MNDAA နဲ့ တပ်မတော်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ တပ်မတော်ဘက်က အကျအဆုံးရှိတယ်လို့ ဒေသခံတွေမြင်တွေ့

ဩဂုတ် ၆-၂၀၂၁
Shy V (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နဲ့ ၃ မိုင်ခန့်အကွာမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တပ်မတော်တို့ သြဂုတ် ၃ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ တပ်မတော်က အကျအဆုံးရှိခဲ့တယ်လို့ ဒေသခံမျက်‌မြင်တွေက ပြောပါတယ်။
 
ရွာခံအမျိုးသမီးတစ်ဦးက ” သူတို့ထွက်ပြေးတိမ်းရှောင်နေတဲ့ လယ်ကွင်းနားကနေ သူတို့ရဲ့ ဗိုလ် အဆင့်လို့သိရတဲ့ အလောင်းကို သယ်ဆင်းလာတယ်။ ၅ ယောက်လောက်သေတယ်”လို့ ပြောပါတယ်။
 
နောက်ထပ် ရွာသားတစ်ဦးကလည်း “ဒု-ဗိုလ် အဆင့် တစ်ယောက်အပါအဝင် ၆ ယောက်လောက်သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်”လို့ ပြောပါတယ်။
 
မုံးကိုးမြို့ဘက်ကို တပ်မတော်သားတွေ တင်လာတဲ့ ပြည်သူ့စစ်တစ်ဦး ကောင်းစထီးရွာနားမှာ သြဂုတ်လ ၃ ရက်နေ့ ညပိုင်းက ပစ်သတ်ခံခဲ့ရတယ်လို့လည်း နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
ဩဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး ဖိုင်ကောင်းရွာက နေအိမ် တချို့ ထိခိုက် ပျက်စီးသွားကာ နေအိမ် ၃ အိမ်လောက်မှာတော့ လက်နက်ကြီး ကျည်ကျပြီး မပေါက်ကွဲတာတွေလည်း ရှိတယ်လို့ ရွာခံတစ်ဦးက ရှင်းပြပါတယ်။
 
“တိုက်ပွဲ ဖြစ်လာ‌လို့ လော့ခ်ဒေါင်း ချထားပေမယ့် ထွက်ပြေးတိမ်းရှောင်ရတဲ့အပြင် နမ့်ဟူးရွာနဲ့ကပ်လျက်မှာ တပ်မတော်က တပ်စွဲထားတာကြောင့် သတိထားနေရပြီး စိုးရိမ်နေရတယ်၊ လက်ရှိမှာတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်တဲ့ အနီးတဝိုက်မှာ ရွာတော့ ၅ ရွာရှိတယ်၊ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ဖိုင်ကောင်း၊ ကောင်းယောဝ်၊ ကောင်းစထီး၊ ရေပူစမ်း ရွာတွေက ထွက်ပြေး တိမ်းရှောင်နေရပြီဖြစ်တယ်၊ ခါ့လျန် ရွာက ရှောင်ဖို့ ပြင်နေတယ် “လို့ ဖိုင်ကောင်းရွာခံတစ်ဦးက ပြောပါတယ်။
 
မုံးကိုးဒေသနဲ့ ကြူကုတ် (ပန်ဆိုင်း) အနီးနား ဝန်းကျင်က ရွာဘက်တွေမှာ တပ်မတော်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး ဇူလိုင်လ ကတည်းက တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် စတင် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #ရှမ်းပြည်မြောက်ပိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW