စစ်တွေမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ထိပ်ပိုင်းအရာရှိတဦးကို အေအေက ဖမ်းဆီး

ဩဂုတ် ၄- ၂၀၂၂
SW (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ ဩဂုတ် ၂ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထိပ်ပိုင်း အရာရှိတဦးကို အေအေတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ပါတီတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက “ကျနော်တို့ကတော့ ဖမ်းဆီးသွားသူတွေကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကြားထဲ ဒီလိုမျိုး ဖမ်းဆီးတာတွေ မဖြစ်စေချင်ပါဘူး” လို့ VOMကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထိပ်ပိုင်းအရာရှိဟာ ဒုတိယဗိုလ်မှူးအကြီးအဆင့်ရှိသူ ခိုင်ပေါ်လင်းဆိုသူဖြစ်ကြောင်း မနေ့ ဩဂုတ်လ ၃ ရက်နေ့ ပါတီရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ စာမေးပွဲဖြေဆိုရတော့မယ့် ၈ တန်းကျောင်းသား မောင်စိုးမင်းနိုင်လည်း ပါသွားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြောပါတယ်။

အဲဒီ ၈ တန်းကျောင်းသားဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင်တဦးရဲ့ မိသားစုဝင်ဖြစ်ပြီး စစ်တွေမြို့ ရွှေစေတီဘုန်းတော်ကြီးသင်ကျောင်းမှာ ပညာသင်ကြားနေတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPက ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ ၈ တန်ကျောင်းသားလေးတို့ ဘယ်နေရာမှာဆိုတာ လက်ရှိအချိန်ထိ သတင်းတစုံတရာ မသိရသေးဘူးလို့ ​ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ခိုင်ပေါ်လင်းကို နေအိမ်သို့ပို့ဆောင်ပြီး အပြန်လမ်းမှာ ဖမ်းဆီခံလိုက်ရတဲ့ ၈ တန်းကျောင်းသားဟာ စာမေးပွဲ ဖြေရတော့မှာ ဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့အတွက် ALP က တောင်းဆိုထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ” အဆိုးဆုံးကတော့ ၈ တန်းကျောင်းသားလေးတစ်ယောက် စာမေးပွဲဆဲဆဲမှာ ယူသွားတာကတော့ စိတ်မကောင်းစရာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်ဆဲရေး NCA လက်မှတ်ထိုး ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ရခိုင်လူထုရဲ့ ဝေဖန်မှုကို ခံနေရတဲ့ လက်နက်ကိုင်အဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

အလားတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အဖွဲ့ဝင် ၁၀ ဦးကျော်ခန့်ကိုလည်း အေအေကဖမ်းဆီးထားပြီး ပြန်လွတ်ပေးဖို့ တောင်ဆိုထားပေမယ့် ထူးခြားမှုမရှိသေးဘူးလို့ ALP ကပြောပါတယ်။

#voiceofmyanmar #VOM #ရခိုင်ပြည်လွတ်မြောက်ရေးပါတီထိပ်ပိုင်းအရာရှိတဦး #အေအေဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW