ဆူးငှက်
၂၉လမ်းအစဟု ခေါ်ရမည်လား။ အဆုံးဟုခေါ်ရမည်လား မသိသောနေရာသည် ထိုလမ်းနှင့် မိချောင်းတံတားဆုံသော နေရာဖြစ်ပါသည်။ မိချောင်း တံတားဟူသည် အိမ်တော်ရာဘုရားအနောက်ဘက်မှာ ရှိပါသည်။
ပုဂံမင်းသား ခေတ္တစိုးစံရာ အိမ်တော်နေရာ ““မဟာလောကရံသီ”ဘွဲ့အမည်ခံပြီး စေတီကြီး တစ်ဆူ တည်ထားကိုးကွယ်ခဲ့၏။ မန္တလေးသားတွေက ““အိမ်တော်ဘုရား”ဟုပဲ သိနေကြပါသည်။ ထိုဘုရားသို့ အမရပူရမြို့မှ ပုဂံမင်းက ဘုရားဖူးကြွတော်မူလာလျှင် မြေနိမ့်အရပ်များဖြစ်သော ဥယျာဉ်တန်း၊ သင်္ဘောတန်းတို့မှ ရွှံ့တော ဗွက်တောများကို ဖြတ်ကူးနိုင်ရန် အုတ်တံတားကြီး တည်ခင်းပေးခဲ့သည်။တံတားကြီးကို ““မဟာသုဒဿန မိချောင်တံတား”ဟု ခေါ်ဆိုကာ မင်းသားကြီး ဦးကျောက်လုံးက ၁၂၁၁ခု၊ပြာသိုလတွင် ကုသိုလ်ပြု လှူဒါန်းခဲ့သည်။
တံတားကြီးမှာ ၃၅လမ်းမှ အိမ်တော်ဘုရား အနောက်ထိပ်ထိ ရှည်သည်။ ၇ပြ နီးပါးရှိပါသည်။မြောက်ဘက်ထိပ်တွင် မိကျောင်းနှစ်ကောင်ရှိသည်။ တောင်ဘက်ထိပ်တွင် ခြင်္သေ့ကြီး၂ကောင်ရှိပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ အုတ်တံတားကြီး၏ အပိုင်းအစများကို ထီးလင်းတိုက်ရှေ့နှင့် ပုဏ္ဏားစုဘက် များတွင် တွေ့ရှိခဲ့ရဖူးပါ၏။
၂၉လမ်းသည် မိချောင်းတံတားမြောက်ဘက်ထိပ်မှစသော် တောင်ဘက် တစ်ပြတွင် စတင်ပါတော့သည်။ ထိုနေရာသည် လူနေထူထပ်သော ရပ်ကွက်ဖြစ်ကာ ၂၉လမ်း၏ မြောက်ဘက်တွင် သီရိဟေမာအရှေ့ရပ်ကွက်ဖြစ်ပြီး တောင်ဘက်က ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်ဖြစ်ပါသည်။ ၂၉လမ်း အနောက်ထိပ် ပြည်ကြီးပျော်ဘွယ်အရပ်သည် မြန်မာမင်းများ လက်ထက်ကတည်းက ပုဏ္ဏားပေါက်ပေါက်ဆုပ်၊ ပုဏ္ဏားကုလားပဲသုတ်၊ ရာမဇာတ်တာ်၊ မဟာပိန္နဲ လှည်းဆွဲပွဲ၊ စန္ဒီနတ်သမီးရေချတို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်။
မြောက်ဘက်ခြမ်း သီရိဟေမာ အရှေ့ရပ်ကွက်ကတော့ မြန်မာရပ်ကွက် စစ်စစ်ဖြစ်၏။ ဘုတလင်နယ်၊ ဆားလင်းကြီးနယ်ဘက်က မန္တလေးမှာ လာရောက်အခြေချသူများ၏ ရပ်ကွက်လည်းဖြစ်ပါသည်။ နှစ်ခန်း တစ်ခန်း၊ နှစ်အိမ့် တစ်အိမ်၊ တံခါးမရှိ၊ ဝင်းထရံမရှိ၊ ခြံစည်းရိုးမရှိ၊ ပူးပူးကပ်ကပ်နေကြသည်။ တချို့ကတော့ သည်ရပ်ကွက်ကို ဆီသည်ချောင်ဟုခါ်၏။ သို့သော် ဆီဝင်းဟုပဲ လူသီများသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၏ အရှေ့ဘက်ကပ်လျက်က ဝင်းကျယ်ကြီးမှာ ဆီစက်ကြီး ရှိနေပြီး ထိုဆီစက်ကို မှီခိုကာ ဆီရောင်းချခဲ့ကြသည့် ခေါင်းရွက်ဗျပ်ထိုး ဆီသည်များ ရှိသောကြောင့်ဖြစ်ပါသည်။ ထိုဆီသည် များကားကျွန်တော့်မိသားစု၊ ကျွန်တော့်ဆွေမျိုးများဖြစ်၏။
ယခုတော့ စျေးချို ကိုင်းတန်းဈေး၊ ထီးထိုင်ဈေးတို့နှင့် နီးကပ်ကာ အရောင်းအဝယ် စျေးရည်လည်လာကြသောကြောင့် ထိုရပ်ကွက်လေးမှာ ဇာတ်အဖွဲ့တစ်ဖွဲ့၏ ပြဇာတ်တစ်ပုဒ်မှတာကား မ,ပြီး မြို့ကား ချလိုက်သလို ရုတ်ချည်းပြောင်းလဲကုန်ပါပြီ။ အခုတော့ နံကပ်တိုက်များ၊ ပွဲရုံ များ၊ အိမ်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များနှင့် ရွှမ်းရွှမ်းဝေလို့။ ထိုရပ်ကွက်လေး အရှေ့ဘက်က ဆီစက်ကြီးကတော့ လည်ပတ်နေဆဲဖြစ်ပါ၏။ ဆီစက်တည်ရာ ဝင်းကြီးကို စိုင်ပြွန်ရိပ်သာဟု ကမ္ပည်းထိုးထားပါသည်။ ပေပေါက်နီးပါး ကျယ်ဝန်းသော ဝင်းကြီးဖြစ်သည်။
သက္ကရာဇ် ၁၂၀၆ခုတွင် သာယာဝတီမင်းတရားကြီးသည် စိတ်မမာတော်မူ၍ ဗေဒင်ကိန်ခန်းအရ ဓာတ်နန်းစံတော်မူစဉ် သားတော် ပုဂံမင်သား၊ ဦးရီတော် မလွန်မင်းသား၊ ဝမ်းကွဲ ညီတော် စိုင်ပြွန်မင်းသား၊ သားတော် လွှတ်မင်းသားကြီး မင်းတုန်းမင်းသားတို့ လိုက်ပါလာခဲ့ကြရပါသည်။ မင်းရဲသီဟသူဘွဲ့ခံ စိုင်ပြွန်မင်းသားကြီး ငယ်မည်ထိပ်တင်ဘိုးသည် ဗဒုံမင်းခေါ် ဘိုးတော် မင်းတရားနှင့် သီရိမဟာနန္ဒာဒေဝီဘွဲ့ခံ အလယ်နန်းမိဖုရားကြီး၏ သားတော် ပုသိမ်၃၂မြို့စား ပုသိမ်မင်းသားနှင့် ဘိုးတော်မင်းတရားနှင့် သီရိမဟာမင်္ဂလာဒေဝီဘွဲ့ခံ တောင်ဆောင်တော် မိဖုရားတို့၏သမီးတော် ယောမင်းသမီးတို့ စုံဖက်ရာမှ ဖွားမြင်သန့်စင်သော သားတော်တစ်ပါးဖြစ်ပါသည်။
စိုင်ပြွန်မင်းသားကြီး၌ ဟိုင်ကြီးမင်းသားနှင့်မြန်အောင်မင်းသ္မီး ဟူသော မွေးချင်းများ ရှိခဲ့ပါသည်။ စိုင်ပြွန်မင်းသားကြီးသည် ထိပ်တင်ပု (ပုသိမ်မင်းသားကြီးနှင့် နှံကြိုးရွာစားမင်းသ္မီးတို့၏သား လယ်ကိုင်းမင်းသားနှင့် ပုသိမ်မင်းသားကြီးနှင့်မြောက်ဆောင် မင်းသမီးတို့၏ သမီး ထိပ်တင်မကြီးတို့ စုံဖက်၍ ဖွားမြင်သူ)နှင့် လက်ဆက်ခဲပါသည်။ သာယာဝတီမင်းနှင့် ညီကိုဝမ်းကွဲ တော်စပ်သော စိုင်ပြွန်မင်းသားကြီးသည် သာယာဝတီမင်းကြီး မမာ၍ ဓါတ်နန်းစံသောအခါ လိုက်ပါလာပြီး ပုဂံမင်းအိမ်တော်၊ မျက်မှောက်ခေတ် အိမ်တော်ရာဘုရား၏ တောင်ဘက်တွင် နေထိုင်ခဲ့ရာမှ ဆွေတော်စဉ် မျိုးတော်ဆက် ဆက်လက်ထိန်းသိမ်း၍ မျက်မှောက်ခေတ်ထိ စိုင်ပြွန်ရိပ်သာဝင်းကို တွေ့ရဆဲဖြစ်သည်။
ဝင်းအတွင်း တနင်္ဂနွေထောင့်တွင် စိုင်ပြွန်မင်းသားကြီး၏ အရိုးအိုးဂူပြာသာဒ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ လက်ရှိ လူနေ အဆောက်အဦကလည်း နာမည်ကျော် ဗိသုကာဆရာကြီး ဆရာဆိုင်၏သား ဗိသုကာ ဦးငွေလှိုင်၏ ကနဦးလက်ရာလည်း ဖြစ်ပေသည်။
၂၉လမ်း၏ ထိုအနောက်ပိုင်းကို ဒေါင်းရိုးသင်္ဘောတန်းဟုလည်း ခေါ်ဆိုကြ၏။ ဒေါင်းရိုးဟူသည် မန္တလေးရတနာပုံနေပြည်တော်အဖြစ် မြို့ပြဖွဲ့စည်းရာတွင် ဇာတိတူရာတို့ စုစည်းထားရာတွင် မန္တလေးတိုင်းမင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကောင်းဇင်အုပ်စု ဒေါင်းရိုးရွာက လာရောက်အခြေချနေထိုင်သူများ ရပ်ကွက်မို့ ဒေါင်းရိုးရပ်ဟု အမည်တွင်ကြောင်း မှတ်သားရသည်။
သင်္ဘောတန်းဟူသည်က “ရှေးတုန်းက မြစ်ဆိပ်ဆိုတာ ဒီနားပေါ့။ သင်္ဘောတွေ ဆိုက်တဲ့နေရာလေ”ဟုလူကြီးသူမများ ပြောစကားကို တအံ့တသြ နားထောင်ခဲ့ရဖူးလေသည်။ ဟုတ်သည် မဟုတ်သည် အပထား မြစ်ဆိပ်နှင့်စျေးချိုကို ဟင်းသီးဟင်းရွက်ကုန်၊ ကောက်ပဲသီးနှံကုန်တွေကိုတော့ ဒီလမ်းကပဲ သယ်ပို့ကြရသည်။ အနောက် ကျွန်းထဲဆီမှ ပဲစိမ်းစားဥ လှည်းတန်းကြီးလာလျှင်ကျွန်တော်တို့သည် လှည်းမြီး ခိုကာ ရိုင်ပတ်ကြားမှ ပဲစိမ်းစားဥများ ဆွဲဖြုတ်ပြေးကြရသည်။ သဘောကောင်းသော လှည်းသမား တစ်ယောက် တစ်လေကမူ ကျွန်တော်တို့မြင်သည်နှင့် ပဲစိမ်းစားဥတစ်တွဲဖြုတ်ယူပြီး လှမ်းပစ်ပေးတတ်သည်။ ထို့ကြောင့် ၂၉လမ်းပေါ်တွင် လှည်းတွေ တအီအီလည်း ဖြတ်နေကြ၏။
စျေးသွားဈေးပြန် မြင်းလှည်းများလည်း မနက် သုံးနာရီလောက်ကတည်းက ခွာသံတခွပ်ခွပ်နှင့် ဥဒဟို သွားလာနေကြပါသည်။ ၂၉လမ်း အနောက်ပိုင်းက အနောက်ထိပ်မှာ ဒေါ်လှရီအကြော်ဖိုက ကောက်ညှင်းပေါင်း အကြော်ရှိသည်။ ထို့နောက် အနားပတ်ဝန်းကျင်မှာမုန့်ကြက်အူ၊ မုန့်လုပ်ဆောင်း၊ အုန်းပေါင်း၊ ငှက်ပျော်သီးကြော်၊ ပဲမြစ်၊ ကုလား စပါးယို စသည့်စျေးသည်များကား နေဝင်သည် အထိ မပြတ်တော့။ မနက်စောစောတွင်မူ ဆီစက်ဝင်း အနောက်ဘက် လမ်းကြားမှ အငွေ့ တထောင်းထောင်းနှင့် လက်တွန်းလှည်းကြီး တအိအိ ထွက်လာတတ်ပါသည်။ ဓားပြားရိုက်ကြက်သွန်ဖြူနှင့် ဂျုံနုနုလေးကို ပြုလုပ်ထားသောခေါက်ဆွဲ၊ ကြက်သားနိုင်းချင်း၊အဆာပလာနိုင်းချင်းနှင့် ဦးမှန်ခေါက်ဆွဲလည်း စားနိုင်ပါသေး သည်။ ထို့နောက် ဒေါ်မြကျင် မုန့်တီ မုန့်ဟင်းခါး။ဒေါင်းရိုးဆီစက်ဝင်း အရှေ့ဘက်ရောက်တော့ အိမ်ကြီးအိမ်ကောင်းတွေ များလာ၏။ မြောက်ဘက် ငံပြာရည်ဝင်းပါက်မှာ မြူနီစီပယ်သမာဓိမြို့တော်ဝန်ဟောင်း ဦးစံရွှေတိုက်ရှိသည်။ မျက်စောင်းထိုးမှာ ဦးတုတ်-ဒေါ်ရင်ငွေ ပန်းထိမ် ရှိသည်။
ထိုစဉ်အခါက မန္တလေးတိုင်း ဘောလုံးအသင်းသည်နှစ်,နှစ်ဆက်တိုက် မကြာခဏ ဗိုလ်စွဲ၏။ပြည်ထောင်စု ဒိုင်းကြီး မန်းတောင်ရိပ်ခိုပြီးနောက်တစ်ကြိမ် ပြိုင်ပွဲပြန်လည်စနိုင်ရန် ဒိုင်းကြီးကို ပြန်လည်မအပ်နှံမီ ဦးတုတ်-ဒေါ်ရင်ငွေ ပန်းထိမ်ဖိုမှာ အမြဲတမ်း လာရောက်ကာ ငွေရည်စိမ် အရောင်တင်လေသည်။ ထိုရက်များဆိုလျှင် ပန်းထိမ်ဖိုအိမ်ရှေ့က ချောင်းမြောင်း၍ ဒိုင်းကြီးအား ကြည့်မဝနိုင်တော့။
ငွေပန်းထိမ်ဖို၏အရှေ့နားမှာ ဒေါ်ချစ်စု လက်ဖက်တိုက်ရှိသည်။ ဝါတွင်း ဆွမ်းကြီးခံထွက်ပြီဆိုလျှင် ဆွမ်းကြီးခံအဖွဲ့သားများအား အကြော်စုံနှင့် လက်ဖက်သားများရာ နယ်သုတ်ထားသော လက်ဖက်သုတ်တွေ တဝကြီး ကျွေးမွေး ဧည့်ခံတတ်ပါသည်။မြောက်ဘက် မျက်စောင်းထိုးမှာ စိန်ဘကျွဲ၏အိမ်ရှိသည်။ နံကပ်နှစ်ထပ်တိုက်ဖြစ်၏။ စိန်ဘကျွဲသည် ရုပ်သေးရွှေဘိုတင်မောင်၏ ရုပ်သေးဆိုင်းဆရာကြီး ဖြစ်ပါသည်။
““…တောတောင်လမ်းစွယ်၊ ကြမ်းလှပါတယ်၊ အမိအဖ၊ မရှိသမျှ၊ အတိတဇနဲ့နေရှာ၊ မွေးဖူးတဲ့မာယာ၊ကျေးဇူးကွယ့်ဆပ်စရာ၊ ရွှေသမင်တပ်နဲ့ ရေခပ်ပြန်တဲ့ ဝနာ”ဟူသော သုဝဏ္ဏသျှံကြိုးကို ပတ်ဝိုင်းနှင့် တို့ခတ်တီးနေသံကို ကြားရတတ်ပါသည်။
ကျွန်တော်တို့ မှတ်မိစ အရွယ်များမှာတော့ ထိုနေရာတွင် သင်္ကြန်နား နီးလျှင် မြို့မအလှပြ ရေသဘင်ကားကြီးကို ပြင်ဆင်နေတာတွ့ရပါသည်။ မြို့မဦးရင်လေးလည်း နေခဲ့ဖူးသကိုး…။ မြို့မအသင်းကားကြီးကို မျက်နှာချင်းဆိုင် မဏ္ဍပ်ဆရာနွဲ့တိုက်ရှေ့၌ပြင်ဆင်၏။ ဝါးများ စက္ကူများနှင့် ချိုးထားသော ငွေငန်းရုပ်ကြီးက ကားဦးမှာ မားမားမတ်မတ်။ ကနဦး မြို့မအသင်းကားတွင် ငွေငန်းရုပ်ကြီးက တစ်ရုပ်တည်းဖြစ်၏။ နောက်တော့ ဘယ်ညာနှစ်ရုပ်ဖြစ်လာပါသည်။ မြို့မဦးရင်လေးအိမ်ထဲမှာ သင်္ကြန်သီချင်းများ တီးလုံးတိုက်နေသော ဂေါ်ဂေါ်ဂွီဂွီ မြို့မအသင်းကို တိုးဝှေ့ ပြေးကြည့်လိုက်၊ လမ်းတစ်ဘက်ကပြင်ဆင်နေသော ငန်းရုပ်ကြီးအနား ကပ်ကြည့်လိုက်နှင့် ပြေးလွှားနေရသည်။ သင်္ကြန်အကြိုနေ့ ညနေတွင် အပြီးသတ်ပြင်ဆင်ပြီးကာ မီးလုံးများ မြိုင်မြိုင်ဆိုင်ဆိုင်နှင့် မြို့မအသင်းကားကြီး တီးမှုတ် သီဆိုပြီး တငြိမ့်ငြိမ့် ထွက်သွားတာကို ငေးကြည့်ကြရသည်။
““အေးစေတော့ဆို လောင်းတဲ့စိတ်ရင်းပင်၊ အဟုတ်ပမလေးအသွင်၊ အလှ ဘုရင်တွေ သူတို့ကိုယ်တိုင်လောင်းကြမှာမို့ မငြင်းသာပြီဘု၊ရွှေမန်း မြို့မမောင် တို့ သင်္ကြန်တော်တွင်၊ ငန်းငွေဖြူယာဉ်”ဟူသော တေးသီချင်းကို တီးမှုတ်ကာ မဟာမုနိဘုရားကြီးဆီ ဦးတိုက် ကန်တော့ရန်သွားသော အသင်းကားကြီး သည် ဝါးတန်း မရောက်မီမှာပင် ဖြစ်ကတတ်ဆန်း သွယ်တန်းလေ့ရှိသော မန္တလေးမြို့၏ လမ်းမီးကြိုးများနှင့် ငန်းရုပ်ကြီး အတောင်ပံများ မလွတ်သည်မို့ အလှပြယာဉ်ကြီးကို ရပ်ကာ ဝါးလုံးများ ထောက်ခုပြီးမှ ထွက်ခွာရတော့သည်။
ယခုတော့ ထိုအတန်း ထိုနေရာများမှာ ကားဂိတ်များ၊ ဆန်ပွဲရုံများ၊ ကုန်လှောင်ခန်းများချည်းဖြစ်ကုန်ကာ နာရီမလပ် ကုန်ကားတွေပြည့်ကျပ်ပိတ်ဆို့နေတော့၏။ မနက်မလင်းမီကပင် တာလီမှတ်သံ၊ ကားဟွန်းသံ၊ ရေခဲချောင်း ကလိုင်သံ၊ ဆယ်လူလာ တယ်လီဖုန်း တတီတီအသံ၊ အဝေးပြောဖုန်းအော်သံ၊ ချယ်ဂါရီ လက်တွန်းလှည်းအသံ လူသံသူသံ ကက်ဆက်သီချင်းသံများဖြင့် ဆူညံနေတော့၏။
စျေးချို၊ ကိုင်းတန်းဈေး၊ ထီးတိုင်ဈေးနှင့် ပြည်ကျော်ဈေး မလွန်လက်ကားစျေးရပ်ကွက်တို့ ဆက်စပ်ပေါင်းကူးသောနေရာမို့ အရင်ကနှင့်မတူ ရှုပ်ထွေးစည်ကားနေတာ သဘာဝကျပါသည်။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး