စက်တင်ဘာ ၁၄ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်မှာရှိတဲ့ Bar4U ဘီယာဆိုင်မှာ စက်တင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီ ၁၉ မိနစ်က မီးလောင်မှုဖြစ်ပြီး နှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုအတွင်းသေဆုံးသူတွေက အသက် ၃၀ နှစ် နဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး နောက်ထပ် အမျိုးသမီးတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“မွေးနေ့ပွဲလုပ်နေရင်း ညှော်နံ့ရလို့ရှာတာမှာ ရှာမတွေ့တော့ မီးတွေအကုန်ပိတ်ပြီး ရှာတော့ lighting မီးကနေ ဝါယာရှော့ဖြစ်ပြီး မီး ထလောင်တာပါ။ သေဆုံး ၂ဦးက အပေါ်ထပ်မှာ တယောက်၊ အောက်ထပ်မှာ တယောက်တွေ့တာပါ ။ “လို့ပရဟိတအဖွဲ့ဝင် ခွန်းက ပြောပါတယ်။
မီးလောင်မှုအတွင်း သေဆုံးတဲ့အမျိုးသားတွေဟာ Bar4Uဘားရဲ့ ဘေး ဆိုင်က ဝန်ထမ်းတွေဖြစ်တယ်လို့ ကနဦးသိရပြီး အလောင်း နဲ့ ထိခိုက်ဒဏ်ရာရသူအမျိုးသမီးကိုလည်း ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ရပ်ကွက်နေထိုင်သူတယောက်က ” ဘားကနေ မီးစလောင်တယ် ။ မီးလောင်ချိန်မှာတော့ ပေါက်ကွဲသံတွေကြားရတယ်။ မီးအားတအားပြင်းတော့ ဘေးဆိုင်တွေကိုပါ ကူးကုန်တယ်။ မီးသတ်ကားတွေလည်းအများကြီးလာငြိမ်းကြပါတယ်။ စမ်းချောင်းလမ်း ၊သပြေညိုလမ်းထိပ်က ဘီယာဘားကစလောင်တာပါ။ ” လို့ မျက်မြင်ကြုံခဲ့ရသူ ရပ်ကွက်နေထိုင်သူက ပြောပါတယ်။
ဘားကနေ တဆင့် မီးကူးစက်လောင်မှုကြောင့် ဘေးကပ်ရက်က Win Star စားသောက်ဆိုင် ၊ ဖုန်းဆိုင် ၊ ခေါက်ဆွဲဆိုင်အပါအဝင် ဆိုင်တချို့ပါ မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကိုတော့ Level 1 အဆင့် သတ်မှတ်ငြှိမ်းသတ်ခဲ့ပြီး ၈ နာရီ ၄၁ မိနစ်မှာ မီးထိန်းနိုင်ကာ ၈ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းခဲ့ကြောင်း ၊ မီးငြှိမ်းသတ်မှုကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ လူမှုကူညီရေးအသင်းအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အဖြူရောင်ကမ်းလက်အသင်း /အားမာန်လူငယ်ပရဟိတအသင်း
