ဆူးငှက် အခန်း (၁၇၆)

 

ဆူးငှက်

မန္တလေး စာရေးဆရာများ ပုဂံခရီး
————————————

၁၉၉၀ ဝန်းကျင်ကာလ အဖြစ်အပျက်တွေက မြန်ဆန်လွန်းသည်။ ရွေးကောက်ပွဲပြီးသွားပြီ။ အခြေအနေက မထူးခြား။ ထိုစဉ်ကာလ ကျွန်တော်လည်း အသည်းရောင် အသားဝါဖြစ်သည်။ နားနားနေနေ နေရမည့် မို့ သံပုရာရည် ဖောဖောသောက်ပြီး အိမ်မှာပဲနားနေသည်။ ထိုအတောအတွင်း ဆရာညီပုလေးတို့က ပုဂံသို့ ခရီးသွားကြမှာမို့ ကျွန်တော်လိုက်ပါရန် ပြောထားသည်။ သူတို့ခရီးထွက်မည့်နေ့ အိမ်သို့ ကိုညီပုလေးကားနှင့် အုပ်စုလိုက်ကြီး သွားကြပေမယ့် ကျွန်တော် မလိုက်နိုင်။ လူက ထူထူထောင်ထောင်မရှိသေ။ ထမင်းမစားနိုင်သေး။ အသားက ဝါစက်နေသည်။ ဆရာဝင်းစည်သူကတော့ ကားပေါ်နားရင်း အိပ်လိုက်လို့ ရတာပဲ၊ လိုက်ခဲ့ပါဗျာ..၊ နားနားနေနေပေါ့ဟု ပြော၍ ခေါ်နေသည်။ ကျွန်တော် မလိုက်နိုင်တော့ပါ။ ထို့ကြောင့် လမ်းတွင် ဖွင့်ဖို့ တွံ့တေးသိန်းတန် သီချင်း ကက်ဆက်ဆက်ခွေ ၂ခွေပဲ ပေးရင်း လက်ပြနှုတ်ဆက် ကျန်ရစ်ခဲ့ပါ၏။

 

တကယ်တော့ သည်ခရီးက သမိုင်းဝင် ခရီးဖြစ်သွားခဲ့သည်။ ဆရာတွေအားလုံးလိုလို ပုဂံကအပြန် ညကြီးမင်းကြီး အထိန်းသိမ်း ခံလိုက်ရသည်။ ဆရာဝင်းစည်သူနှင့် ဆရာဇော်မောင်ပဲ အိမ်မှာ မတွေ့လို့ ကျန်ခဲ့သတဲ့။ ကျွန်တော်တို့ စာပေ အသိုင်းအဝန်းသာမက ကြားရသူတိုင်း တုန်လှုပ်သွားကြသည်။ ခေါ်သွားသူတွေအားလုံး ရန်ကုန် ပို့လိုက် သတဲ့။ သတင်းတွေက အမျိုးမျိုး၊ ကျန်စာရေးဆရာ ကဗျာဆရာများလည်း သတိထားနေကြရ၏။ ကျွန်တော်ကတော့ ကျန်ရစ်ပေမယ့် နေမကောင်းသည့်ကြားမှ သတင်းတွေ နားစွင့်ရင်း စိတ်မသက်မသာဖြစ်နေသည်။ ညတိုင် အိပ်မပျော်တော့၊ သည်စိတ်ကြောင့် တော်တော်နှင့် နလံမထူတော့။ နောက် တစ်ပတ်လောက်နေမှ ဆရာညီပုလေးက လွဲ၍ ကျန်သူများ ချောမောစွာ ပြန်ရောက်လာကြသည်။ သည်တော့မှ သက်ပြင်းချကြရ၏။ တစ်ဆက်တည်းပင် ဆရာညီပုလေး ဘာကြောင့် ကျန်ရစ်သလဲဆိုတာ ကွင်းဆက်ကို သတိပြုမိ၏။

 

မထင်မှတ်ဘဲ သိလိုက်ရသည်
——————————-

သည်ပြဿနာမဖြစ်မီက အတွေ့အကြုံ တစ်ခုကို သတိရမိသည်။ ၁၉၉၀၏ နိုဝင်ဘာလဆန်း၏ တစ်နေ့သော နေ့လယ်ခင်းတွင် ကျွန်တော်က မြို့ထဲက အပြန် ၈၂လမ်းအတိုင်း ၃၃လမ်းမှ မြောက်သို့ စက်ဘီးလေး စီးလာစဉ် ၃၂လမ်းမရောက်မီ မိတ်ဆွေ စာရေးဆရာ ကဗျာဆရာနှင့် ကာတွန်းဆရာကို ဧည့်သည်တစ်ယောက်နှင့်အတူ လေးဘီးကားလေးပေါ်က ဆင်းလာတာတွေ့သည်။ သူတို့က ကျွန်တော့်မြင်တော့ အခု နေ့လယ်စာ စားကြမှာမို့ လိုက်ခဲ့ဖို့ခေါ်သည်။ စာရေးဆရာက ဧည့်သည်ကို နေ့လယ်စာ တည်ခင်းမှာမို့ ကျွန်တော့်ကိုလည်း ခေါ်သည်။ အနားက စားပွဲရုံမှာ စားကြမှာတဲ့။ ကျွန်တော်လည်း လိုက်သွား၏။ ခဏနေတော့ ဧည့်သည်၏ သမီးလည်း ရောက်လာသည်။ သူက ရန်ကုန်မှာနေတာတဲ့။ မန္တလေးရောက်ခိုက် သူ့ဖခင်နှင့် ထမင်းစားဖိတ်လို့ ရောက်လာတာတဲ့။ နောက်တော့ ထမင်းစားရင်း ဧည့်သည်က စကားတွေပြောတော့ သူကလည်း မန္တလေးသားပဲ၊ ရန်ကုန်မှာ ကျောင်းတက်ရင်း လွန်ခဲ့သည့် ၁၀နှစ်ကျော်ကတည်းက တောင်တန်းတွေပေါ်ရောက်သွားသူ၊ သူက အခုမှ ဇာတိမြေကို ပြန်ရောက်သူ။

သို့သော် သူ့စကားတွေအရ သူပြန်လာပုံက အပေးအယူသဘော၊ တာဝန်သဘော ပါလာသည်။ သူပြောနေပုံက ကျန်သူတွေကို အသိပေးနေတာလား၊ ချိန်းခြောက်တာလားမသိ။ သို့မဟုတ် ကြွားဝါတာလားမသိ၊ သို့သော် သူ့အပြောတွေက ကွင်းဆက်တွေ အတော်များများ ဆက်စပ်မိသွားသည်။ ကျန်ဆရာတွေတော့မသိ၊ ကျွန်တော်ကတော့ ကွင်းဆက်တွေ ရလိုက်သည်။ ထို့ကြောင့် ဆရာညီပုလေးတို့ ခရီးစဉ်ကို သိပ်မသွားစေချင်။ သို့သော် ရေရေရာရာမဟုတ်ဘဲ မတားဝံ့၊ ကံဆိုးစွာ နေမကောင်းလို့ မလိုက်နိုင်မှ ကံကောင်းစွာ ကျန်ရစ်ခြင်း ဖြစ်သည်။ ကျန်သူများ ပြန်ရောက်လာပြီး ဆရာညီပုလေးကျန်ရစ်မှ ကွင်းဆက်တွေ မှန်နေတာ သတိပြုမိတော့သည်။ ထိုစဉ်ကာလ ရဲရဲတောက်သည့် ကိုယ့်လူ သူ့ဘက်သားတွေက အများသားကလား။ သစ္စာဖောက်မှုနှင့် သတင်းတွေက ကိုယ်ကျိုးစီးပွားအတွက် အတော် အသုံးတည့်နေသည်။ ရလိုက်တာကလည်း တစ်လုံးတစ်ခဲလေ။ ထိုအထဲ လူပေါ်လူဇော် အခွင့်အရေးတွေက ပိုပြီး ချိုမြိန်နေကြ၏။

ဆရာညီပုလေး ကျန်ရစ်ပြီးနောက် သူ့သူငယ်ချင်း ကိုကျော်စိုးဝင်း(ဆရာကြည်လင်အေး) က လူထုကြီးပွားရေး စာအုပ်တိုက် ပုံနှိပ်တိုက်အတွက် ဦးစီးနေသူ မမဒေါ်တင်ဝင်းကို ကူညီလုပ်ကိုင်ပေးနေသည်။ ပုံနှိပ်လောက တွင် လည်း ခဲစာလုံးစာစီမှသည် ကွန်ပြူတာစာလုံးနှင့် စာစီ ဖလင်ရိုက် ဖောင်ဖွဲ့ အော့ဖ်ဆက်တင် ခေတ် ဖြစ်လာပြီ။ မြန်မာပြည်တွင် ပုဂ္ဂလိက လုပ်ငန်းထဲ၌ ကွန်ပြူတာဖြင့် စာစီခြင်း ဒီဇိုင်းဆွဲခြင်းကို လူထုကြီးပွားရေးပုံနှိပ်တိုက်က ပထမဆုံးစတင်ခဲ့သည်။

 

ဒီဇိုင်းဆင် ဖလက်တွဲ
———————–

ထိုစဉ်က ကွန်ပြူတာဖြင့် လိုချင်သော စာခွင်အတိုင်း စာစီပြီး စာမျက်နှာကို ဖြတ်ညှပ်ကပ် ဖွဲ့ရသည်။ ထို့ကြောင့် စာအုပ်များကို ကွန်ပြူတာစာလုံးများးဖြင့် ဖြတ်ညှပ်ကပ် စာမျက်နှာဖွဲ့ခြင်းကို ကိုကျော်စိုးဝင်းထံမှ တဆင့် ကျွန်တော် အလုပ်ရသည်။ ထို့ပြင် ထိုစာမျက်နှာများကို ဖလင်ရိုက်ပြီးပါက ထိုဖလင်များ စက်တင်နိုင်ရန် ဖောင်ဖွဲ့ ဖလက်တွဲရသည့် အလုပ်လည်းရလာသည်။ စာအုပ်ဆိုင် ပါးလျားသည့်ကာလ ထိုအလုပ်များက အတော် အထောက်အကူ ဖြစ်သည်။ ထို့ကြောင့် အိမ်မှာ စာပွဲတစ်လုံးတွင် မှန်အနောက်ကို အောက်က မီးချောင်းထည့်ကာ ဒီဇိုင်းခုံ ဖလက်ခုံလုပ်ပြီး အလုပ်ထိုင်ရ၏။ အလုပ်ပြီးလျှင် ညနေစောင်း လွယ်အိတ်လေးနှင့် လူထုတိုက်သို့ သွားကာ အလုပ်အပ်တော့ ကိုကျော်စိုးဝင်းက စာမျက်နှာများတွက်ပြီး လုပ်အားခရှင်းပေးသည်။ ရရှိသည့်ငွေကြေးက တစ်ကြိမ်ရှင်းလျှင်ပင် ကျွန်တော် သ/မမှာရသည့် လစာမက ဖြစ်နေသည်။

တော်သေးသည်။ ကလေး ၂ယောက်နှင့် စာအုပ်ဆိုင်က အလုပ်မဖြစ်တော့သည့် အချိန် ဝင်ငွေလေးက အတော်အတန် အသက်ရှူချောင်သွားသည်။ သည်ကြားထဲ လူထုတိုက်သို့ အလုပ်ပို့သွားတိုင်း ဆရာဝင်းစည်သူ၊ ဆရာရဲသျှမ်း၊ ဆရာသိုက်ထွန်းသက်၊ ဆရာ ကိုငယ်(ကျောက်ဆည်)၊ ဆရာညိုထွန်းလူ၊ ဆရာကြည်ဇော်ဝင်း စသူတို့ကို ဆရာကျော်စိုးဝင်းနှင့် အတူတွေ့နေရတော့ ဝတ္ထုတွေ ရေးဖြစ်လာသည်။ သူတို့ကို အားကျတာလေ။ ထိုစဉ်ကာလ သူတို့ကလောင်တွေက သွက်လက် ထက်မြက်နေသည့် ကာလ။ ကျွန်တော်က ဝတ္ထုတိုတွေ ရေးဖြစ်ပေမယ့် ဘယ်မဂ္ဂဇင်းမှ မပို့ဖြစ်။ ဆောင်းပါးတွေကတော့ စံပယ်ဖြူမှာ၊ သောင်းပြောင်းထွေလာမှာ၊ သဘင်မှာ အသစ်ထွက် စန္ဒာမှာ ဆက်တိုက်ဆိုသလို ပါနေပါပြီ။ ဆန်းကျော်မောင် ပေါ့။ ထို့ကြောင့် ကျွန်တော့်ကို စာပေအဝန်းအဝိုင်းက ဆန်းကျော်မောင်ပဲ သိသည်။ ဆရာကြည်ဇော်ဝင်းက အခုထိ ဆန်းကျော်မောင်ပါပဲ။

တစ်နေ့သား လူထုမှာ အလုပ်ပို့သွားရင်း လူစုံနေလို့ မပြန်နိုင်။ ထိုစဉ်က စာမူများကို ရန်ကုန်မဂ္ဂဇင်းတိုက်သို့ ပို့ကြလျှင် လူကြုံဖြင့် ပို့ကြသည်။ ထိုစဉ် အမြန်ချောပို့ဆိုတာလည်း မရှိတော့ စာတိုက်က ပို့လျှင် လချီကြာတတ်သလို အပျောက်အရှလည်း ရှိသည်။ ထို့ကြောင့် စိတ်ချရသည့် လူကြုံနှင့်ပို့ကြသည်။ လူကြုံ့လည်းမရှိ၊ စာမူကလည်း အရေးကြီးလျှင် ရန်ကုန် အမြန်ရထားတွဲစောင့်များနှင့် ပို့ကြသည်။ အချို့တွဲစောင့်များက စာများ တစ်နိုင် ပါဆယ်ပစ္စည်းများကို အခကြေးငွေဖြင့် အိမ်တိုင်ရာရောက် ပို့ပေးကြသည်။

 

ကလောင် အသစ်နှင့် ဝတ္ထုတိုအသစ် ၃ပုဒ်
———————————————-

မန္တလေးက စာရေးဆရာများကတော့ လူထုတွင် စုမိသောဆရာမျာက လူကြုံအနေနှင့် ကဗျာဆရာ ကိုငယ်(ကျောက်ဆည်)က သူ့ရွှေအိန္ဒြေ စာပေအတွက် ရန်ကုန်သို့ တစ်လတစ်ခေါက်ဆင်းလို့ ကိုငယ့်ထံ လူကြုံပါးကြသည်။ ထို့အတူ ဆရာကံချွန် ဆရာနီမောင်တို့ကလည်း စာအုပ်ကိစ္စနှင့် အနည်းဆုံး တစ်လတစ်ခေါက် ရန်ကုန်ဆင်းကြလို့ စာမူတွေပါးကြရုံမက ရန်ကုန်တိုက်တွေက စာမူခများပင် ထုတ်ယူပေးသည်။ အခုလည်း ကျွန်တော်က လူထုတိုက်ရောက်ခိုက် ကိုငယ်(ကျောက်ဆည်) က ညနေရထားနှင့် ရန်ကုန်ဆင်းမှာမို့ စာမူတွေ ပါးနေကြသည်။ ဆရာဝင်းစည်သူ၊ ဆရာရဲသျှမ်း၊ ဆရာ သိုက်ထွန်းသက် သာမက ဒေါ်ဒေါ်လူထုဒေါ်အမာ စာမူပင် ပါသေးသည်။ စာမူတွေကို လက်ခံယူနေရင်း ကိုငယ်(ကျောက်ဆည်) က သူ့ဘေးက ခုံပေါ်မှာ ထိုင်နေသော ကျွန်တော့်ဘက် လှည့်ပြီး “ ကိုဆန်းကျော်မောင် ရော၊ စံပယ်ဖြူနဲ့ သဘင်မှာ စာမူပို့စရာရှိလား၊ ပေးလိုက်လေ” ဟု ပြောသည်။ ကျွန်တော်လည်း လွယ်အိတ်ထဲမှာ အသင့်ပါလာသည့် စာမူအသစ် ၃ပုဒ်ကို ထုတ်ပြီး သူ့လက်ထဲ ထည့်လိုက်သည်။

