တိုက်ပွဲတွေမှာ ဖမ်မိထားတဲ့ စစ်သုံ့ပန်း ၂၄ ဦးကို RCSS အဖွဲ့က ပြန်လွတ်ပေး

သြဂုတ် ၊ ၇ ၊ ၂၀၂၂
SP (VOM)

ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်နယ်တပ်မတော်SSA က တိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း၂၄ ဦးကို မနေ့ သြဂုတ် ၆ ရက် မနက်ပိုင်းက ​ပြန်လည်လွတ်ပေးခဲ့တယ်လို့ RCSS သတင်းပြန်ကြားရေးဌာနဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းက RCSS ဌာနချုပ် လွယ်တိုင်းလျန်းမှာ အခမ်းအနား ပြုလုပ်ပြီး စစ်သုံ့ပန်းတွေကို ပြန်လွတ်ပေးခဲ့တာပါ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က စစ်သုံ့ပန်း ၂၃ ဦးနဲ့ တ​အောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က စစ်သုံ့ပန်း ၁ ဦး ၊ အားလုံး ၂၄ ဦး ပြန်လွတ်ပေးခဲ့တာ”လို့ RCSS ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခု ပြန်လည်လွတ်ပေးလိုက်တဲ့စစ်သုံ့ပန်းတွေကို ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အထိ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး နေအိမ်ကိုပြန်ဖို့ လမ်းစရိတ် ပိုက်ဆံတွေလည်း ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြန်လွှတ်ပေးတာနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် နိုင်ငံရေး အသိုင်းအဝိုင်းက ” ဒီကိစ္စဟာ ရှမ်းပြည်နယ်ထဲက လက်နက်ကိုင် အဖွဲ့အချင်းချင်း အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်လို့ ကြိုဆိုတယ် ၊ လက်ရှိအခြေအနေကနေ နောက်တဆင့်တက်ပြီး အချင်းချင်း ဆွေးနွေးဝိုင်းတွေဖြစ်လာဖို့ မျှော်လင့်တယ် ၊ ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းနိုင်ငံရေးစကားဝိုင်းတွေဖြစ်ပေါ်လာဖို့ လမ်းစဖြစ်တယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ၊ ဒီဇင်ဘာကနေ ၂၀၂၂မတ်လအထိ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတွေမှာ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုတွေနဲ့ RCSS တို့အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံရွာတွေက လူပေါင်း ၂ ထောင်ကျော်ဟာလည်း ဒီကနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo – Tai Freedom
#voiceofmyanmar #VOM #စစ်သုံ့ပန်း၂၄ဦး #RCSSအဖွဲ့ကပြန်လွတ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW