ဇူလိုင် ၊ ၁၈ – ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှာ မနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်နေတဲ့နေရာကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းသားတယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဘုတလင်ဒေသခံ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
” မိုးရာသီ သစ်ပင်စိုက်ပွဲတော်လုပ်နေတဲ့ နေရာကို မနက် ၉ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတယ် ၊ အသက် ၁၀ နှစ်အောက် ကျောင်းသား တယောက် ဗုံးစထိမှန် သေဆုံးတယ် ၊ နောက်ပြီး ကလေး ၃ ယောက် အပါအဝင် လူ ၁၁ ယောက်လည်း ထိခိုက်ဒဏ်ရာရတယ် ၊ ဒါ့အပြင် အဲ့ဒီနားက ဗန္ဓုလရပ်ကွက်ဘက်က ရောင်ခြည်ဦး ဘုန်းကြီးကျောင်းမှာရှိတဲ့ ဓမ္မာရုံ မှန်တံခါးတွေ ကွဲအက်ပျက်စီးသွားတယ် “လို့ ဒေသခံ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘုတလင်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သစ်ပင်စိုက်ပွဲတော်က ကျောင်းသား ကျောင်းသူ လူအင်အား ၂၀၀ ကျော်တက်ရောက်တယ် ၊ သစ်ပင်စိုက်ပြီးလို့ လူစုခွဲတဲ့အချိန် မြို့ရဲ့ မြောက်ဘက်ကနေ ၊ နေရာ ၂ ခုကနေ လက်လုပ်စိန်ပြောင်းတွေနဲ့ မြို့ထဲဘက်ကို အကြောင်းမဲ့ လှမ်းပစ်ခံရတယ် ၊ အဲ့ဒီပစ်ခတ်မှုကြောင့် ဗုံးစထိမှန် ကျောင်းသူ ကျောင်းသူ တယောက်သေဆုံးပြီး ၊ ၁၁ ဦး ဒဏ်ရာရတယ် ၊ အဲ့ဒါကြောင့် လုံခြုံရေးအဖွဲ့က ကောင်တာ ပြန်ပစ်ပြီး လိုက်လံ ရှင်းလင်းတဲ့အခါ အမည်မသိ (စုံစမ်းဆဲ)အဖွဲ့က ထွက်ပြေးသွားတယ် “လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ မြို့မ စည်ပင်သာယာစျေးတန်းက ၊ ငါးစျေးတန်းအနီးမှာ လက်လုပ် ဒရုန်းဗုံး ၂ လုံးကျရောက် ပေါက်ကွဲတာကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။
#voiceofmyanmar #VOM #ဘုတလင်