သူက စာမူတွေကို လှန်လှောကြည့်ပြီး “ ဟာ.. ဝတ္ထုတွေပါလား၊ .” ဟု တအံ့တသြဆိုသည်။ ဟုတ်တာပေါ့၊ ကျွန်တော်က ဆောင်းပါးတွေချည်း ရေးနေတာဥစ္စာ၊ ဝတ္ထုစာမူတွေ တွေ့တော့ သူ အံ့သြမှာပေါ့။ စာမူများကို သေချာကြည့်ပြီးသူက မျက်မှောင်ကျုံ့သွားသည်။ ခင်ဗျားစာမူက ကလောင်နာမည်လည်း မပါသေးဘူး၊ ကျွန်တော်ဖြည့်လိုက်မယ် ဟု ဆိုကာ ကိုငယ်(ကျောက်ဆည်)က လွယ်အိတ်ထဲက ဖောင်တိန်ကို ထုတ်၏။ ဆန်းကျော်မောင် နော်ဟု ရေးမည်အပြု ကျွန်တော်က သူ့လက်ထဲက စာမူတွေ ဖျပ်ခနဲ ဆွဲယူပြီး “ ဆန်းကျော်မောင် မဟုတ်ဘူးဗျ၊ ပေး ပေး ကျွန်တော်ဖာသာ ရေးလိုက်မယ်” ဟုဆိုကာ ကျွန်တော်က ဘောလ်ပင်ဖြင့် စိတ်ထဲ ရုတ်ချည်းပေါ်လာသော ကလောင်နာမည်ကို စာမူ၃ပုဒ်စလုံးမှာ ရေးလိုက်ပြီး ကိုငယ့်ထံ ပြန်ပေးလိုက်သည်။ ကိုငယ် က ကျွန်တော်ရေးလိုက်သော ကလောင်နာမည် အသစ်ကို ဖတ်ပြီး” ကောင်းတယ်၊ ဒီနာမည်” ဟု ပြောရင်း အဆင်ပြေတဲ့ တိုက်တွေ ပို့ခဲ့မယ်၊ စိတ်ချဗျာ ဟု ပြောပြီး စာမူတွေ ယူထားလိုက်တော့၏။

တကယ်တော့ ထိုနာမည်ကို စိတ်ထဲတွင် ရုတ်ချည်း ပေါ်လာသော ဟု ဆိုသော်လည်း ထိုနာမည်က ကျွန်တော့်ကို ဖမ်းစားနေသည်မှာ နှစ်ချီကြာနေပါပြီ။ သို့သော် ကလောင်နာမည်အတွက် မဟုတ်။

 

Thorn Bird – ဆူးငှက်
————————

ကျွန်တော်က အထက်တန်းကျောင်းသား ဘဝကတည်းက လစဉ် မဂ္ဂဇင်း ၂အုပ် ဝယ်ဖြစ်သည်ဟု ပြောဖူးပါသည်။ ထိုမဂ္ဂဇင်း ၂အုပ်မှာ မိုးဝေနှင့် ရှုမဝဖြစ်ပါသည်။ ရှုမဝမဂ္ဂဇင်းတွင် ရှေ့ပိုင်းမှာ နိုင်ငံတကာရှုခင်း ဟူသည့် ကဏ္ဍတစ်ခု ပါသည်။ ထိုကဏ္ဍ က နိုင်ငံတကာက ရုပ်ရှင်၊ စာပေနှင့် အနုပညာရှင်များ၏ သတင်းများကို ဓာတ်ပုံနှင့် ဖော်ပြသည်။ လတစ်လတွင် ထိုကဏ္ဍ၌ ရုပ်ရှင်ဇာတ်ကား တစ်ကားအကြောင်း သတင်းတိုလေး တစ်ပုဒ်ပါသည်။ ထိုရုပ်ရှင်ဇာတ်ကား၏ ပိုစတာ ဓာတ်ပုံလည်း ပူးတွဲ ဖော်ပြထာသည်။ ရုပ်ရှင်ဇာတ်ကား အမည်က Thorn Bird တဲ့။

ထိုဇာတ်ကား ဇာတ်လမ်း ထက် ဇာတ်ကားအမည်နှင့် ပိုစတာက ချက်ချင်း သဘောကျသွားသည်။ ဇာတ်ကားအမည်ကို တိုက်ရိုက်ပြန် တော့ “ဆူးငှက်” ပေါ့။ ပိုစတာကလည်း Thorn Bird စာလုံးကို ဆူးများပါသော သစ်ကိုင်းနှင့် ပုံဖော်ထားပြီး သစ်ကိုင်းပေါ်က ပျံနေသော ငှက်ပုံ ဖြစ်သည်။ ကျွန်တော်က ပိုစတာဒီဇိုင်းကို ကြိုက်နှစ်သက်လှသည်။ ထိုစဉ်က စာပေထက် ပန်းချီဒီဇိုင်းကို စိတ်ဝင်စားနေတာမို့ ထိုဒီဇိုင်းအတိုင်း မြန်မာလို ဆူးငှက်ဟု ရေးဆွဲကာ ဆိုင်တစ်ဆိုင် (သို့မဟုတ်) အိမ်တစ်အိမ်၊ ခြံတစ်ခြံ၏ ဆိုင်းဘုတ် ပြုလုပ်ချင်သည်။

 

ဒီဇိုင်းလေး ကြိုက်လို့
————————-

ကျွန်တော်က ငယ်စဉ်ကာလ တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုများကို ဖတ်ကာ မြို့စွန်မှာ ခြံကြီးနှင့် နေချင်သည်။ သူ့ဇာတ်လိုက်တွေလို ခြံကြီးထဲမှာ အိမ်ကြီး အိမ်ကောင်းနှင့် မဟုတ်။ ခြံကျယ်ထဲတွင် အိမ်ကလေး တစ်လုံးနှင့်ပဲ သစ်ပင်ပန်းပင် စိုက်ချင်သည်။ သည်တော့ ခြံက ဘယ်ဆီမှန်းမသိမီ ခြံနာမည်တွေကို စိတ်ကူးယဉ်သည်။ ပန်းမြိုင်လယ် တဲ့၊ နန္ဒဝန် တဲ့၊ စုံတောမြိုင် တဲ့၊ အခု Thorn Bird ဒီဇိုင်းလေး မြင်တော့ ဆူးငှက်ခြံ ဆိုင်းဘုတ်ဒီဇိုင်းလုပ်ဖို့ စိတ်ကူးယဉ်နေမိသည်။

သည်တော့ ခြံမပြောနှင့် ပန်းအိုးထဲက မြေမျှပင် မပိုင်ဆိုင်သူကျွန်တော့ စိတ်ကူးထဲမှာ ဆူးငှက်ရောက်နေတာ ကြာပြီ။ တကယ်တမ်းစာရေးလို့ ကလောင်နာမည် စဉ်းစားတော့ ဆူးငှက် ကို မတို့ထိရဲ။ သည်တော့ ထိုစဉ်က ခေတ်စားသည့် “နီ” တွေ “သစ်” တွေ ကိုသာ စဉ်းစားသည်။ သည်တော့ စိတ်ကြိုက် မဖြစ်ခဲ့။ နေဆန်းသစ် ဖြစ်လိုက်၊ မောင်ကျော်ဆန်း(မန်းရတနာပုံမြေ) ဖြစ်လိုက်နှင့် ဆရာချစ်ဦးညိုပေးသော ဆန်းကျော်မောင် နှင့် တင်းတိမ်နေရသည်။ မကြိုက်သေး။ အခု ကိုငယ်(ကျောက်ဆည်) က ရန်ကုန် စာမူပေးစရာရှိလားဟု အမေး၊ ကျွန်တော်ကလည်း လွယ်အိတ်ထဲ အသင့်ပါလာသော ဝတ္ထုတို ၃ပုဒ်ကို အပေး၊ ကလောင်နာမည် ကို ရုတ်ချည်း ရေးရတော့ ရင်ထဲ အောင်းနေသည့် “ဆူးငှက်” က တားမနိုင် ဆီးမရ ခုန်ထွက်သွားခြင်း ဖြစ်သည်။ ကဲ.. ပျံပေရော့ ဆူးငှက် ကံဆိုး ကံကောင်း စောင့်ကြည့်ရုံပေါ့။ ဤသို့ဖြင့် ကာယကံရှင် ကျွန်တော်နှင့် ကိုငယ်(ကျောက်ဆည်) သာ သိသော ဆူးငှက်သည် ရန်ကုန်က မဂ္ဂဇင်းတိုက်များဆီ ရောက်သွားပါပကော။

ဆူးငှက်က ကံကောင်းသည်ဟု ပြောရမည်။ ကိုငယ်(ကျောက်ဆည်) ယူသွားသော ဝတ္ထုတို ၃ပုဒ် စလုံးက အပယ်မရှိ။ ပထမဆုံး “ ဖွဲမီးခံ” ဟူသည့် ဝတ္ထုတိုက ဆရာမောင်သာရ တည်းဖြတ်သည့် ၁၉၉၀ ဒီဇင်လာလတုတ် ရင်ခုန်ပွင့် မဂ္ဂဇင်းမှာ ပါလာသည်။ နောက်လတွေမှာ ဆက်တိုက်ဆိုသလို မဟေသီမှာ ၊ ချယ်ရီမှာ ပါလာတော့သည်။ သည်တော့မှ ကျန်ဆရာများလည်း ဆန်းကျော်မောင်က ဆူးငှက်မှန်း သိကြတော့၏။ ပြောကြစို့ဆိုလျှင် ဆန်းကျော်မောင်က ဆူးငှက်ထက် ၆နှစ်လောက် ဝါကြီးသည် ဆိုပါတော့။

 

ဆန်းကျော်မောင်ပြီးမှ ဆူးငှက်
——————————

နောက်ပိုင်း ကျွန်တော်လည်း ဆက်တိုက်ဆိုသလို ရေးဖြစ်သည်က ဝတ္ထုတိုများပဲ ဖြစ်သည်။ ကျွန်တော့် ဝတ္ထုတို အတော်များများက ဆရာဦးဝင်းငြိမ်း၏ ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြပါရှိသည်။ နောက် မဟေသီ၊ ရင်ခုန်ပွင့်၊ ချယ်ရီ၊ ရွှေဝတ်မှုန်၊ ပေဖူးလွှာ စသည်။ ထိုစဉ်ကာလ မန္တလေးကလည်း မဂ္ဂဇင်းတစ်စောင် ထွက်နေပါပြီ။ ရွှေဝတ်ရည် တဲ့။ အယ်ဒီတာချုပ်က ဆရာမောင်ဆင်ခြင်၊ တာဝန်ခံ အယ်ဒီတာက ဆရာမောင်သစ်လွင်(လူထု) ဖြစ်သည်။ ထုတ်ဝေသူက ကမ္ဘာအေးဆေးတိုက်ပိုင်ရှင် ဒေါ်နုနုယဉ်(စာရေးဆရာမ မေသျှိသျှား) ဖြစ်သည်။ ဝိုင်းဝန်းကူညီကြသူများက မောင်သင်းဝေ၊ မောင်သင်းပန်၊ ကိုငြိမ်း(မန္တလေး)၊ ဆရာကံချွန်၊ ဆရာဝင်းစည်သူတို့ ဖြစ်သည်။ မန္တလေးက ရှားရှားပါးပါး ထုတ်ဝေသည့် မဂ္ဂဇင်းမို့ ဝိုင်းဝန်းကူညီအားပေးကြကာ မျှော်လင့် စောင့်စားနေကြ၏။ မဂ္ဂဇင်းတိုက်က ဘုရားကြီးအနီး ၈၄လမ်းပေါ် မင်းသားစုရပ်မှာ ဖြစ်သည်။

ထိုစဉ်ကာလ မဟေသီမဂ္ဂဇင်းတွင်လည်း စာပေဝေဖန်ရေးကဏ္ဍအဖြစ် စာအိုးက ဟိုးဟိုးကျော်နေသည်။ စာအိုးဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း မဟုတ်၊ အစုအဖွဲ့ဖြစ်သည်။ ထိုစဉ်က နာမည်ကျော် လက်သွက်လှသော မန္တလေး ဝတ္ထုတိုဆရာများတဲ့။ ညီပုလေး လား၊ ဝင်းစည်သူ လား၊ သိုက်ထွန်းသက် လား၊ ရဲသျှမ်း လား၊ ညိုတွန်းလူ လား၊ ကျော်ရင်မြင့် လား၊ ကြည်လင်အေး လား၊ ကျော်စွာထက် လား၊ ကိုရိုးကွန့် လား၊ ကလောင်ကတော့ ထက်လှသည်။ မဟေသီကို လစဉ်စောင့်ဖတ်ဖြစ်နေတာက စာအိုးကြောင့် ဖြစ်သည်။ ထိုစဉ်က သဘင်မဂ္ဂဇင်းမှာလည်း ဆရာအောင်သင်း၏ အကြိုက်ဆုံး ဝတ္ထုတိုများ ကဏ္ဍကလည်း ပရိသတ်သာမက စာရေးသူတွေ ကိုယ်တိုင်ကပင် စောင့်ဖတ်ကြရသည်။ ထို့ကြောင့် ရွှေဝတ်ရည် မဂ္ဂဇင်းတွင် ဆရာမောင်သစ်လွင်(လူထု)နှင့် ဆရာဝင်းစည်သူ ခေါင်းချင်းဆိုင်ပြီး စာပေဝေဖန်ရေးကဏ္ဍတစ်ခုအား ထည့်သွင်းချင်ကြသည်။ ဆရာမောင်သစ်လွင်(လူထု) က ထိုကဏ္ဍအတွက် ဆရာဝင်းစည်သူကိုပဲ တာဝန်ပေးလိုက်၏။

 

ရွှေဝတ်ရည်နှင့် ရှားပန်း
————————-

ဆရာဝင်းစည်သူက ရွှေဝတ်ရည်မှာ ဆရာမောင်သစ်လွင် (လူထု)နှင့် စကားပြောပြီး အပြန်မှာပဲ ဆရာသိုက်ထွန်းသက်နှင့်အတူ ၈၃လမ်းနှင့် ၃၃လမ်းထောင့်မှာ လူထုကပြန်လာသော ကျွန်တော်နှင့် ကိုအော်ပီကျယ်ကို တွေ့တော့ သူ့ဆိုင်ကယ်လေးရပ်ကာ ပြောသည်။ ဆရာက ရွှေဝတ်ရည်က ဝေဖန်ရေးကဏ္ဍမှာ ကျွန်တော်လည်း ပါစေချင်သည်။ ကျွန်တော်ကလည်း ဆရာတို့၏ ၁၂မျက်နှာ နာရီစင်ကို ဝေဖန်ထားသည့် လက်စလက်နက ရှိနေတာ သိနေသည်။ ဆရာက စာရေးဆရာ တစ်ယောက်ယောက်ကို သူ့စာနဲ့ ပတ်သက်ပြီး စဝေဖန်ပါပေါ့။ သည်တော့ ဆရာသိုက်က ပွဲဦးထွက်အနေနှင့် သူ့ကိုပဲ ဝေဖန်ပါဟု ဆိုသည်။ ဆရာသိုက်နှင့် ပတ်သက်ပြီး အားလုံးက ဝေဖန်ကြမယ်ပေါ့။ သည်တော့ ဆရာသိုက်နှင့် ပတ်သက်သည့် ကျွန်တော့် အမြင်ကို ရေးထားပါ၊ ညကျ လာယူမည်ဟု ဆရာဝင်းစည်သူက ပြောသည်။ ကျွန်တော်လည်း ခေါင်းညိတ်လိုက်၏။ ဘယ်ရမလဲ၊ အိမ်ရောက်သည်နှင့် ဆရာသိုက် ဝတ္ထုတိုတွေ ပြန်ဖတ်ပြီး တွယ်တော့တာပေါ့။ ပဟေဠိဆန်တာတွေ၊ မပြတ်သားတာတွေ၊ ရန် – ငါ မကွဲတာတွေ၊ ပညာတတ်ဆန်တာတွေ စသည်ဖြင့် ထိုစဉ်က ခေတ်စားနေသည့် ပေတံတွေနှင့် စလုတ်တိုက်တာပေါ့။

ညရောက်တော့ ကျွန်တော့်ဆီက စာမူကို ဆရာဝင်းစည်သူက လာယူသည်။ ချက်ချင်းဖတ်သည်။ သတ်ပုံပြင်သည်။ ကလောင်နာမည်ကိုလည်း “ရှားပန်း” ဟု ချက်ချင်းပေးသွားသည်။ နောက်ရက် ရောက်တော့ ကျွန်တော်ရေးတာနှင့်ပင် ပြည့်စုံနေပြီတဲ့ သူတို့ ထပ်မဖြည့်တော့ပါဘူးတဲ့။ ဆရာမောင်သစ်လွင် (လူထု) လက်ထဲ အပ်လိုက်ပြီတဲ့။ ဆရာသစ်ကလည်း ကြိုက်ပါတယ်တဲ့။ ဤသို့ဖြင့် ရွှေဝတ်ရည် မဂ္ဂဇင်းတွင် ရှားပန်း ကလောင်ဖြင့် ဝေဖန်ရေး ရေးဖြစ်တော့သည်။ ကျွန်တော့်မှာ ဆရာသိုက်ထွန်းသက်ကို မျက်နှာပူလို့။ သို့သော် ဆရာသိုက်ထွန်းသက်က သဘောထားကြီူသည်။ ကျွန်တော့် ရှားပန်းကို ဖတ်ပြီး ရယ်မောနေသည်။ မောင်ရင်က ကိုယ့်ကို မပြတ်သားသူကြီးပေါ့လေ၊ ကိုယ်ကလည်း ဘယ်တုန်းကမှ မပြတ်သားခဲ့ဘူး၊ ကိုယ့်အပေါ် ပြတ်သားသူကိုတောင် မပြတ်သားနိုင်သေးတာလေ ဟု ပြန်ပြောတော့ ကျွန်တော်လည်း စိတ်မကောင်းပေ။ ထိုအချိန်မှာ ဆရာသိုက်ထွန်းသက်၏ အိမ်ထောင်ရေး လှိုင်းက ဆိုးဝါးစွာ စတင်ရိုက်ခတ်သည့် ကာလလေ။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW