ဇွန် ၁၉ – ၂၀၂၃
SN (VOM)
တောင်ငူ အကျဉ်းထောင်အတွင်း ထိန်းသိမ်း အကျဉ်းကျခံနေရတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ လက်ရှိမှာ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် ထောင်တွင်းမှာပဲ ဆီးပိုက်တပ်ထားရပြီး ဆေးကုသမှုခံယူနေရတယ်လို့ အဲ့ဒီအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
“ဘာရောဂါရယ်လို့တော့ သေသေချာချာ မသိရပါဘူး။ တောင်ငူထောင်ထဲကိုပဲ အပြင်က ဆရာဝန်တစ်ဦးကိုခေါ်ပြီး ဆီးပိုက်ထည့်ခိုင်းတာပါ။ ကျွန်တော်တို့လည်း ဒီလောက်ပဲသိရတယ်”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ သမ္မတဦးဝင်းမြင့်ရဲ့ ကျန်းမာရေးအခြေအနေကို အသေးစိတ် မသိရှိရသေးဘဲ သက်ဆိုင်ရာ ဌာနဘက်ကလည်း ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။
အခုလိုမျိုး ဆီးပိုက်တပ်ရတာနဲ့ ပတ်သက်လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက “ဆီးပိုက်ထည့်တယ်ဆိုတာ အဓိက က ဆီးကောင်းကောင်းသွားလို့မရတာကြောင့်ပေါ့။ ဒါနဲ့ပတ်သက်လို့ တခြားအကြောင်းအရာတွေလည်း အများကြီးရှိပါတယ်။ တချို့ကတော့ ဆီးကျိတ်ကကြီးပြီး ဆီးကောင်းကောင်းသွားလို့မရလို့ ဆီးပိုက်ထည့်တာ။ တချို့ကျတော့ ရုတ်တရက်ကြီး ဆီးကောင်းကောင်းသွားလို့ မရတာ၊ ဆီးမထွက်တာကြောင့် ပိုက်ထည့်ပြီးဆီးသွားရတာပေါ့။ ဦးနှောက်နဲ့ အာရုံကြော ထိသွားရင်လည်း တစ်ခါတစ်ခါ ဆီးသွားလို့မရတာတို့၊ ခါးထိသွားရင်လည်း ဆီးသွားလို့ မရတော့တာတို့ဖြစ်တယ်။ ဆီးသွားလို့ရမယ့် အာရုံကြောပိုင်းစနစ် ပျက်စီးသွားရင်လည်း ဆီးသွားလို့မရဘူး။ အဓိက က ဒီပြဿနာတွေကြောင့် ဆီးပိုက်ထည့်ရတာပေါ့။ အသက်ကြီးပိုင်း အမျိုးသားတွေဆိုရင်တော့ များသောအားဖြင့် ဆီးကျိတ်ပြဿနာပေါ့။ ဆီးကျိတ်က အရမ်းကြီးလာတာတို့၊ ဆီးကျိတ်ရောင်လာတာတို့၊ တချို့ကျတော့ ဆီးကျိတ်ကင်ဆာတို့ ဖြစ်တာကြောင့်ပါ။ ဒီအသက်အရွယ်တွေဆိုရင်တော့ ဆီးကျိတ် ပြဿနာဖြစ်နိုင်ချေ ပိုများတာပေါ့။ ဒါပေမယ့် အသေးစိတ်ကတော့ ဘာ့ကြောင့်လဲဆိုတာတော့ မသိဘူးပေါ့။ ဆီးပိုက်ကလည်း ကြာကြာထည့်ရင် မကောင်းဘူး။ အချိန်တစ်ခုအကြာမှာ ဆီးပိုက်ပြန်လဲရတာတို့၊ ဆီးကောင်းကောင်း ပြန်သွားလို့ရတဲ့ အချိန်ကျရင် ဆီးပိုက်ပြန်ဖြုတ်ရတာတို့ လုပ်ပေးရပါမယ်။ အဲ့လိုမှမဟုတ်ရင်တော့ ဆီးပိုးဝင်တာတို့ဘာတို့ ထပ်ပြီး ဖြစ်နိုင်ချေ ရှိပါတယ်” လို့ ပြောပါတယ်။
အသက် ၇၂ နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး အခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ နေပြည်တော်မှတစ်ဆင့် တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သမ္မတဦးဝင်းမြင့်ဟာ သဘာ၀ဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ ပုဒ်မ ၅၀၅၊ NLD အစိုးရလက်ထက် ရဟတ်ယာဉ်ငှားရမ်း ဝယ်ယူခဲ့တယ်ဆိုတဲ့ အဂတိမှု အပါအဝင် အမှုပေါင်း (၈)မှုအတွက် စုစုပေါင်း ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
လက်ရှိ အကျဉ်းကျခံနေရသူတွေအနက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအပါအဝင် ဝန်ကြီးအချို့နဲ့ NLD ပါတီရှိ ထိပ်ပိုင်းခေါင်းဆောင်တချို့မှာ ကျန်းမာရေးအခြေအနေအရ ထောင်ပြင်ပရှိ ဆေးရုံကြီးတွေမှာ ဆေးကုသမှုခံယူခွင့်တွေ ရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
Photo Crd – Original Uploader
#VOM #voiceofmyanmar #ဦးဝင်းမြင့် #ကျန်းမာရေးမကောင်းဖြစ်နေ