ရန်ကုန်- အောက်တိုဘာ ၂၄
EP( VOM)
ရန်ကုန်မှာ ဆောက်လုပ်မယ့် The Centralနဲ့ The Park ကွန်ဒိုတွေကိစ္စ Marga landmark ကုမ္ပဏီဘက်က တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိတာကြောင့် အမေရိကန် ဒေါ်လာ သန်း၄၀ကျော် နစ်နာထားတဲ့ ကွန်ဒို တိုက်ခန်း ဝယ်ယူသူတွေကက အစိုးရအဖွဲ့အနေနဲ့ ကြားဝင် ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကုမ္ပဏီဘက်က စီမံကိန်းဟာ ရပ်တန့်ထားခြင်း မရှိဘဲ ဆက်လက်လုပ်ဆောင်သွားမယ် ၊ သိချင်တဲ့ အကြောင်းအရာတွေကို ကုမ္ပဏီကို ဆက်သွယ်လို ရကြောင်း ပြောထားပေမယ့် ဝယ်ယူသူတွေက အကြိမ် ကြိမ် ဆက်သွယ်ခဲ့ပေမယ်လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကွန်ဒိုတိုက်ခန်းတွေဟာ အမေရိကန်ဒေါ်လာနဲ့ ပေးချေရပြီး ဝယ်ယူသူ ၁၇၄ ယောက်ရဲ့ စာရင်းအရ အမေရိကန်ဒေါ်လာ သန်း၄၀ခန့် နစ်နာနေခြင်း ဖြစ်တယ်လို့ ဝယ်ယူသူတွေက ဆိုပါတယ်။
” သူတို့ရောင်းတာ အခန်းပေါင်း ရာနဲ့ချီပြီး ရှိပါတယ်။ အမေရိကန် ဒေါ်လာ သန်း၄၀ဆိုတာ ကျွန်မတို့ကို လာဆက်သွယ်တဲ့ ၁၇၄ ယောက်ရဲ့ စာရင်းကို အခြေခံ ပြောတာပါ။ လာမဆက်သွယ်တာနဲ့ ဆိုရင် ဆုံးရှုံး နစ်နာမှုက ဒီထက် များနိုင်ပါတယ်” လို The central ကွန်ဒိုမှာ အခန်း ဝယ်ယူသူ ဒေါ်ခိုင်မာလာက ပြောပါတယ်။
ဝယ်ယူသူတွေဟာ မြန်မာရင်းနှီးမြုပ်နှံမှု ကော်မရှင် MIC က ရင်းနှီးခွင့် ခွင့်ပြုထားပြီး အစိုးရပိုင် မြေပေါ်မှာ မြေအငှားစနစ် နဲ့ တည်ဆောက်မယ့်အိမ်ယာ စီမံကိန်း အပေါ် ယုံကြည်မှုရှိပြီး ဝယ်ယူ ခဲ့ကြခြင်း ဖြစ်ပါတယ်လို့ ဝယ်ယူသူတွေက ဆိုပါတယ်။
” ဒီစီမံကိန်းက အစိုးရ ခွင့်ပြုထားတဲ့ စီမံကိန်း ဖြစ်တဲ့အတွက် နစ်နာမှုကို ကုမ္ပဏီနဲ့ ဝယ်ယူသူအကြား ကြားဝင် စေ့စပ်ပေးဖို့ ၊ တာဝန်ခံပေးဖို့ အစိုးရကို အကူညီတောင်းပါတယ်” လို့ The park ကွန်ဒိုတွင် အခန်းဝယ်ယူခဲ့သူ မမြတ်က ပြောပါတယ်။
Marga landmark ကုမ္ပဏီဟာ ဟောင်ကောင် အခြေစိုက် တရုတ် မြန်မာ ဖက်စပ်ကုမ္ပဏီ ဖြစ်ပြီး ကွန်ဒို စီမံကိန်းများ အကောင်ထည်ဖော်ရန် နှစ်ခြောက်ဆယ် မြေငှားရမ်းစနစ် BOD နဲ့ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီ ဖြစ်ပါတယ်။
The Central ၊ The Park ၊ Soho ကွန်ဒို စီမံကိန်း သုံးခုကို တာဝန်ယူ တည်ဆောက်ရန် လုပ်ပိုင်ခွင့် ရထားပြီး ကြိုပွိုင့် စနစ်နဲ့ အခန်းတွေကို ၂၀၁၈ ခုနှစ်ကတည်းက ရောင်းချ နေခဲ့တာဖြစ်ပါတယ်။
ကွန်ဒိုတွေကို နှစ်နှစ်အတွင်း အပြီးသတ်တည်ဆောက်ပြီး လွဲပြောင်းပေးမယ့် သဘောတူညီ ချက်နဲ့ ကွန်ဒို အခန်းခတွေကို ပေးသွင်းဖို့ ကောက်ခံတာ ဖြစ်ပါတယ်။
ဝယ်ယူသူတွေရဲ့ ပြောပြချက်အရ စီမံကိန်း မစရသေးပေမယ့် ဝယ်ယူတွေဆီကနေ တန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်း ကောက်ခံထားပြီး ဖြစ်ပါတယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်ဘာသာနဲ့သာ စာချုပ် ချုပ်ထားပြီး ဝယ်ယူရောင်းချ စဉ်က စာချုပ်ပါ အချက်လက်တွေကို သေချာစွာ ရှင်းပြခြင်း မရှိတဲ့အတွက်
စာချုပ်ပါ ကန့်သတ်ချက်တွေအရ တရားစွဲဆိုဖို့ အခက်တွေ့နေတဲ့ အခြေနေမျိုးလည်း ဖြစ်ပါတယ်။
ဒီကွန်ဒိုတွေဟာ ကမ္ဘာအေး ဘုရားလမ်းမပေါ်မှာတည်ဆောက်မယ့် The Central, Soho ကွန်ဒို စီမံကိန်းနဲ့ အလုံမြို့နယ် တရုတ်သံရုံ အနီး တွင် တည်ဆောက်မယ့် The park စီမံကိန်းတို့ ဖြစ်ပါတယ်။
