သစ်သီးဝလံနဲ့ စိုက်ပျိုးရေးထွက် သီးနှံက ပို့ကုန်ဝင်ငွေ သန်းတရာ နီးပါး လျော့ကျနေ

ရန်ကုန်-အောက်တိုဘာ၂၄
EP(VOM)
မြန်မာနိုင်ငံ မှ ထွက်ရှိတဲ့ သစ်သီးဝလံနဲ့ စိုက်ပျိုးရေးက ထွက်ရှိတဲ့ သီးနှံတွေရဲ့ ပို့ကုန် တင်ပို့မှုဟာ ကိုဗစ်နဲ့ နိုင်ငံရေး အပြောင်းလဲဖြစ်ပြီးနောက် အမေရိကန် ဒေါ်လာသန်း တရာခန့် လျော့နည်းလာခဲ့တယ်လို့ စိုက်ပျိုးပို့ကုန် စာရင်းဇယား​တွေအရ သိရှိရပါတယ်။
ကိုဗစ်မဖြစ်ခင်က သစ်သီးဝလံနဲ့ စိုက်ပျိုးရေးက ထွက်ရှိတဲ့ သီးနှံတင်ပို့မှုဟာ နိုင်ငံခြားဝင်‌ငွေ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ခန့် နှစ်စဉ် ရှာပေးနိုင်တဲ့ ကဏ္ဍကြီး ဖြစ်ပါတယ်။
ကိုဗစ်ဖြစ်ပြီးနောက် တင်ပို့မှု​တွေ လျော့ကျခဲ့ပြီး နိုင်ငံရေး အပြောင်းလဲဖြစ်ပြီးနောက် ပို့ကုန် ဝင်ငွေဟာ သိသိသာသာ လျော့ကျခဲ့ပါတယ်။
” ကိုဗစ်မဖြစ်ခင်မှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀လောက် ရှာပေးနိုင်ခဲ့တယ်။ ကိုဗစ်ဖြစ်လိုက်တယ် လျော့သွားတယ်။ ပမာဏတော့ မပြောချင်ဘူး။သစ်ဝလံတွေဟာ နယ်စပ်ကို မှီခိုရတာ။ ၉၀ရာခိုင်နှုန်း ကျော်က နယ်စပ်ကနေသွားတာ။ အခုက ရပ်ထားရတဲ့ အနေအထား ဖြစ်နေတယ်”လို့ မြန်မာနိုင်ငံ သစ်သီးဝလံ ၊ ပန်းမံ နဲ့ ဟင်းသီး ဟင်းရွက် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းက ဥက္ကဌ ဦးကျော်သူက ပြောပါတယ်။
နယ်စပ်လမ်း မူဆယ်ဘက်က ပို့လို့ မရတဲ့အချိန်မှာ မိုင်းလားလမ်း‌ကြောင်း ရှိပေမယ့် လမ်းခရီး ဝေးတာ ၊ ကြမ်းတာ စတဲ့ အခက်ခဲတွေကြောင့် စိုက်ပျိုးရေး ပို့ကုန် သစ်သီးဝလံတွေ တင်ပို့ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
” နောက် ကျွန်တော်တို့က လတ်ဆတ်မှုကို ရောင်းရတာလေ။ ဟိုးရောက်လို့ မလတ်ဆတ်တော့ဘူး ဆိုရင် ဈေးမရတော့ဘူး။ တခါတလေ လမ်းမှာ ပုပ်ကုန်တာ ရှိတယ်။” လို့ သူကထပ်ပါတယ်။
တရုတ်နယ်စပ်ကို အဓိက တင်ပို့တဲ့ သရက်သီးဆိုရင် လုံးဝ ကျသွားပြီး ရပ်နားထားရတဲ့ အဆင့်မှာ ရှိနေပါတယ်။
ဘာကြောင့်လဲဆိုတော့ သရက်သီးရဲ့ သက်တမ်းဟာ ခုနှစ်ရက်ခန့် ရှိပြီး မြန်မာပြည်က သုံးရက်အတွင်းတင်ပို့ နိုင်မှာသာ ဈေးကွက်မှာ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
မိုင်းလား လမ်းဟာ အနည်းဆုံး ခြောက်ရက်အထိ ကြာမြင့်တာကြောင့် အချိန်မှီမပို့နိုင်လို့ ရပ်နားထားရတာ ဖြစ်ပါတယ်။
သရက် သီး တင်ပို့မှု ရပ်နားထားပေမယ့် တစ်သျှူး ငှက်ပျော တင်ပို့မှုက ကချင်ပြည်နယ်ဘက်မှာ များနေတာကြောင့် ပို့ကုန် ဝင်ငွေကို အတိုင်းအတာ တခုထိ ထိန်းထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပို့ကုန် အကောင်းဆုံးက ဖရဲသီးနဲ့ သခွားမွှေး ဖြစ်ပြီး နဂိုးယက တန်ချိန် တသန်း ၊ ‌ဆယ်သိန်း လောက် တင်ပို့နိုင်ခဲ့ပါတယ်။ အခု ​ဆယ်ရာနှုန်းလောက်ပဲ တင်ပို့နိုင်ပါတော့တယ်။
တင်ပို့မှု လျော့ရလဲဆိုရင် ပထမက နယ်စပ်လမ်းကြောင်း ၊ ဒုတိယက ဖရဲသီး စိုက်တာဟာ အပူပိုင်းဒေသမှာ စိုက်တာ ဖြစ်ပေမယ့် နယ်မြေအခြေအနေကြောင့် အခုဆိုရင် အချို့နေရာတွေ စိုက်လို့ မရတော့ပါဘူး။
အထူးသဖြင့် ချောင်းဦးတို့မှာ အတော်လေးကျသွားပြီ။ ချောင်းဦးကို ကြည့်လိုက်ရင် သခွားမွှေး စိုက်ခင်းတွေ တဆက်တည်း အပြည့်ရှိလို့ သခွားမွှေးပင်လယ်လို့ ခေါ်ကြပေမယ့် အခု နယ်မြေအခြေ‌နေကြောင့် မစိုက်နိုင်ကြတော့ပါဘူး။
ဒီလို အခက်ခဲတွေရှိနေတဲ့ သစ်သီးဝလံနဲ့ စိုက်ပျိုး ရေးသီးနှံ ပို့ကုန်ကဏ္ဍဟာ ၂၀၂၅က အမေရိကန်ဒေါ်လာ ၃၀၀စွန်းစွန်း တင်ပို့နိုင်ခဲ့ပါတယ်။
ဒီနှစ် လျာထားချက်က ၃၇၀လောက် ပို့နိုင်မယ်လို့ လျာထားပါတယ်။
ဒီပို့ကုန်ရငွေဟာ လတ်ဆတ်တဲ့ သစ်သီးဝလံက တက်လာခြင်း မဟုတ်ဘဲ အခြောက်ခံတဲ့ သစ်သီးဝ လံ ဘက်က တက်လာတာဖြစ်ပါတယ်။
အစိုအစား အခြောက်တွေ တင်ပို့ရပြီး အများဆုံးက ဝဥခြောက် ၊ ဆနွင်းခြောက်တွေ ဖြစ်ပါတယ်။ မနှစ်ကဆိုရင် ဝဥခြောက် ပုံမှန်အဆ သုံးရာလောက် ပိုပြီး ပို့နိုင်ခဲ့ပါတယ်။
ဝဥခြောက်တခုတည်းကနေ မနှစ်က အမေရိကန် ဒေါ်လာ သန်း ၄၀ကျော် ရှာပေးခဲ့ပါတယ်။ ဒီနှစ်ဆိုရင် သန်း ငါးဆယ်လောက် တင်ပို့နိုင်မယ်လို့ ကုန်သည်တွေက ခန့် မှန်းထားပါတယ်။

Related posts

✕
VOM News

FREE
VIEW