် အယ်ဒီတာချုပ်အဖြစ် ဆရာနတ်မောက်ထွန်းရှိန်က တာဝန်ယူပြီး ဆရာသိုက်ထွန်းသက်၊ ဆရာပိုင်စိုးဝေ နှင့် ကျွန်တော်က အယ်ဒီတာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
အမျိုးသား ကဇာတ်ရုံတွင် မြို့မ ၇၅နှစ်မြောက် စိန်ရတု ဂီတပွဲတော်ကျင်းပသောအခါ ပွဲဦးညတွင် ဒေါ်ဒေါ်လူထုဒေါ်အမာကို ပင့်ဖိတ်၍ ပွဲကို ကြည့်ရှု အကဲဖြတ်စေသည်။ ထိုအချိန်တွင် ဒေါ်ဒေါ်က အသက်၈၅နှစ် ရှိပြီမို့ ခဏမျှသာ ကြည့်ဖို့ စီစဉ်ခဲ့သော်လည်း ဒေါ်ဒေါ်က ပွဲသိမ်းမှ ပြန်သည်။ တင်ဆက်သည့် အစီအစဉ်တွေကို သေချာကြည့်ရုံမက သီချင်းတွေကိုပင် လိုက်ဆိုကာ ပျော်နေသည်။ အထူးသဖြင့် ထိုစဉ်က သုမောင်သီဆိုသော “လှောင်” သီချင်းကို ဒေါ်ဒေါ်က သေချာလိုက်ဆိုသည်။ ထိုသီချင်းမှာ ဒေါ်ဒေါ်တို့ငယ်စဉ်အခါက လူရွှင်တော်ကြီး ဦးချစ်ဖွယ် က သီဆိုခဲ့သည်။
“အလွန်တကယ် သရော်လှောင်၊ အလွန်တကယ် သရော်လှောင်၊ ရွံတယ် ကျွန်တော်ရှောင်၊ ၇၀ကျော်တောင်၊ ကိုမြို့မနဲ့ ဝေးမယ် မထင်ပေါင်၊ သားတွေကလှောင် သမီးတွေကလှောင်၊ ပွဲတီးတဲ့အခါ မိန်းမကလှောင်၊ နေ့တိုင်း မင်းတို့ ကျုပ်ကို လှောင်လှောင်လှောင်လှောင် လှောင်ရက်ပေရဲ့မောင် ချစ်ဖွယ်ကြီး တရားမချို့ပေါင် သနားဖို့ကောင်” ဟု သီဆိုခဲ့သည်။ ဒေါ်ဒေါ်က ထိုသီချင်းကို မူလ သီဆိုသူ ဦးချစ်ဖွယ်ကို မှခဲ့သည်။ ဦးချစ်ဖွယ် ဆိုသူက ရှေး လူရွှင်တော်ကြီး ဖြစ်သည်။ ဇနီးဖြစ်သူ ဒေါ်စိန်သုန်ကလည်း နံမည်ကျော် အငြိမ့်မင်းသမီးကြီး ဖြစ်ကာ ချစ်ဖွယ်စိန်သုန် အငြိမ့် ဟု ထင်ရှားခဲ့သည်။ ဦးချစ်ဖွယ် က လင်္ကာ ရွတ်ဖတ်ရာတွင်လည်း နှစ်ယောက်မရှိသူဟုဆိုသည်။ ထို ဦးချစ်ဖွယ်အတွက် မြို့မနှင့် သီဆိုရန် “လှောင်” သီချင်းကို ဆရာမြို့မငြိမ်းက ရေးစပ်ပေးခဲ့သည်။
ကျွန်တော်တို့ ကြားဖူးတော့ ဦးချစ်ဖွယ် မရှိတော့။ ဦးချစ်ဖွယ်၏ သားဖြစ်သူ အဆိုတော်ကြီး ဦးသိန်းတန်က ဖခင်၏ “လှောင်” သီချင်းကို အမွေဆက်ခံကာ “သိန်းတန်ကြီး တရားမချို့ပေါင်၊ သနားဖို့ ကောင်” ဟု သီဆိုသည်ကိုပဲ ကြားဖူးသည်။ ထိုစဉ်ကာလ အဆိုတော်ကြီး ဦးသိန်းတန် သည်ပင် အသက်၇၀ အရွယ် ဖြစ်သည်။ အခု ၂၀၀၀ခုနှစ်မှာ မြို့မ စိန်ရတုပွဲ ကျင်းပသော အခါ ဦးသိန်းတန်လည်း မရှိတော့။ ထို့ကြောင့် “လှောင်” သီချင်းကို မင်းသား သုမောင်က ပြန်လည် သီဆိုသည်။ ထိုအခါ “သုမောင်ကြီး တရားမချို့ပေါင်၊ သနားဖို့ ကောင်”ဟု သီဆိုတော့ ဒေါ်ဒေါ်က သဘောကျပြီး ဦးချစ်ဖွယ်ကို ပြန်လည် သတိရကာ သီချင်းကို လိုက်ဆိုသည်။ ထိုညက မြို့မစိန်ရတုပွဲကို အစအဆုံးကြည့်ပြီး ဆောင်းပါးပင် ရေးလိုက်သေး၏။
ထို့ကြောင့် ယခု မန္တလေး အနှစ် ၁၅၀ပြည့်ပွဲကို ဒေါ်ဒေါ်ရှိစေချင်သည်။ ဒေါ်ဒေါ်က ကျင်းပသင့် ကျင်းပအပ်သည်များ အကြံပြုမည်။ လမ်းညွှန်မည်။ သို့သော် ယခု ဒေါ်ဒေါ် လူထုဒေါ်အမာ မရှိတော့။ ကျွန်တော်က မန္တလေး အနှစ်၁၅၀ပြည့် ပွဲနှင့် ဆက်စပ်ပြီး ဒေါ်ဒေါ့်ကို သတိရသည်နှင့် ဒေါ်ဒေါ့်ကို ကျွန်တော် နောက်ဆုံး တွေ့ခဲ့ရသည်များကိုပင် အမှတ်ရမိ သေးသည်။
ကျေးဇူးရှင် ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် နောက်ဆုံး တွေ့ခဲ့ပုံ
————————————————————
တကယ်တော့ ကျွန်တော် ၂၀၀၅ခုနှစ် သြဂုတ်လလယ်လောက် ကတည်းက လူထုကြီးပွားရေး အယ်ဒီတာစာပွဲမှသည် နောက်ထပ် မီဒီယာနှင့် ပတ်သက်သော စာပွဲသစ်တစ်လုံးဆီ ရောက်ခဲ့ရသည်။ ကနဦး အစမှာတော့ ၂နေရာက မလှမ်းမကမ်းမို့ စာပွဲ၂လုံးဆီ ကူးချည် သန်းချည်ပေါ့။ နောက်တော့ စာပွဲအသစ်၏တာဝန်က ဖိဆီးလာတော့ လူုထု စာပွဲဆီ မရောက်ဖြစ်တော့။ ဒါပေမယ့် လူထုမန်နေဂျာ အစ်မဒေါ်တင်ဝင်း နှင့် ဆရာညီပုလေးတို့က လိုအပ်သော တာဝန်ပေးမှုများဖြင့် အဆက်အသွယ်မပြတ်ခဲ့။ ဤသို့ဖြင့် ၂၀၀၇ခုနှစ် နိုဝင်ဘာလ၏ လကုန်ပိုင်း တစ်နေ့လယ်ခင်းတွင် အစ်မကြီး ဒေါ်တင်ဝင်းက ဖုန်းဆက်ပြီး “ မေမေက မင်းကို စကားပြောချင်လို့တဲ့” ဟု ဆိုကာ ဒေါ်ဒေါ့်ကို ဖုန်းပေးလိုက်တော့ “ ဆူးငှက်ရေ.. မင်းနေကောင်းလား၊ အားရင် ဒို့ဆီလာခဲ့ပါဦး” တဲ့။
ကျွန်တော် ဝမ်းသာ ဝမ်းနည်းဖြစ်သွားပါ၏။ “ ဟုတ်ကဲ့၊ ဒေါ်ဒေါ်ရော နေကောင်းလား၊ ကျွန်တော်လာမယ်။ ခဏနေ ဒေါ်ဒေါ် နေ့ခင်းပိုင်း အိပ်ဦးမှာမဟုတ်လား၊ ဒေါ်ဒေါ်နိုးမယ့်အချိန်လာမယ်ဗျ” ဟုဆိုတော့ တိုးလျသောအသံဖြင့် “ အိပ်မပျော်တော့ပါဘူးကွယ်၊ ကလေးတွေ စိတ်ချမ်းသာအောင်သာ အိပ်ချိန်တန်ရင် မျက်လုံပိတ် အိပ်ချင်ယောင် ဆောင်ရတာ၊ တကယ်တမ်း အိပ်မပျော်ပါဘူး၊ မင်းလာရင် ဒေါ်ဒေါ်လို့ သာ အသံလေးပေးလိုက်၊ ဒေါ်ဒေါ် မျက်လုံး ဖွင့်မှာပေါ” တဲ့။ ထု့ိကြောင့် ညနေ ၄နာရီလောက် အပေါ်ထပ်က ဒေါ်ဒေါ့်အိပ်ရာဆီရောက်တော့ “ မင်း ရောက်ပြီလား” တဲ့။ ကျွန်တော်က ဦးချကန်တော့ရင်း မျက်ရည် တွေတွေ ကျပေါ့။ ဒေါ်ဒေါ်က သူပြောချင်တာလေး ခပ်တိုတိုပြောပေါ့။ ပြီးတော့ တူအရီးနှစ်ဦးနှုတ်ဆိတ်သွားကြ။ ခဏနေတော့ “ မင်းက အလုပ်အများသား ပြန်ပါကွယ့် ၊ ဒို့က တွေ့ရုံပါ၊ အကြောင်းအထွေအထူးမရှိပါဘူး” တဲ့။
အိပ်ရာပေါ်မှာ အနားယူနေသော ဒေါ်ဒေါ့်ကို ပျဝတ်ဦးချ ကန်တော့ အပြီး ဒေါ်ဒေါ့်ကို လှမ်းကြည့်တော့ အောက်စီဂျင် ပိုက်နှင့် ဒေါ်ဒေါ့်မျက်နှာက ပီတိအပြုံးတွေ လတ်ဆတ်ဆဲလေ..၊ ဒါပေမင့် ဖျော့တော့..။ “ အေး..၊ အေး…. မင်းကိုတွေ့ချင်လို့ပါကွယ်။ မင်း အလုပ်တွေ များနေမယ်ဆိုတာသိပါရဲ့။ မနေ့ကပဲ မင်း ဆုရတဲ့ စာအုပ်လေးကို ရွှေပြည်စိုးက အစအဆုံး ဖတ်ပြတယ်။ ဒို့ ငယ်ငယ်က အကြောင်းတွေမို့ လွမ်းလိုက်တာ..၊ ဒါနဲ့နေပါဦး အဲ့ဒါတွေက မင်းမမွေးခင်က အကြောင်းတွေမှုတ်လား၊ ဘယ်လိုလုပ်သိတာလဲ.. (ကျွန်တော်က အဲ့ဒါတွေက ဒေါ်ဒေါ့် စာအုပ်တွေ ထဲကလေ.. ဟုဖြေတော့) သြော်.. ဒို့က ဒါတွေ ရေးခဲ့ဖူးသလား” တဲ့လေ။
ကျွန်တော် ပြန်မဖြေနိုင်၊ စကားလုံးပျောက် ငေးငိုင်။ ဒေါ်ဒေါ်က လေဘာတီမမြရင် ဗွီစီဒီခွေ ကြည့်စဉ်ကလည်း ဤသို့ပင် မေးလို့ သည်လိုပဲ ဖြေခဲ့ဖူးသည်။ ဒေါ်ဒေါ် မျက်လုံးပြန်မှိတ် တော့ ကျွန်တော်က ထပြီး “ ဒေါ်ဒေါ် ကျွန်တော်ပြန်ပါဦးမယ်” ဟု အသံထိန်းကာ မနည်းနှုတ်ဆက်လိုက်ရသည်။ ဒေါ်ဒေါ်က ပို၍ တိုးသော လေသံလေးနှင့် “အေး.. အေး..၊ တိုက်ကို အဝင်အထွက် မပျက်ကြပါနဲ့ကွယ်..” တဲ့။ ကျွန်တော် ဒေါ်ဒေါ်၏ လက်ကလေးကို ညင်သာစွာ ထိကိုင် ကာ ဖြည်းဖြည်းချင် လက်ရုပ်၍ ဒေါ်ဒေါ်ခုတင်ဘေးက နောက်ဆုတ် နှုတ်ဆက် ပြန်ခဲ့ပါပြီ။
ထို့နောက် မလှမ်းမကမ်းမှာ ရပ်နေကြသော မမ ဒေါက်တာဒေါ်သန်းရင်မာနှင့် မမဒေါ်တင်ဝင်းတို့ကို ခေါင်းညိတ်ရုံမျှ နှုတ်ဆက်ရင်း သွန်ကျလာသော မျက်ရည်တွေကြားက ကြိမ်ဖန်များစွာ တက်ခဲ့ သက်ခဲ့သော လူထုတိုက်၏ အပေါ်ထပ်တက်သည့် လှေကားက လှေကားထစ်တွေကို တစ်ထစ်ချင်း နင်းကာ ဆင်းခဲ့သည်။ ကျွန်တော့ကို အောက်ထိလိုက်ပို့သည့် မမဒေါ်တင်ဝင်းကလည်း ခေါင်းညိတ်နှုတ်ဆက်..။
သည်လိုနှင့် နောက် ၅လအကြာ ၂၀၀၈ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပြည်သူချစ်သော ထီးရိပ်၏ ပဲ့ကိုင် ဒေါ်ဒေါ် လူုထုဒေါ်အမာ သူချစ်သော လူထုကို ခွဲခွာ ထားရစ်ခဲ့တော့သည်။
မန္တလေး အနှစ်၁၅၀ပြည့် အနုပညာပုံရိပ် ပွဲတော်
———————————————–
မန္တလေး အနှစ် ၁၅၀ ပြည့်ကို တိုင်းအဆင့် အာဏာပိုင်များကလည်း မန္တလေး စည်ပင်သာယာရေး ကော်မတီ ရုံးရှေ့တွင် ဗဟိုမဏ္ဍပ်ထိုးကာ ကျင်းပသကဲ့သို့ မြို့မိမြို့ဖများဦးဆောင်ပြီး စာပေ ပန်းချီ ဂီတ သဘင် ပညာရှင်များ ပူးပေါင်း ကျင်းပကြသည့် မန္တလေး အနှစ်၁၅၀ပြည့် အနုပညာပုံရိပ် ပွဲတော် အစီအစဉ်ကိုတော့ အမျိုးသား ကဇာတ်ရုံတွင် ကြိုတင် ၍ ၂၀၀၉ခုနှစ် မေ (၁) ရက်၊ (၂) ရက်၊ (၃) ရက်နေ့ညများမှာ ကျင်းပခဲ့သည်။
ဈေးချိုတော်အပါအဝင် မြို့တွင်း လေးပြင်လေးရပ်မှာ စိုက်ထူထားသော ကြော်ငြာဘုတ်ကြီးမျာနှင့် လေးပြင်လေးရပ် ဝင်းကြိုဝင်းကြား လမ်းကြို လမ်းကြားမကျန် လှည့်လည် လှုံ့ဆော်သော ကြော်ငြာလှည့် ကားကြောင့်ရော သည်ပွဲတော်ကြီးကို မျှော်လင့် အားခဲနေကြသည်။ ‘မန္တလေးအနုပညာ ပုံရိပ်ပွဲတော်’ ဟူသော အသုံးနှုန်းက အနုပညာကို ရမ္မက်ပြင်းသော မန္တလေးသားများအတွက် ဆွဲဆောင်မှုဖြစ်စေ၏။ ‘ မန္တလေးအနုပညာ’ ။ မန္တလေးသားတွေ အစွဲကြီးကြီး တသသ တန်ဖိုးထားလွန်းသော ‘ မန္တလေးအနုပညာ’ ဆိုသည်နှင့် အမြင်ကျယ် တတ်သိ လိမ္မာသော မန္တလေးသားတွေက ပါးစပ်တပြင်ပြင် လည်တဆန့်ဆန့်ဖြစ်ကြရသည်။
ပွဲဦးကန့်လန့်ကာ မဖွင့်မီ ထုံးတမ်းစဉ်လာအရ ဆိုင်းအဖွဲ့က စားတော်တိုက် တီးလုံးတီးကာ လမိုင်းတင်သည်။ ထိုစားတော်တိုက် တီးလုံးကလည်း မည်ကာမတ္တ ပါသည်ဆိုရုံ မဟုတ်၊ ဌာန်ကရိုဏ်း ကျကျ ပတ်စုံ ကြေးစုံဖြင့် ကျကျနန တီးခတ်လိုက်သည်။ ထို့နောက် ခေတ္တခဏ နားပြီး ပွဲတော်အစီအစဉ်ကို ဂုဏ်ပြု ပဏာမတေးများဖြင့် သီဆို ဖွင့်လှစ်လိုက်သည်။ ရွှန်းပလမင်းနှင့် လက်လက်ကြယ်တာရာ အစုံ ကောင်းကင်နောက်ခံတွင် ရောင်စုံမီးလုံးတွေ ဖျပ်ဖျပ်နှင့် ပြာသာဒ်တွေက ခံထည်သော မြို့ရိုးကြီးအပေါ် မိုးယံစွင့်နေ၏။
လရိပ်၊ ကြယ်ရိပ်၊ မီးလုံးရိပ်တို့ ကျုံးရေပြင်တွင် ထင်ဟပ်နေသည်။ ထိုမြင်ကွင်းနောက်ခံဖြင့် မန္တလေးသူ မန္တလေးသား အဆိုတော်တို့ မန္တလေးအနှစ် ၁၅ဝ ပြည့် ပဏာမ ဂုဏ်ပြု တေးသီချင်းကို သီဆိုကြတာပေါ့။ အတွင်းတော်တီး စိန်ဆိုင်းတော်၏ မျိုးဆက်များဖြစ်သော ဆိုင်းတော်နှင့် မန္တလေးဂုဏ်ဆောင် မြို့မတူရိယာအသင်းကြီးတို့ ပူးတွဲပြီး တီးမှုတ်ပေးသဖြင့်၊ ကြွရရွနှင့် မြိုင်ဆိုင်နေသည်။ ဂုဏ်ပြု ပဏာမ တေးသီချင်းက လက်ခုပ်သြဘာသံ အပြည့်ဖြင့် လက်စသတ် လိုက်သည်။ ဖျော့တော့ထားသော မီးရောင်တွင် ကတ္တီပါ ကားလိပ်ကြီး၏ အနီသွေးက ဝံ့ကြွားနေ၏။ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ကြေညာသံက ထွက်ပေါ်လာသည်။
ရွှေနန်းတွင်းမူ ရှေးရိုး တပင်တိုင်အက
—————————————-
ရတနာပုံခေတ် ကတည်းက ရွှေနန်းတော်တွင်း၌ ဧကရာဇ် ဘုရင်ကိုယ်တိုင် ချီးမြှောက်၍ သဘင်မှု သမားစဉ် ထုံးတမ်း စဉ်လာအရ ရတနာသုံးပါးနှင့် တကွ မင်းပရိသတ်ကို ပူဇော် ကန်တော့သော ရှေးရိုး တပင်တိုင်အကကို မူမှန် စနစ်မှန်အတိုင်း ကပြမည့် အစဉ်အလာဖြစ်သည်။ ရတနာသုံးပါး ကန်တော့ခြင်းအကကို ပွဲဦးပွဲစမှာ ထားရသည့် ထုံးစံကလည်း ဗုဒ္ဓဘာသာ မြန်မာတို့၏ ယဉ်ကျေးမှုပဲ မဟုတ်ပါလား။ နစ္စ၊ ဂီတ၊ ဂီတ၊ ဝါဒိတ အလုပ်ပေမင့် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်ကို ဦးထိပ် ပန်ဆင်သည့် အစဉ်အလာဖြစ်သည်။ ယဉ်ကျေးမှုဖြစ်သည်။ ဓလေ့ထုံးတမ်း ဖြစ်သည်။ ထို့ကြောင့် ပွဲဦးအစ ရှေးရိုးတပင်တိုင်ဖြင့် ကန်တော့ခြင်းက မန္တလေးမူ၊ မန္တလေးစနစ်၊ မန္တလေးယဉ်ကျေးမှုလည်း ဖြစ်ချေ၏။ မန္တလေးအနုပညာပုံရိပ်ထဲက အလေးအမြတ် ထားဖွယ် အဆင့်မြင့် ကဏ္ဍတစ်ခုကို ဖော်ထုတ်ခြင်း မည်ပါသည်။
မြန်မာ့ ရှေးရိုး တပင်တိုင်အက၏ တီးလုံးကို ရွှေနန်းတွင်း မဟာဂီတမူ အတိုင်း ရွာစားကြီး စိန်ဗေဒါက တီးခတ်ခဲ့သည်။ ဖျဉ်းချင်၊ ဖျဉ်းဖျပ်ဖျပ်၊ သံချပ် အစုံအလင်နှင့် ဖြစ်ပါ၏။ ဒီတီးလုံး၊ ဒီအသွား၊ ဒီအသံက မန္တလေးမှာပဲ ဖြစ်ထွန်းခဲ့သည်။ အခု မကြားရတာ နှစ်ပေါင်း ၃ဝ ကျော်ပြီ။ ဒီအမွေအနှစ်ကို ပြန်လည် ဖော်ထုတ်ခြင်း ဖြစ်သည်။ အတွင်းတော်တီး စိန်ဆိုင်းနှင့် ရွှေနန်းတွင်း အကထိပ်ခေါင်တို့ အနုပညာ ကွန့်မြူးမည့် အညွန့်အဖူးအစီအစဉ် ဖြစ်သဖြင့် အနှစ် ၁၅ဝ အတွင်း ပြန်လည် ဖော်ထုတ် တင်ဆက်တော့ ပရိသတ်အတွက် ကျေနပ်ပီတ ိဖြစ်ကြရပြန်သည်။ အက ဒေါ်ခင်ဝင်းနွယ်နှင့် ဆိုင်းက ထပ်ဆင့် အကယ်ဒမီစိန်မွတ္တားတို့ ဖြစ်ပါ၏။
မန္တလေးဂီတ တေးအလင်္ကာ
——————————
မြန်မာသမိုင်း အဆက်ဆက် ထီးစိုက်နန်းစိုက် မြို့တော်များ အသီးသီး ရှိခဲ့ရာ၊ ရတနာပုံခေတ် မန္တလေး နေပြည်တော် သည် ထီးဘွဲ့နန်းဘွဲ့မြို့ဘွဲ့ အများဆုံး့ရှိခဲ့သော အထင်ကရ မြို့တော်ဖြစ်သည်။ ပတ်ပျိုး၊ ကြိုး၊ ယိုးဒယားများအပြင်၊ ရတု၊ ရကန်၊ အဲအန်၊ လူးတား၊ တေးထပ်၊ လွမ်းချင်း၊ ဗုံကြီးသံ၊ စည်တော်သံစသဖြင့် ရှုထောင့်မျိုးစုံမှ ဖွဲ့နွဲ့ရေးသားသော မန္တလေးမြို့ဘွဲ့တွေ အများအပြားရှိခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် အမြုတေ ဖြစ်ခဲ့သည့် သီချင်းများလည်း ဖြစ်သည်။
ထို့ကြောင့် မန္တလေးအနှစ် ၁၅ဝ ပြည့်ချိန်တွင် ထိုကျေးဇူး၊ ထိုဂုဏ်ပုဒ်ကို ပြန်လည် ဖော်ထုတ်ကြရ၏။ ရှေးမန္တလေး မဟာဂီတတက္ကသိုလ် အဖွဲ့သားတွေလို ပတ္တလား၊ စောင်း၊ မိကျောင်း၊ ဘင်ဂျို၊ တယော၊ ပုလွေတို့ဖြင့်လော။ သည်လို မဟုတ်၊ မန္တလေးအနှစ် ၁ဝဝ သက်တမ်းအတွင်း မြန်မာ့ဂီတလောကအတွက် အကြီးမားဆုံး ပြောင်းလဲမှုကြီးကို မန္တလေးက ပြုလုပ်ခဲ့သည် မဟုတ်လော၊ ၁၉၂၅ ခုနှစ်တွင် မြို့မဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်း တူရိယာအသင်းကြီးကို အမြင်ကျယ်သော ခေတ်ပညာတတ် မန္တလေးသားများက စုစည်း တည်ထောင်ခဲ့ပြီး ခေတ်ပေါ် တူရိယာ ပစ္စည်း များဖြင့် ကမ္ဘာသုံး သင်္ကေတ ပညာကို အသုံးပြုကာ မြန်မာမှု တေးသွားများကို မြို့ဘွဲ့ သီချင်းကြီး သီချင်းခံများက ကောင်းနိုးရာရာ အပိုဒ်များကို စုစည်းပြီး ‘ပဒေသာ’ အဖြစ် မြို့မက သြခက်စတြာအသွင် တီးမှုတ်ခဲ့သည်။ စောင်း၊ ပတ္တလား၊ မြန်မာပတ်ဝိုင်း တို့နှင့်အတူလူ ၆ဝ မကသော မြို့မတူရိယာအဖွဲ့ကြီးက လေမှုတ်တူရိယာများ အစုံအလင် နှင့် တယောအဖွဲ့က အင်ပြည့် အားပြည့် တီးမှုတ်ထားခြင်းဖြစ်သည်။
ထိုသီဆို တီးမှုတ်မှုတွင် ရတနာပုံခေတ် ယိမ်းပျိုဖြူလေးများက မန်းဟန် နန်းဆန်သော ကကြိုးကကွက်များဖြင့် သရုပ်ဖော် ကပြခဲ့သည်။ အနှစ် ၁၅ဝ ကို(ထိုစဉ်က) သက်တမ်း ၈၅ နှစ် ရှိအသင်းကြီးက ဂါရဝဖြင့် ဂုဏ်ပြုလိုက်ခြင်း မည်ပါ၏။ အမြော်အမြင်ရှိသော ပညာရှင်ကြီးများက အသင်းဖွဲ့စည်း စဉ်ကပင် ဖွဲ့စည်းပုံတွင် ထည့်သွင် းပြဋ္ဌာန်းထားသော မဟာဂီတ သီချင်းကြီးများကို အနောက်တိုင်း တူရိယာပစ္စည်း ဝိုင်းဖွဲ့ နည်းစံနစ်များဖြင့် ခံ့ညားစွာ တီးမှုတ်နိုင်ရေး ဟူသော ရည်ရွယ်ချက်ကို ဂီတမှူး ဦးရွှန်းမြိုင်နှင့် ဦးရဲထွေးတို့က အားထုတ် ကြိုးပမ်း တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ ယိမ်းအဖွဲ့ အတွက် အကပညာရှင် ဒေါ်ခင်ဝင်းနွယ်က တာဝန်ယူကာ ကိုယ်တိုင်လည်း ပါဝင်ကပြခဲ့သည်။
ထို မဟာဂီတ တေးအလင်္ကာ အစီအစဉ်မတိုင်မီ တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့သည့် အညာဆန်လှေ အော်ပရာ ကဇာတ်ကိုလည်း တင်ဆက်ခဲ့သည်။ ထိုကဇာတ်က အကယ်ဒီဒါရိုက်တာ မောင်ယဉ်အောင်၏ အော်ပရာကဇာတ်ဖြစ်ကာ မြို့တော်အင်အားသစ် ဇာတ်ခုံတွင် စင်တင်ခဲ့ရာ လူကြိုက်များလှသည်။ ထိုစင်တင် အော်ပရာသာမက ဆရာမောင်ယဉ်အောင် က ဆရာမြို့မငြိမ်း၏ မြင်းခင်းတော် သီချင်းကိုလည်း ကဇာတ်ပုံစံ တင်ဆက်ခဲ့ရာ ကြက်သီးထမျှ လက်ခုပ်သြဘာ ကျခဲ့သည်မှာလည်း အမှတ်တရ ဖြစ်ပါ၏။
မဟာဂီတ ပဒေသာသီချင်းကြီးများ အစီအစဉ်ပြီးသည့်နောက် လူရွင်တော် ချစ်စရာ၏ မန္တလေးသားပါဗျ အမည်ရှိ တစ်ခန်းရပ် ဟာသ ပြဇာတ်ကို တင်ဆက်ခဲ့ရာ ထိုစဉ်ကာလ မန္တလေး၏ သရုပ်ကို ပေါ်လွင်လှသဖြင့် တသောသောရယ်မော ပွဲကျကြရသည့် သရုပ်မှန် ပြကွက် ဖြစ်ခဲ့သည်မှာ အမှတ်တရ ဖြစ်သည်။ တကယ်တော့ ထို တစ်ခန်းရပ်ပြဇာတ်က ကြိုတင် တီးလုံးတိုက် ဇာတ်တိုက်ထားသည် အဟုတ်မူဘဲ စင်ပေါ်ရောက်မှ လူရွှင်တော်ချစ်စရာက ဦးဆောင်ကာ ကျန် ဝါရင့်လူရွှင်တော်ကြီးများနှင့် လက်တန်း သဘောပေါက် ပြောဆို တင်ဆက်ခဲ့သည့် ပြဇာတ်ဖြစ်သည်။ မန္တလေး၏ လက်ရှိ ခေတ်သရုပ်မို့ ပရိသတ်အကြိုက်ဖြစ်ခဲ့သည်။
ခေတ်၅ခေတ် မန္တလေးအငြိမ့်
——————————-
ထို အစီအစဉ်များ ပြီးနောက် မန္တလေးမြို့တွင် ပေါ်ထွန်းခဲ့သော မန္တလေး အငြိမ့်သဘင် ခေတ်များကို အမှတ်တရ ဖြစ်စေမည့် မန္တလေး အငြိမ့်သဘင် ခေတ်ငါးခေတ် အငြိမ့်ခန်း အစီအစဉ် ဖြစ်သည်။ ရွှေနန်းတွင်းမှ ထိုင်ဆို အငြိမ့်ကြီး များမှအစ မယင်းတော်၊ မဆင်ခိုး၊ မထွေးလေးတို့ခေတ်၊ ထို့နောက် ချစ်ဖွယ် စိန်သုံခေတ်၊ ထို့နောက် မငွေမြိုင်၊ လေဘာတီမမြရင်၊ သြဘာသောင်း တို့ခေတ်၊ ထို့နောက် မန္တလေးပန်တျာခေတ်မှ ‘မြို့မအငြိမ့်ခန်း’ ကူးပြောင်း သရုပ်ဖော် တင်ဆက်မှု အစီအစဉ်ဖြစ်သည်။ ရွှေနန်းတွင်း ထိုင်ဆို အငြိမ့်ကြီး ဆိုပါတော့။ တကယ်တော့ နန်းတွင်း အပြင်အဆင်၊ နန်းတွင်းတူရိယာ နန်းတွင်းသီဆိုမှု ဟန်ပန် အဝတ်အစား အနေအထိုင်များဖြင့် တစ်ပိုဒ်မျှ သီဆိုပြီး မယင်းတော်တို့ အငြိမ့်ခန် းအပြင်အဆင်ခန်းသို့ အမှတ်မထင် ပြောင်းလဲမှုမျိုးဖြစ်သည်။ ထို့အတူ အောက်လင်း ဓာတ်မီးနှင့် ချစ်ဖွယ်စိန်သုံအငြိမ့်၊ ထို့နောက် ထို့နောက်။ ခေတ်၅ခေတ် အငြိမ့်အစီအစဉ်ကို အငြိမ့် ပညာရှင် ပန်တျာဒေါ်ဌေးဌေးမြင့် က တာဝန်ယ ူဦးဆောင်ကာ မျိုးဆက်သစ် အငြိမ့်မင်းသမီးလေးများဖြင့် တင်ဆက်ခဲ့သည်။
အငြိမ့်အစီအစဉ် ပြီးလျှင် အီနောင် ကိုစံတုတ်မှအစ၊ ရွှေမန်းတင်မောင် အစရှိသည်ဖြင့် မန္တလေးကိုယ်စားပြု ဇာတ်မင်းသားကြီးများကို သတိတရ ဂုဏ်ပြုသော နှစ်ပါးသွား အစီအစဉ်ကို မန္တလေးမြို့ခံ နာမည်ကျော် ဇာတ်မင်းသားများက ပူးပေါင်း တင်ဆက်ကြခြင်း ဖြစ်သည်။
ထက်ဗြဟ္မာဘုန်း ရိုက်ချုန်း ပဲ့တင်ညံ
————————————–
မြန်မာ့ ဇာတ်သဘင် ထုံးစံအတိုင်း နှစ်ပါးသွားပြီလျှင် ဇာတ်တော်ကြီး ကပြခဲ့သည်။ ဇာတ်တော်ကြီးက အမရပူရမှ မန္တလေး ရတနာပုံ ရွှေမြို့တော်သစ်ဆီသို့ ထီးသိမ်း နန်းသိမ်း အောင်ပွဲခံသည့် ဇာတ်တော်ကြီးဖြစ်၏။ အမရပူရ ရွှေနန်းတော်မှာ မင်းတုန်းမင်းတက်သိမ်း စိုးစံပြီ မန္တလေးအရပ်၌ ထီးသစ် နန်းသစ် တည်ထောင်လိုခြင်း ဆန္ဒ ကြောင်းခြင်းများနှင့် အနုပညာသည်များ ပူးပေါင်း ပါဝင်မှု အခန်းကဏ္ဍများ သရုပ်ဖော်မှု ဖြစ်သည်။ ဇာတ်တော်ကြီး အစီအစဉ်အတွက် ဇာတ်ညွှန်းကို စာရေးဆရာ လူရွှင်တော် ချစ်စရာက ရေးသားပြီး အကယ်ဒမီ ဒါရိုက်တာ မောင်ယဉ်အောင်က ဦးဆောင် တင်ဆက်သည်။ ဇာတ်ပို့ ဂီတမှူးအဖြစ် ထပ်ဆင့် အကယ်ဒမီစိန်မွတ္တားက တာဝန်ယူ၏။ မြို့ခံ ဇာတ်သဘင်ပညာရှင် မျိုးဆက်ဟောင်း မျိုးဆက်သစ်တို့ ကျရာနေရာမှ ညီညီညွတ်ညွတ် ပူးပေါင် းပါဝင်ခဲ့ကြသည်မှာ အမှတ်ရ လွမ်းဆွတ် ဖွယ်ရာ ဖြစ်တော့သည်။
တကယ်တော့ အနုပညာပုံရိပ်ပွဲတော်က အာဏာပိုင်အဖွဲ့အစည်းက ကျင်းပသည့် မန္တလေး အနှစ်၁၅၀ ပွဲတော်ကြီးအကြို တင်ဆက်သည့် အစီအစဉ်ဖြစ်သည်။ ပွဲတော်ကြီး အစီအစဉ်အတွက် ရတနာပုံခေတ် ထွက်တော်မူကြီး အစီအစဉ် အတွက်လည်း ပညာရှင်များဖြစ်သည့် တမ္ပဝတီဦးဝင်းမောင် အစရှိသည့် ပညာရှင်များက ကူညီကြသည်။ ထို့ပြင် မန္တလေးစာအုပ်သမိုင်းပြပွဲနှင့် စာအုပ်ဈေးပွဲတော် အစီအစဉ်ကိုလည်း ထွန်းဦးစာပေ ဦးထွန်းဦး ဦးဆောင်ကာ မန္တလေး ကဗျာဆရာများ၊ ဂျာနယ်လစ်များနှင့် ခမ်းနားစွာ ဖွင့်လှစ်ပြသနိုင်ခဲ့၏။ ထို့ပြင် ဦးထွန်းဦးက အနုပညာပုံရိပ်ပွဲတော်၏ ပြန်ကြားရေး နေရာချထားရေး လုံခြုံရေးနှင့် လက်မှတ်ရောင်းချရေးများပါ တာဝန်ယူခဲ့သည်။
ဖဲပွင့်ဝါနှင့် ဆင့်စာ
———————
ကုန်လွန်ခဲ့သော ကာလ မန္တလေးမြို့တည် နန်းတည် အနှစ်၁၅၀ အထိမ်းအမှတ် ‘မန္တလေး အနုပညာ ပုံရိပ်ပွဲတော်’ က မန္တလေးအနုပညာရှင်များ၏ ညီညွတ်မှုနှင့် မန္တလေးချစ်စိတ်ကို ပြသခဲ့သည့် မှတ်တိုင်လည်း ဖြစ်ခဲ့သည်။ ပြန်လှန်စဉ်းစားလိုက်တော့ ထိုပွဲတော်ကြီး ကျင်းပရန် ကြိုတင် ပြင်ဆင်စဉ်ကာလက အစည်းအဝေး စတင် ကျင်းပ သည်မှ အနုပညာပုံရိပ်ပွဲတော်ရော ပင်မပွဲတော်ကြီး ကျင်းပစဉ်ကရော မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးမှာ ဝင်ချည် ထွက်ချည်၊ တိုင်းမှူး မြို့တော်ဝန် စသည့် ပုဂ္ဂိုလ်များဖြင့် လုပ်ငန်းစဉ်များ ပြောကြဆိုကြ ဆွေးနွေးကြသည်။
ထို့ပြင် အခမ်းအနား ဖွင့်လှစ်သော အချိန်မှာလည်း ထွက်တော်မူကြီးနှင့် အနှစ်၁၅၀ပြည့် ဂုဏ်ပြုရတုကို ဇာတ်မင်းသားလေး သိန်းဇော် က မင်္ဂလာ နန်းတော်ရှေ့ စည်တော်ကြီး အဖွဲ့နှင့် ခမ်းနားကျက်သရေရှိစွာ ရွတ်ဆိုသံကို ရင်ပတ်တွင် ဖဲပွင့်ပါ တံဆိပ်ကြီးနှင့် မြို့တော်ဝန် ဗဟိုမဏ္ဍပ်ပေါ် မြိန့်မြိန့်ကြီး ထိုင်၍ နားဆင်ခဲ့ရပါ၏ (တစ်သက်နှင့် တစ်ကိုယ် ထိုမဏ္ဍပ်ပေါ်သို့ ယနေ့ထိ တစ်ကြိမ်ပဲ ဖိတ်ကြားခံရလို့ ထိုင်ဖူးပါသည်)။ ဤသို့ မန္တလေး၏ VVIP ဖြစ်နေချိန်တွင် ကျွန်တော်တို့ သရက်ကုန်း ရပ်ကွက်လေးမှာတော့ အကွက်ပြန်ရိုက်ရန်ဟူသော အကြောင်းပြချက်ဖြင့် ရပ်ကွက်နေ ပြည်သူများပိုင်ဆိုင်သော မြေကွက်များနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများ အထောက်အထား စာရွက်စာတမ်းများကို ရပ်ကွက်ရုံးတွင် လာရောက် အပ်နှံရမည်ဟူသော အကြောင်းကြားစာများ ရောက်ရှိလာပါသည်။
ကျွန်တော်သည် ခမ်းနားလှသည့် မန္တလေး အနှစ်၁၅၀ပြည့် အထိမ်းအမှတ် ပွဲတော် ဖွင့်ပွဲက အပြန် အိမ်သို့ ရောက်သောအခါ ဖဲပွင့် တံဆိပ်ဝါကြီး ရင်ပတ်နေရာထိုးထားသော တိုက်ပုံအင်္ကျီကို ချိတ်၌ ချိတ်ပြီးသကာလ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ ရပ်ကွက်ရုံးသို့ လာရောက်အပ်နှံရမည်ဟူသော စာကို ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ရင်း ဖတ်လိုက်ရတော့သည်။ မောပါ့။
မန္တလေးကို ချစ်လို့
——————–
ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ် ရတနာပုံ မြို့တည်နန်းတည် မန္တလေးအနှစ် ၁၅၀ တင်းတင်း ပြည့်သည်မို့ တစ်သက်မှာ တစ်ခါကြုံရသော ပွဲလမ်းအထိမ်းအမှတ် အဖြစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအပါအဝင် အကြီးအကဲများ ၊ မန္တလေးမြို့မိမြို့ဖများ၊ မန္တလေး အနုပညာရှင်များနှင့် ပူးပေါင်းကာ မန်္တလေး နှစ် ၁၅၀ ပြည့်ပွဲတော်ကြီး အနှစ်သာရရှိရှိ ကျင်းပ ခဲ့ကြပါပြီ။
၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အကြံပြုအစည်းအဝေးမှ အစပြုပြီး ၂၀၀၉ ဇန်နဝါရီလ ၁၅ ရက်နေ့ ဗဟိုဦးစီး ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းရေး အစည်းအဝေး၊ ဇန်နဝါရီလ ၃၀ ရက်နေ့ ကျင်းပသော အစည်းအဝေးများမှအစ…၊ နောက်ပိုင်း အစည်းအဝေးတွေ တက်ရောက်ရင်း၊ ““မန်္တလေးနှစ် ၁၅၀ ပြည့်”” ဟူသော တစ်ချောင်းတည်း စိတ်ဖြင့် ပွဲတော်ကြီး ခမ်းနား သိုက်မြိုက်စွာ အောင်မြင်ရေးကို ပြောဆို ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ အတည်ပြု ဆုံးဖြတ်ခဲ့ကြပေသည်။ ဖေဖော်ဝါရီ ၄ ရက်နေ့ အစည်းအဝေး၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ အစည်းအဝေးများ၌ လုပ်ငန်းရုပ်လုံးတွေ ပီပြင်လာတော့၏။
မန္တလေးနှစ် ၁၅၀ ပြည့် အစည်းအဝေးတွေက အပြန် အိမ်သို့ ရောက်လေတိုင်း သက်ပြင်းချရင်မောကာ အားငယ်မိ တော့သည်။ ဤသို့ဖြင့် မန္တလေး မြို့တည် နန်းတည် အနှစ်၁၅၀ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့မိမြို့ဖများနှင့် စာပေဂီတသဘင် ပန်းဆယ်မျိုး အနုပညာရှင်များ စုစည်း၍ အကြိုအဖြစ် မန္တလေး အနုပညာ ပုံရိပ်ပွဲတော်ကို အမျိုးသားဇာတ်ရုံတွင် ၂၀၀၉ခုနှစ် မေလ ၁ရက်နေ့မှ ၃ရက်နေ့အထိ ၃ရက်တိုင် ကျင်းပခဲ့သည်။
ထွက်တော်မူကြီး ဝင်းခင်း အစီအစဉ်များဖြင့်
———————————————
ထို့နောက် ရတနာပုံ မန္တလေး မြို့တည်နန်းတည် အနှစ်(၁၅ဝ)ပြည့် အထိမ်းအမှတ် ပွဲတော်ကြီးကို မေလ ၁၄ရက်မှ ၁၆ရက်အထိ ကျင်းပခဲ့သည်။ အကြို အစီအစဉ် အဖြစ် စာတမ်းဖတ်ပွဲများကို ဧပြီ ၂၈ရက်မှ ၃ဝ ကျင်းပကာ အလွတ်တန်း၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲလည်း ကျင်းပခဲ့သည်။ မေလ ၁၄ရက်နေ့တွင် ဖွင့်ပွဲ အခမ်းအနားကို မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မီတီရုံးရှေ့ ဗိုလ်ရှုခံ မဏ္ဍပ်တွင် ထွက်တော်မူကြီး ဝင်းခင်း အစီအစဉ်များဖြင့် ကျင်းပကာ မန္တလေးတောင်ခြေ အားကစားကွင်းတွင် မြန်မာ့ရိုးရာ အားကစားပွဲတော်များ ဈေးပွဲတော်များနှင့် ကုသိုလ်တော် ဘုရားဝင်းကျင်တွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ တီးဝိုင်းများဖြင့် အခမဲ့ကြည့်ချင်ပွဲများ ကျင်းပခဲ့သည်။ မြို့တော်ခန်းမ (၁)တွင် ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲ၊ ရွှေချည်ထိုး ပြပွဲ၊ မြန်မာမှု လက်ရာ ပြပွဲများ ခင်းကျင်းပြသခဲ့ကာ ဗထူးအားကစားကွင်းတွင် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများ ကျင်းပခဲ့သည်။
မန္တလေးမြို့နှင့် ပတ်သက်သည့် ဂန္ထဝင် စာအုပ်ပြပွဲနှင့် စာအုပ် အရောင်းပွဲကို လမ်း၈ဝ၊ ၃၃x၃၄လမ်းကြားရှိ ရတနာပူရခန်းမတွင် ကျင်းပခဲ့ပြီး အထိမ်းအမှတ် စာစောင်ကိုလည်း ထုတ်ဝေကာ၊ အထိမ်းအမှတ် မဂ္ဂဇင်းကိုလည်း ဆက်လက်ထုတ်ေ၀ ခဲ့သည်။ အကြိုပွဲတော် အစီအစဉ်တစ်ခု အဖြစ် မြို့မတေးဂီတအဖွဲ့နှင့် နာမည်ကျော် ဂန္ထဝင် အဆိုတော်ကြီးများ၏ ဂန္ထဝင် မြန်မာသံ သီဆို ဖျော်ဖြေမှု ပွဲတော်ကိုလည်း မေလ၁ဝရက်နှင့် ၁၁ရက်နေ့များတွင် ကျင်းပ ခဲ့သည်။
ကွင်းအမှတ် – ၄၉၂ မြေယာ စီမံကိန်း
————————————
ကျွန်တော့်မှာ ပွဲတော်ကြီး အတွင်း ဖဲပြားကြီး တကားကားနှင့် လူရာဝင်သလိုလို ပေမင့် အိမ်ပြန်ရောက်လေတိုင်း ရပ်ကွက်နှင့် ပတ်သက်သည့် သတင်းဆိုးတွေကြောင့် ခြေကုန်လက်ပန်းကျကာ သရက်ပင်ပေါက်လေးတွေကိုပင် ရေမလောင်းမိ။ ပိတောက်ပင်ကို ကိုင်းတွေ ရှင်းပြီး ပြုပြင်ဖို့လည်း မလုပ်မိ။ ဝင်းထရံ အသစ်လဲရန်လည်း စိတ်မဝင်စား။ နောက်ထပ် အရိပ်ရ အပင်တွေ စိုက်ပျိုးဖို့ ယူလာသည့် အပင်ပေါက်လေးတွေ ခြောက်သွေ့ ညှိုးလျော်ကုန်ပြီ။ ရပ်ကွက်အဝင်လမ်း ပြင်ဖို့ ပြောဆိုထားတာတွေလည်း ရပ်တန့် ခိုင်းထားရ၏။ ကိုယ့်အိုး ကိုယ့်အိမ်လေးနှင့် ပျော်ရွှင် ကျေနပ်နေသော အိမ်သူဇနီးသည်က ခြေကုန် လက်ပန်းကျနေပုံမျိုး ထိုင်နေသည်။ သားတွေမျက်နှာက ညှိုးလျော်နေ၏။
တောင်ဝှေး ထောက်ကာ ထောက်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး၊ မြို့မငြိမ်းအကြောင်း၊ မန်္တလေးအကြောင်း ခြေခြေမြစ်မြစ် ပြောလေ့ ရှိသည့် မြို့မငြိမ်းသားကြီး ဦးသန်းအောင်ခိုင်လည်း မလာတာကြာပြီ။ အသစ်ဖောက် ၂၆ ဘီလမ်း၊ အရှေ့ခြမ်း၏မြောက်ဘက်၊ အောင်ပင်လယ် မြို့ပတ်လမ်း၏ အနောက်ဘက်၊ ကွင်းအမှတ် – ၄၉၂ မြေယာ စီမံကိန်းက သေချာနေပြီ။ ဂရန်ရှိသူတွေ (ဂရန်ဆိုတာကလည်း ပုသိမ်ကြီးဂရန်၊ လက်ခံကျောက်တိုက်မှာ ရှိမရှိ မသိ) ကို မြေတဝက်ပဲ ပြန်ပေးမှာတဲ့။ ဂရန်မရှိသူတွေ (မစစ်မှန်ဖွယ်ဂရန်များမို့၊ စစ်မှန်တိကျသေချာမှ ပြုလုပ်မည်ဟု စောင့်ဆိုင်းခဲ့သော) ကိုတော့ မြေရဲ့ သုံးပုံတစ်ပုံ ပေးမှာတဲ့။ စာရင်းတွေ ကောက်ကြ၊ ဓာတ်ပုံရိုက်ကြ၊ ပြေးကြလွှားကြ ငိုကြ၊ ယိုကြ။
မြေလွတ်ချည်း ဧကချီ၍ သောင်းဂဏန်း ကျပ်ငွေ တန်ဖိုးမျှဖြင့် ဝယ်ယူခဲ့သူတွေက လက်ခမောင်း ထခတ်သည်။ ပေ ၄၀xပေ၆၀ (၂) ကွက်ရမှာ၊ (၃) ကွက်ရမှာ…စသည်။ အနည်းဆုံး ကျပ်သိန်း (၈၀) ဝန်းကျင် ကြမ်းခင်းဈေး ပေါက်ကုန်၏။ ရှိစုမဲ့စု ချွေးနဲစာလေး ၊ လူပေး သူကမ်းနှင့် ဖွဲ့ရွဲ့ဝယ်ကာ၊ အိမ်ကလေး ဆောက်၊ ချွေးနဲစာဖြင့် လမ်းခင်း၊ ခြံခတ်၊ မီးသွယ်ပြုစု ပျိုးထောင်ခဲ့သူ ရွာနေပြည်ထိုင်တွေက ၃ ချိုး ၁ချိုး မြေခွဲတမ်းပင် မရနိုင်တော့လို့ ဘယ်နေရာမှာမှန်း မသိတဲ့ တိုက်ခန်းပဲ ရမှာလိုလို။
မန္တလေးချစ်မိ အပြစ်ရှိပြီ
————————–
ကျွန်တော်ကား ရေလောင်းပေါင်းသင်ပြီး ရှင်သန်ကြီးထွား၊ သီးပွင့်လာမည့် သရက်ပင်လေးတွေ ထားရစ်ခဲ့ရမှာ နှမြော နေသည်။ အမေလူထု ဒေါ်အမာ အပါအဝင် မန်္တလေးချစ်သူ၊ အနုပညာချစ်သူ၊ စာပေချစ်သူများ ဝိုင်းဝန်း တည်ဆောက် ပေးခဲ့သော ဆယ်နှစ်ကျော် သက်တမ်းရှိ အိမ်ကလေးကို နေ့စဉ် မျက်ရည်ဝိုင်းသော အကြည့်ဖြင့် ကြည့်နေရသည်။ ယခုအခြေအနေက စာပေနှင့်ပဲ အသက်မွေးရသူမို့ အိုးသစ်အိမ်သစ် ဆိုတာ မစဉ်းစားဝံ့။ ကုန်ကုန် ပြောရလျှင် နှစ်တစ်လက်မ တစ်ချောင်းပင် မဝယ်နိုင်။ သပြေပင်လေးတွေ ပန်းပင်လေးတွေနှင့် နေချင်သော အနုပညာသမား တစ်ယောက်အဖို့ ဘယ်နေရာမှန်း မသိနိုင်သော နေရာမှာ ကျဉ်းကျဉ်းကျုပ်ကျုပ် ပြောင်းရွှေ့ဖို့ဆိုတာ။
ဤသို့ဖြင့် …
မန်္တလေးသည် ၁၉၅၉ခုနှစ် တည်းက သူ့ရင်ခွင်မှာ ခိုလှုံခဲ့ပြီး၊ ၁၉၉၈ ခုနှစ်လောက်မှ အာမခံချက်မရှိသော မြေကွက် လေးတစ်ကွက်အပေါ် ချို့တဲ့စွာ အမိုးအကာလေး ဆောက်လုပ်ပြီး ဘဝနေဝင်ချိန်တွက် မန်္တလေးကိုချစ်ဦးမည်ဟု ကဲလွန်း သဲလွန်းသူ တစ်ယောက်အပေါ် စိမ်းကား လွန်လွန်းလှချည့်…။
အခုတော့ …
မန်္တလေးချစ်မိ ၊ အပြစ်ရှိခဲ့ချေပြီ…။
ဆူးငှက်
