ပြန်လည်အသက်ဝင်ဖို့ ပြင်ဆင်နေတဲ့ ပြည်တွင်းခရီးသွားကဏ္ဍ

အောက်တိုဘာ ၅ – ၂၀၂၂
SN (VOM)

မကြာခင် သီတင်းကျွတ်ကာလ ရောက်ရှိတော့မှာမို့ ပြည်တွင်း ခရီးသွားလာမှုတွေ ပြန်မြင့်လာနိုင်တဲ့ အခြေအနေလို့ ပြောရမှာပါ။

ကိုဗစ်နဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ၂နှစ်ကျော်ကြာ ခြောက်ကပ်တိတ်ဆိတ်နေခဲ့တဲ့ ပြည်တွင်းခရီးသွားကဏ္ဍဟာ လာမယ့် သီတင်းကျွတ်ကာလ ခရီးသွားရာသီကစလို့ ပြန်လည်အသက်ဝင်နိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားကဏ္ဍဟာ အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လလုံးမှာ တရှိန်ထိုးတက်လာမယ့်သဘောရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

“သီတင်းကျွတ်ပိတ်ရက်ကစလို့ ပြည်တွင်းခရီးသွားမယ့်သူတွေ ရှိနေပါတယ်။ ပုဂံလိုနေရာမျိုးတွေ၊ ပြင်ဦးလွင်လို နေရာမျိုးတွေ၊ ကလောလိုနေရာမျိုးတွေနဲ့ ကမ်းခြေလို နေရာမျိုးတွေကို သွားကြဖို့ ပြင်ဆင်နေကြတာတွေ့ရတယ်။ ငပလီ၊ ငွေဆောင်၊ ချောင်းသာဆိုရင် လုံခြုံရေးလည်းအဆင်ပြေတယ်။ ဟိုတယ်တွေလည်း ထိုက်သင့်သလောက် ပြန်ဖွင့်နေပြီဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

မကြာခင်မှာ ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလ အားလပ်ရက်တွေမှာ ပြည်တွင်းက နေရာဒေသအသီးသီးကို သွားရောက်လည်ပတ်ကြဖို့ တက်တက်ကြွကြွနဲ့ ပြင်ဆင်နေကြသူတွေရှိပါတယ်။ ဒါ့အပြင် ပြည်တွင်း ခရီးသွားကုမ္ပဏီတွေက ခရီးစဉ်ရောင်းချနေတာမျိုးတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ခရီးစဉ်ဒေသအသစ်တွေကို ဖော်ဆောင်တာ မလုပ်နိုင်သေးဘူးဖြစ်နေတယ်။ ဒါပေမယ့် ရှိပြီးသား ခရီးစဉ်တွေဆီ လာမယ့် ပွင့်လင်းရာသီမှာ သွားကြမယ့် အစီအစဉ်ရှိပါတယ်”လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

လာမယ့် သီတင်းကျွတ်ကာလ ပိတ်ရက်အတွင်းမှာ ချောင်းသာကမ်းခြေကို သွားရောက် လည်ပတ်မယ့်သူတွေလည်း များနေပြီး ဟိုတယ်တွေမှာ ကြိုတင်ဘိုကင်တွေနဲ့ ပြည့်နေပြီလို့ ချောင်းသာကမ်းခြေ (တာဝန်ခံ) ဦးသီဟအောင်က ပြောပါတယ်။

“သီတင်းကျွတ်ကာလ ပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ပြည့်နေပါပြီ။ ကျန်တဲ့နားရက်တွေကတော့ လွတ်ပါသေးတယ်။ စနေ၊ တနင်္ဂနွေလည်းဖြစ်တယ်။ ရုံးပိတ်ရက်လည်း ဖြစ်တယ်ဆိုတော့ လာတဲ့သူများမှာ ဖြစ်ပါတယ်။အရင်နှစ်ထက် ပိုပြီးဧည့်သည်က ပိုပြီးများလာပါတယ်။ လုံခြုံရေးလည်း အဆင်ပြေတော့ ဒီကိုပိုပြီး လာကြပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေဆီကိုလည်း သီတင်းကျွတ်ကာလအတွင်း သွားရောက်လည်ပတ်မယ့်သူတွေများနေပြီး ကြိုတင်ဘိုကင်များနေတယ်လို့ သူကပြောပါတယ်။

“ရွှေသောင်ယံဘက်မှာ အသစ်ဆောက်ထားတဲ့ ဟိုတယ်ရှိတယ်။ အဲဒါလည်း လည်ပတ်စရာ တစ်ခုအနေနဲ့ ရှိပါတယ်။ ချောင်းသာကနေ သွားရောက်လည်ပတ်ကြတာရှိပါတယ်။ လမ်းလည်း ကောင်းနေပါပြီ။ ဒီနှစ်ခရီးသွားရာသီအတွက် လုံခြုံရေးရော၊ သန့်ရှင်းသာယာလှပရေးအတွက်ရော အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ထားပါတယ်” လို့ သူက ပြောပါတယ်။

အားလပ်ရက်မှာ ပုဂံခရီးစဉ် သွားရောက်ကြမယ့်သူတွေလည်း ရှိနေပြီး ပုဂံဒေသကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ ပြည်တွင်းခရီးသွားတွေ ဝင်ရောက်နေတာလို့ သိရသလို အခုလာမယ့် ပွင့်လင်းရာသီ ခရီးသွားကာလမှာ အဲ့ဒီ့ဒေသကို ပြည်တွင်းခရီးသွားတွေ ပြန်လည်ဝင်ရောက်မှု များပြားလာနိုင်တယ်လို့လည်း ဒေသအခြေစိုက် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“သီတင်းကျွတ်မှာ ဘုရားဖူးလာတာ နည်းသွားခဲ့တာ ၂နှစ်လောက်ရှိပြီ။ ဒီသီတင်းကျွတ်မှာတော့ ဘုရားဖူးများလာဖို့ မျှော်လင့်မိပါတယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် ပုဂံဒေသကို ခရီးသွားဝင်ရောက်မှုတွေ သိသိသာသာ ကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ခရီးသွားရာသီကနေစလို့ ပုဂံဒေသကို ပြည်တွင်းခရီးသွားတွေ ပြန်လည်ဝင်ရောက်မှုတွေ ရှိလာခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ထဲမှာ ပြီးခဲ့တဲ့နှစ်ကတည်းက လူသိများခေတ်စားလာတဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ သွားရောက်အပန်းဖြေနိုင်တဲ့ နေ့ချင်းပြန်၊ ညအိပ် အပန်းဖြေနေရာ များစွာလည်း ရှိတယ်လို့ သိရပါတယ်။ ဒီနှစ်မှာ အဲ့ဒီ့နေရာတွေကို လူအများအပြား သွားကြဖို့ရှိပြီး အရင်ကထက် ပိုပြီး စည်ကားလာလိမ့်မယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

“ကိုဗစ်နောက်ပိုင်းမှာ ဥယျာဉ်လိုမျိုးတွေဆီ သွားကြတယ်။ ကန့်ထိုးတဲ့ခရီးစဉ်တွေပေါ်ပေါက်လာတယ်။ မိုးကင်းစင်သွားရင်တော့ အဲဒီခရီးစဉ်တွေ အများကြီးပေါ်လာပါလိမ့်မယ်။ သက်ဆိုင်ရာ လယ်တောတွေ၊ ဥယျာဉ်တွေမှာ သွားရောက်အနားယူတဲ့ ခရီးစဉ်တွေကို ခရီးသွားကုမ္ပဏီတစ်ချို့က ပြင်ဆင်နေကြပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့အနီး အပန်းဖြေလည်ပတ်နိုင်ဖို့ ဖိတ်ခေါ်ထားတဲ့ နေရာတွေကတော့ သံလျင်အမှတ်(၂)တံတား၊ ဒဂုံသီလဝါလမ်းမဘေးမှာ ဖွင့်လှစ်ထားတဲ့ ပန်းမြို့တော်အပန်းဖြေစခန်း၊ ပဲခူးခြံ၊ လှည်းကူးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Cozy Farm Resort ၊ ကျောက်တန်းမြို့နယ်၊ စင်မကောရွာမှာ ဖွင့်လှစ်ထားတဲ့ သူကြီးအိမ် စတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

အခု အောက်တိုဘာလ စတင်ပြီး ပွင့်လင်းခရီးသွားရာသီ ရောက်ရှိပြီဖြစ်တဲ့အပြင် သီတင်းကျွတ်ပိတ်ရက်၊ တန်ဆောင်တိုင်ပိတ်ရက်၊ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေ ဆက်တိုက် ရောက်ရှိလာမှာဖြစ်တဲ့အတွက် ပြည်တွင်းခရီးသွားလာမှုဟာ အရင်ကထက် ပိုမိုများပြားလာနိုင်တယ်လို့ ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူတွေက သုံးသပ်ထားကြပါတယ်။

#voiceofmyanmar #VOM #ပြည်တွင်းခရီးသွားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW