တောအလယ်..၊ မောတယ်…

ဆူးငှက်

ကျွန်တော်နေထိုင်သော မန္တလေးအောင်ပင်လယ် ကန်ပေါင်ရိုးအနီး လယ်တောအိမ်ကလေး၏ အရှေ့ဖက်ခြမ်းမှာက ခြံဝင်းကွက်များနှင့်အတူ သရက်ကုန်းဘုန်းတော်ကြီးကျောင်းဝင်းနှင့် အောင်ပင်လယ်တောတွေ ရှိသည်။တောင်ဘက်မှာက ခပ်စိပ်စိပ် လူနေအိမ်ဝင်းများ…။ မြောက်ဘက်မှာ သပြေခြံတွေ၊ သစ်ခွခြံတွေ ရှိသည်။ အနောက်ဘက်မှာက ဧကကွက် အကျယ်အဝန်းရှိသည့် အဆင့်မြင့်အိမ်ရာများဆောက်လက်စ ခြံကြီးတစ်ခြံ ရှိသည်။

လွန်ခဲ့သောနှစ်၂၀ကျော် သည်နေရာလေးသို့ ကျွန်တော်တို့ရောက်စအချိန်တွင် အိမ်ကလေး၏ အရှေ့ဘက်မှာ၊တောင်ဘက်မှာတွေက အခုလို ဝင်းတွေခြံတွေ မရှိသေး။ ပိတ်စွယ်ရိုင်းပင်တွေ တောထနေသည့် ကွင်းပြင်ကြီးပဲဖြစ်သည်။ အိမ့်တောင်ဘက်ခေါင်းရင်းမှာလည်း ရေအိုင်တစ်အိုင် ရှိသည်။ ကြည်လင်သော ရေမှာ ကြာပန်းတွေလည်း ပွင့်နေ၏။ ညနေစောင်းလျှင်ဖြင့် အနောက်ဘက် ရေကန်ကြီးတွေရှိသည့် ခြံကြီးထဲသို့ ဗျိုင်းအုပ်တွေ အိပ်တန်းလာတက်သည်။ ညနေမှာ အုပ်လိုက် အိပ်တန်းတက်ကြသည်။ အဲလို ခြံကြီးတွေထဲမှာသာ မဟုတ်။ခေါင်းရင်းက ရေအိုင်ကလေးမှာလည်း ရေကြက်တစ်အုပ် ရေသောက် ဆင်းကြ၊ ရေချိုးကြသည်။ ထိုနေရာလေးမှာ မနက်လင်းလျှင် နေ့စဉ်မပြတ် ကြားနေရတာက ချိုးကူသံလေးပဲဖြစ်ပါ၏။ အောင်ပင်လယ် လမိုင်းလယ်များ၏ အမွေအနှစ်နေရာမို့ လယ်တောဘဝက လယ်ကောဖြစ်ခဲ့သော်လည်း သစ်ရိပ် ဝါးရိပ်ရရိပ်တွေကြောင့် ကျေးငှက်သာရကာတို့၏ ပျော်ရွှင်မြူးတူး ကျက်စားရာနေရာဖြစ်သည်။

ယခုကဲ့သို့ ကျေးငှက်သာရကာတို့ မြူးတူးပျော်ရွှင်သောနေရာဖြစ်ခဲ့ခြင်းမှာလည်း ကနဦးအစ ကတည်းက အစဉ်အလာရှိခဲ့သည်။ ပုဂံခေတ် ၅၁၃ ခုနှစ် ကတည်းက ဆိုပါတော့။ သည်နေရာသို့ ပုဂံပြည်မှ မင်းရှင်စော ရာက်ရှိခဲ့၏။ ဖခမည်းတော် “သီရိ တြိဘာဝနာ ဒိတျာ ပဝရ ပဏ္ဍိတ သုဓမ္မရာဇာ”ဘွဲ့ခံ အလောင်းစည်သူမင်းကြီး၏ အမျက်တော် ရှမှုကြောင့် ပုဂံပြည်မှ “ပြည်နှင်”ဒဏ်ခံရရှာသော မင်းရှင်စောတစ်ယောက် ဆင်မြင်းဗိုလ်ပါ အလုံးအရင်းနှင့် (ယခု) မန္တလေးဒေသ ဝန်းကျင်သို့ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

ပထမဦးစွာမြစ်ငယ်မက္ခရာအနီး မြို့သာမြို့၊ ဒုတိယမြို့သစ်မြို့၊ တတိယ မြစ်ငယ်မြစ်တောာင်ဘက် တပျက်သာမြို့ဟူသော မြို့သုံးမြို့ တည်ထောင်ခဲ့သည်။ ထို့နောက် စတုတ္ထမြို့ဖြစ်သော ပူတက်မြို့ကို တည်ထောင်ပြီး၊ အလျားအနံ တာထောင်စီရှိသော ကန်တိလိ(ခေါ်)အောင်ပင်လယ်ကန်ကို ဆည်တော်မူခဲ့ခြင်းဖြစ်သည်။ မြောင်းကြီးသုံးသွယ်၊ လယ်ပယ်သုံးသောင်း၊ သီးထပ်သီးညှပ်ဖြင့် တစ်နှစ်လျှင် သုံးသီးစား စိုက်ပျိုး လုပ်ကိုင်နိုင်ခဲ့သည်။ အဆိုပါ အောင်ပင်လယ် ကန်တော်ကြီးကို သက္ကရာဇ် ၁၁၅၁ ခု၊ နယုန်လပြည့် တနင်္လာနေ့တွင် အမရပူရနန်းစံ ဘိုးတော်ဘုရားက နောက်ပါ ဗိုလ်ခြေထုနှင့် ထပ်မံဆည်ဖို့ ပြင်ဆင်တော်မူပြန်၏။

ဘိုးတော်ဘုရား၏ကောင်းမှု မဟာမုနိဘုရားကြီးအနီး၌ ယာယီစံနန်းနှင့် စံမြန်းတော်မူပြီး မင်းမိဖုရား၊ မင်းညီမင်းသား၊ မူးတော်မတ်တော် ကတော်စိုးတို့နှင့်တကွ အမရပူရနေပြည်တော်မှ တစ်အိမ်တစ်ယောက်မကသော ပြည်သူများနှင့်အတူ လယ်ထွန်မင်္ဂလာ ဆင်းတော်မူ၍ ကျောက်စာများ
ရေးထိုးစိုက်ထူခဲ့သည်ဟု မှတ်သားရသည်။

““…… အလျားတာသုံးတောင် လယ်ပယ်သုံးသောင်း၊မြောင်းသုံးသွယ်တို့ဖြင့် အလွန်ကြီးကျယ်သော ကန်တိလိ အမည်ရှိသော အောင်ပင်လယ် ကန်တော်ကြီးသည် ဆည်ရိုကန်ပိုင်မခိုင်လိုကွင်းပျက်စီးသည်ကို ဖလောင်တော်တို့ အရိုက်အရာမပျက်ကောင်ပလေဟု သဗ္ဗညုတဉာဏ်၏ အဆောက်အဦးကို ရည်သန်တော်မူလျက် ပြည်သူပြည်သားတို့ စီးပွားချမ်းသာဖးဖြစ်စေလိုရယ် နှစ်သစ်အခါမှ ရက်သုံးဆယ် ရာသီမေထုန် နယုန်လပြည့် တနင်လာနေ့ပင်တို့ ဓမ္မတာ လယ်ထွန်မင်္ဂလာထွက်တော်မူရယ်…..””ဟူသော ကျောက်စာပါ မူရင်း သတ်ပုံ စာသားများနှင့်အတူ ထူးခြားသော အပြုအမူတို့ကိုဘိုးတော်မင်းတရားကိုယ်တိုင် ပြုမူဆောင်ရွက်ခဲ့သည်ကိုလည်း ကျောက်စာ၌ ဆက်လက်ရေးထိုးထား၏။

““ဤကန်တော်အတွင်း နမိတ်၏ လေးရပ်သတ်မှတ်သည်နှိုက် နေပျော်ပိုက်ကုန်သော ရေပိုးရေမြွား သားငှက် တိရစ္ဆာန်တို့အား ဘေးမရှိစေဟု အာဏာထားတော်မူသည်ကား ……”” ဟူ၍တစ်မျိုး။
“ကိုးထောင် ခုနစ်ရာ ခြောက်ဆယ်လေးတာ အပြန်အလှန်သော နိမိတ်အတွင်း၌ နေကုန်သော ရေပိုးရေမြွား သားငှက်တိရစ္ဆာန်တို့အား ဘေးမဲ့ဖြစ်စေ…. ””ဟူ၍ တစ်မျိုး၊ ဘိုးတော်ဘုရားကျာက်စာ၌ တိတိကျကျ ခိုင်ခိုင်မာမာ ပါရှိခဲ့သည်။

ဆိုလိုသည်က အလျားခုနစ်မိုင်ကျော်၊ အနံသုံးမိုင်ခွဲနီးပါးရှိ အောင်ပင်လယ်ကန်တော်ကြီး နယ်နိမိတ်အတွင်းရး ရေပိုးရေမွှားမှအစ….ကျေးငှက်၊ တိရစ္ဆာန်များအထိ ဘေးမဲ့ပေးထားခဲ့ခြင်းကို ခိုင်မာစေခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်လည်း မင်းတုန်းမင်းကြီးက ဤအရပ် ဤနေရာ၌ ရတနာပုံဆနပြည်တော်ကြီး ထူထောင်လေသောအခါ အရှေ့ဘက်အောင်ပင်လယ်ကန်၊ အနောက်ဘက် ဧရာဝတီမြစ်၊ တောင်ဘက် တောင်သမန်နှင့် ဇောင်းကလောကန်၊ မြောက်ဘက် နန္ဒာကန်နှင့် မတ္တရာမြစ်တို့အကြား ရှိသောကြောင့် ရာသီဥတု သပ္ပယဖြစ်ခြင်းနှင့်အတူ နေ့စဉ် နေဝင်နေထွက် အိပ်တန်းတက်၊ အိပ်တန်းဆင်းကြသည့် အမျိုးအမည်စုံ ကျေးငှက်သရကာတို့ကား ရွှေမြို့တော်ကြီး ကောင်းကင်ယံအတွင်း နေပြောက်ထိုးမကျ ရှိခဲ့သည် ”” ဆိုကြ၏။

ထိုအတိတ်ကို စိတ်ကူး၍မျှပင် မှန်းဆ ကြည့်ကြပါဘိ။ မန္တလေးမြို့၏ အနီးဝန်းကျင်သည် ရှေးရှေးမင်းအဆက်ဆက်၏ အမြော်အမြင်စေတနာနှင့် ရွှေမြို့တော်သားတို့၏ ယဉ်ကျေးသော လူ့ကျင့်ဝတ်တို့ လိုက်နာမှုများကြောင့် တောနှင့်တောင်နှင့်၊ ရေနှင့်ကြာနှင့်၊ ကျေးငှက်နှင့်၊ သာရကာနှင့် အံ့ချီးမခန်း ကြည်နူးသာယာသော သဘာဝပတ်ဝန်းကျင် ရှိခဲ့သည်မှာ သေချာလှသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် ကာလကပဲ ယခု မန္တလေးနယ်နိမိတ်၏ မျဉ်းကြောင်းပေါ် မေးတင်နေသော ကျွန်တော်တို့ လယ်တောအိမ်လေး ဝန်းကျင်မှာ ရေနှင့်ကြာနှင့်၊ ကျေးငှက်နှင့် သာရကာနှင့် ရှိနေခဲ့ခြင်းမှာလည်း ထိုဘိုးဘွား အမွေအနှစ်၏ လက်မတင်လေးမျှသော လက်ကျန်အမွေအနှစ် ဖြစ်ချေလိမ့်မည်။

အောင်ပင်လယ်သည် ၁၉၀၃ ခုနှစ် ဝန်းကျင်ကတည်းက လယ်တောဖြစ်သွားပြီပဲ။ ထိုအခါ “တကယ် တောအစစ်ကဲ့သို့ အခုတော့ လယ်ကောဖြစ်လို့မို့ ကောင်းဖို့ရွယ်သောခေတ်ကို အခုပင်မျှော်မိတယ်..”တဲ့။ အခုတော့ လူနေ ရပ်ကွက်တွေ၊ စီမံကိန်းအဆောက်အဦးတွေ၊ ဆည်တော်ကြီး လျှပ်စစ်တာဝါ၊ ရဲရွာလျှပ်စစ်တာဝါတွေ၊ရုံး အဆောက်အဦ သစ်တွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ အုတ်တံတိုင်းမြင့်ခတ် ပုဂ္ဂလိကပိုင် ဝင်းကြီးတွေ ဖြစ်ကုန်ပြီ။ အရှေ့ရိုးမ အစပ်လဘို့တောင်၊ ဆိတ်သည်းတောင်၊ ဟင်္သာဂူစသည့် တောင်ပေါ်မှာလည်း ယခင်ကလို တောကြီးမျက်မည်း မဟုတ်တော့။ ပိုင်ရှင်အသစ်တွေ ပြောင်းကာ ယာတော လယ်တောတို့ စုတေကြတော့မည်။ အောင်ပင်လယ်၏ အရှေ့ဘက်တောင်တွေပေါ်ကကြည့်တော့ ရွာရိုး မြို့နယ်နိမိတ် ကလနားနေရာတွေမှာ သာတောရိပ်တောင်ရိပ်၊ သစ်ပင် သစ်တောအတုတွေသာ ရေးရေးတွေ့ရပြီး အနောက်ဘက်တကြော ကွန်ကရိတောကြီး ဟီးထလို့ နေချေပြီဩ။

အခုတော့အင်ပင်လယ် တကြောက လယ်တောတွေလည်း လယ်ကော မဟုတ်တော့။ မကြာမီ ကွန်ကရိတောကြီး ဖြစ်တော့မည်။ မန္တလေး၏ အသက်ရှူပေါက် အစိမ်းရောင်ရပ်ဝန်းတွေ ပျောက်လုပေါ့။ မည်သို့ဆိုစေ။ ကောင်းဖို့ရွယ်သောခေတ် ကိုတော့ ရောက်ချင်လှပါပြီ ….။
မောလှပေါ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW