လွတ်ငြိမ်း ၂၀၀၀ ကျော်တွင် သတင်းသမား ၅ ဦး ပါဝင်

မေ ၃ – ၂၀၂၃
SN (VOM)

ကဆုန်လပြည့်နေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ပုဒ်မ ၅၀၅ (က) နဲ့ အကျဉ်းကျခံနေရသူ ၂၀၀၀ ကျော်ကို ပြန်လည် လွှတ်ပေးခဲ့ရာမှာ သတင်းသမား ၅ ဦး ပါဝင်ခဲ့တယ်လို့ သတင်းသမားတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နစက က အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ဒီနေ့ မေလ ၃ ရက်နေ့ မနက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ သတင်းသမား ၅ ဦးကတော့ မဇ္ဈိမသတင်းထောက် မမေဘဲလ် (ခ) မငြိမ်းငြိမ်းအေး၊ မော်ကွန်းသတင်းဌာနက သတင်းထောက်ချုပ် ကိုကျော်ဇေယျ၊ အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်းနဲ့ ကိုဖိုးသား (ခ) ကိုဇော်လင်းထွဋ်၊ အလွတ်သတင်းထောက် မယဉ်ယဉ်သိန်း (နဘား) တို့ ဖြစ်တယ်လို့ သိရပါတယ်။

“ပြန်လွတ်လာတာတော့ သေချာတယ်။ အိမ်ပြန် ရောက်မရောက်တော့ မသိသေးဘူး” လို့ မော်ကွန်းသတင်းဌာနက သတင်းထောက်ချုပ် ကိုကျော်ဇေယျနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီနေ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သတင်းသမား ၅ ဦးဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းမှုဖြစ်စဥ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း သတင်းထောက် ၁၅၆ ဦး အဖမ်းခံခဲ့ရပြီး အဲဒီ့အထဲက ၁၀၅ ဦး ပြန်လွတ်ခဲ့ပေမယ့် ၄၅ ဦးကတော့ အခုချိန်အထိ အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #လွတ်ငြိမ်း #သတင်းသမားငါးဦးသာပါဝင်

Related posts

Leave a Comment

VOM News

FREE
VIEW