မြန်မာနိုင်ငံမှာ ပထမဆုံးတည်ဆောက်နေတဲ့ထောပတ်သီး သန့်စင်ထုပ်ပိုးတဲ့စက်ရုံကို လာမယ့်ထောပတ်သီးရာသီမှာ စတင်လည်ပတ်နိုင်ဖို့ စီစဥ်နေ

ဇွန် ၁၂ – ၂၀၂၃
GG(VOM)

ရှမ်းပြည်နယ်တောင်ပိုင်၊း ဟိုပုံးမြို့နယ်မှာ တည်ဆောက်နေတဲ့ ထောပတ်သီး သန့်စင်ထုပ်ပိုးတဲ့စက်ရုံကို လာမယ့် ထောပတ်သီးရာသီမှာ စတင်လည်ပတ်နိုင်ဖို့ စီစဥ်နေတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကနေ သိရပါတယ်။

လက်ရှိမှာ စက်ရုံကိုတည်ဆောက်ထားပြီး စက်ပစ္စည်းတွေတပ်ဆင်ဖို့သာ ကျန်တော့ကြောင်း ၊ စက်ပစ္စည်းတွေတပ်ဆင်ဖို့အတွက် သိန်း ၈၀၀၀ ကျော်လောက် ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

” စက်ရုံက မနှစ်ကတည်းကဆောက်ပြီးတယ်။အခုစက်ပစ္စည်းတွေတပ်ဖို့ပဲကျန်တော့တယ်၊စက်ရုံကတော့ တောင်သူတွေစုပေါင်းပြီး လုပ်ထားတာ၊စက်ပစ္စည်းအတွက်ကတော့ နိုင်ငံတော်ကချေးငွေ ယူမယူ မသိသေးဘူး။စက်ရုံပြီးရင် ဒီကနေထောပတ်သီးတွေကို သန့်စင်ထုတ်ပိုးပြီး ပြည်ပကိုပို့နိုင်ပြီပေါ့”လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ထောပတ်သီး သန့်စင် ထုပ်ပိုးတဲ့စက်ရုံ လည်ပတ်နိုင်ပြီဆိုပါက အရည်အသွေးပြည့်မီတဲ့ မြန်မာထောပတ်သီးတွေ ပြည်ပတင်ပို့နိုင်ပြီး စျေးကွက်လည်း မြင့်လာကာ စျေးကောင်းရရှိလာမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီစက်ရုံဟာ မြန်မာနိုင်ငံမှာ ပထမဆုံးတည်ဆောက်တဲ့စက်ရုံဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းက ထောပတ်သီးစိုက်တောင်သူတွေ၊လုပ်ငန်းရှင်တွေသာမက ကျန်တဲ့ထောပတ်စိုက်တောင်သူတွေကိုပါ ဝန်ဆောင်မှုပေးနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကထွက်ရှိတဲ့ ထောပတ်သီးကို ထိုင်းနိုင်ငံကို နယ်စပ်ကနေ တရားမဝင်တင်ပို့နေပြီး MOU စနစ်နဲ့က မလေးရှားနိုင်ငံကို ထောပတ်သီးတင်ပို့ကြောင်း ၊ ပြည်ပကို နှစ်စဥ် တစ်ရာသီကို ထောပတ်သီးတန်ချိန် ၃၀၀၀ လောက် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။

ထိုင်းကို တရားမဝင်ပို့ဆောင်မှုက စျေးကွက်အာမခံမှုမရှိ ၊ စျေးကွက်ခိုင်မာမှုမရှိတဲ့အပြင် စျေးနှိမ်ခံရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် မြန်မာထောပတ်သီးကို ထိုင်းနဲ့တရုတ်ကို G to G စနစ်နဲ့ တရားဝင်တင်ပို့ခွင့်ရရေး စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ဆွေးနွေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် နယ်သာလန်၊ ပြင်သစ် ၊ဒူဘိုင်း နိုင်ငံကိုလည်း ထောပတ်သီးနမူနာတွေ စမ်းသပ်တင်ပို့နေကြောင်း၊ လာမယ့်ဘဏ္ဍာနှစ်မှာ အိန္ဒိယကိုလည်း နယ်စပ်ကနေတင်ပို့ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။

ပြည်တွင်းမှာ ထောပတ်သီးကို ရှမ်းပြည် တောင်ပိုင်း၊ရှမ်းပြည် မြောက်ပိုင်း၊မန္တလေးတိုင်းက ပြင်ဦးလွင်နဲ့မိုးကုတ်၊ကရင်ပြည်နယ်၊ မြစ်ကြီးနား၊ချင်းပြည်နယ်တွေမှာ အဓိကစိုက်ပျိုးကြတာ​ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ထောပတ်သီး #ပထမဆုံးသန့်စင်ထုတ်ပိုးစက်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW