နိုင်ငံခြားဖြစ် ဆေးဝါးတွေ ပြတ်လပ်ပြီး ဈေးနှုန်း အဆမတန်မြင့်တက်လို့ အခက်ကြုံ

အောက်တိုဘာ ၂၄ – ၂၀၂၆
SN (VOM)
လက်ရှိ ပြည်တွင်း ဆေးဝါးဈေးကွက်အတွင်း နိုင်ငံခြားဖြစ် အခြေခံဆေးဝါးတွေနဲ့ နာတာရှည်ရောဂါသုံး ဆေးဝါးတွေ ပြတ်လပ်မှုနဲ့အတူ ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
အခု အောက်တိုဘာလ တတိယပတ်မှစတင်ကာ ရန်ကုန် အပါအဝင် မြို့ကြီးတွေရှိ ဆေးဆိုင်တွေမှာ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါသုံး အရေးကြီး ဆေးဝါးတချို့ကို လိုသလောက် ဝယ်ယူလို့မရတော့ဘဲ တချို့ ဆေးဆိုင်ကြီးတွေမှာ ဆရာဝန်ဆေးညွှန်းစာ ပါမှသာ အကန့်အသတ်နဲ့ ရောင်းချပေးနေရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ သိရပါတယ်။
“အရင်က ဆီးချိုဆေးဆို တခါဝယ်ရင် သုံးလစာ ဝယ်နေကျ။ အခု ဆိုင်ကြီးတွေမှာ သွားဝယ်တော့ တပတ်စာ၊ ဒါမှမဟုတ် ဆယ်ရက်စာပဲ ရောင်းပေးတော့တယ်။ ဆေးက အဝင်မရှိလို့ ခွဲရောင်းပေးနေရတာဆိုပြီး ဆိုင်ကပြောတယ်” လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ နာတာရှည်ရောဂါသည် လူနာရှင်တယောက်က ပြောပါတယ်။
ဆေးဝါးဈေးနှုန်းတွေမှာလည်း တပတ်အတွင်း သိသိသာသာ ထပ်မံ မြင့်တက်သွားပြီး တချို့ နိုင်ငံခြားဖြစ် အကိုက်အခဲပျောက်ဆေးနဲ့ အားဆေးတွေလည်း အဆမတန် ဈေးတက်သွားတယ်လို့ ဆေးဝါး လက်လီ/လက်ကား ရောင်းချသူတယောက်က ပြောပါတယ်။
“အခုချိန်မှာ အမေရိကန်ဒေါ်လာဈေးကလည်း မတည်ငြိမ်ဘူး။ နောက်ပြီး သွင်းကုန်လိုင်စင်ရဖို့ ခက်ခဲတာ၊ ဆေးဝါးတင်သွင်းခွင့် ပမာဏ ကန့်သတ်ခံရတာတွေကြောင့် အခုလို ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်လာရတာ။ လောလောဆယ် ကုန်လှောင်ရုံတွေမှာလည်း လက်ကျန်က တော်တော်နည်းနေပြီ။ ဆေးအသစ်က ချက်ချင်းသွင်းလို့မရတော့ ရှိတဲ့ပစ္စည်းကို ဈေးနှုန်းညှိပြီး ခွဲရောင်းနေရတဲ့ သဘောပါ” လို့ သူက ပြောပါတယ်။
ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို ပြည်ပမှ အဓိက တင်သွင်းနေရပေမယ့် နိုင်ငံအတွင်း ဒေါ်လာဈေး မြင့်တက်ခြင်းနဲ့ ဒေါ်လာရှားပါးမှု ပြဿနာတွေကြောင့် လိုအပ်တဲ့ ပမာဏအတိုင်း ငွေပေးချေ တင်သွင်းနိုင်ဖို့ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အခြေခံ အိမ်သုံးဆေးဝါးတချို့ကို ပြည်တွင်းဖြစ် ဆေးဝါးတွေနဲ့ အစားထိုး သုံးစွဲနေကြရပေမယ့်လည်း နိုင်ငံခြားကနေ မဖြစ်မနေ တင်သွင်းရတဲ့ အထူးကု ဆေးဝါးတွေအတွက် လူနာရှင်တွေအနေနဲ့ အခက်အခဲ ကြီးစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“ကလေးအတွက် သောက်နေကျ အတက်ကျဆေးက အခု ဘယ်ဆိုင်မှာမှ ရှာမရတော့ဘူး။ လိုင်းပေါ်က ပြန်ရောင်းတဲ့သူတွေဆီမှာ လိုက်မေးတော့လည်း မူရင်းဈေးထက် သုံးဆလောက် ပေးနေရတယ်။ ဈေးကြီးတာထက် ဆေးပြတ်သွားမှာက ပိုပြီး စိုးရိမ်နေရတယ်။ ချောင်းဆိုးပျောက် ဆေးရည်ဆိုလည်း အရင် ၈၀၀၀ ဝန်းကျင်ရှိတဲ့ ဆေးက အခု တသောင်းခွဲဖြစ်သွားပြီ” လို့ ကလေးမိခင်တယောက်က ပြောပါတယ်။
ဒါအပြင် အစိုးရပြည်သူ့ဆေးရုံကြီးတွေမှာ အခမဲ့ရရှိနိုင်တဲ့ အခြေခံဆေးဝါးတချို့လည်း ပြတ်လပ်နေပြီး လူနာရှင်တွေအနေနဲ့ ပြင်ပ ဆေးဆိုင်တွေမှာ လိုက်လံ ဝယ်ယူနေရတယ်လို့ သိရပါတယ်။
ပြည်တွင်း ဆေးဝါးလုပ်ငန်းရှင်များ အသင်းနဲ့ သက်ဆိုင်ရာ ဌာနတွေက ဆေးဝါးပြတ်လပ်မှု မရှိစေဖို့နဲ့ ဈေးနှုန်းထိန်းချုပ်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောဆိုထားပေမယ့် မြေပြင်မှာ ဆေးဝါးပြတ်လပ်မှုနဲ့ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ဆက်လက် ခံစားနေရဆဲပဲလို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW