ဩဂုတ် ၃ – ၂၀၂၃
SN (VOM)
ဗဟိုဘဏ်ကထုတ်ပေးတဲ့ မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်း (NBFI)အဖြစ် လူမှုကွန်ရက်ပေါ်မှာ ထူထောင်လုပ်ကိုင်နေတဲ့ ZX Digital Store ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အရေးယူဖို့ရှိနေတယ်လို့ သိရပါတယ်။
ZX Digital Store ဟာ လူမှုကွန်ယက်စာမျက်နှာမှာ လိမ်ညာလှည့်ဖြားမသမာမှုတွေ ဆောင်ရွက်နေကြောင်းတွေ့ရှိရတဲ့အတွက် ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“မှန်မှန်ကန်ကန် ရောင်းဝယ်နေတဲ့ Zx Digital Store ပါ။ အရမ်းနာမည်ကြီးတော့ သက်ဆိုင်ရာက မှတ်ပုံတင်ခိုင်းတယ်။ မတင်တဲ့အခါကျတော့ လိမ်တယ်ဆိုပြီး ပုဒ်မ တပ်တယ်။ အဲ့ဒီတော့ Online shop လုပ်မယ့်သူများ တိုးတိုးတိတ်တိတ် ရောင်းကြဝယ်ကြပါ။ အရမ်းနာမည်ကြီးသွားရင် မှတ်ပုံတင်ကြပါ။ မှတ်ပုံမတင်ချင်ရင် ကိုယ့် Page ကို နာမည်မကြီးစေနဲ့ပေါ့”လို့ Zx Digital Store နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဗဟိုဘဏ်ကတော့ ZX Digital Store အမည်ရှိ ပုဂ္ဂိုလ်ဟာ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၅၉ ပါ ပြဋ္ဌာန်းချက်အရ “မည့်သူမျှ ဗဟိုဘဏ်မှထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ ငွေရေးကြေးရေးအဖွဲ့အစည်း (NBFI)အဖြစ် ထူထောင်လုပ်ကိုင်ခြင်းမပြုရ” ဆိုတဲ့ တားမြစ်ချက်နဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ အရ “မည်သူမျှ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ” ဆိုတဲ့ တားမြစ်ချက်တွေကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတကာသို့ ငွေလွှဲပြောင်းပေးချေမှာဖြစ်ကြောင်း၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း အစရှိတဲ့ တရားမဝင် နည်းလမ်းတွေနဲ့ မဖြစ်နိုင်တဲ့ မက်လုံးတွေပေးကာ လိမ်ညာလှည့်ဖြားပြီး မိဘပြည်သူတို့ထံက ငွေများအားရယူဖို့ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်အနေနဲ့ ZX Digital Store အပြင် ၎င်းတွင် ပါဝင်ပတ်သက်နေသူတွေကိုလည်း ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၇၁ နဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ တို့နဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
အဲ့ဒီ့လို လိမ်ညာလှည့်ဖြားဆောင်ရွက်သူတွေဟာ မဖြစ်နိုင်တဲ့ မက်လုံးတွေနဲ့ မိဘပြည်သူတို့ထံမှ ငွေကြေးတွေကို လိမ်ညာရယူ အမြတ်ထုတ်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒီအစီအစဉ်တွေမှာလည်း ပါဝင်ခြင်းမပြုကြဖို့လည်း ဗဟိုဘဏ်က တိုက်တွန်းထားပါတယ်။
ဗဟိုဘဏ်အနေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေနဲ့ Websiteတွေမှာ မဟုတ်မမှန်တဲ့နည်းလမ်းနဲ့ လိမ်ညာလှည့်ဖြားပြီး အကျိုးအမြတ် ရယူဆောင်ရွက်တာ၊ တရားမဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေတာတွေကိုလည်း ဆက်လက်ရှာဖွေ ဖော်ထုတ်ပြီး ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ ဆက်စပ်ပြဋ္ဌာန်းချက်တွေအပြင် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
အခုလို ZX Digital Store ကို အရေးယူဆောင်ရွက်မယ့် ကိစ္စနဲ့ပတ်သက်လို့ VOM အနေနဲ့ ဗဟိုဘဏ်ကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းစက်ပိတ်ထားတာနဲ့ ဖုန်းမကိုင်တာကြောင့် ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။
ဗဟိုဘဏ်အနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ
ဥပဒေနဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတို့ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တွေ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်တွေ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တွေ၊ နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေ၊ နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လုပ်ငန်း လိုင်စင်တွေ၊ ပြည်ပငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တွေ ထုတ်ပေးပြီး နိုင်ငံတော်အတွင်းမှာ ငွေပေးချေမှုတွေ၊ လွှဲပြောင်းမှုတွေနဲ့ နိုင်ငံခြားသုံးငွေနဲ့ နိုင်ငံတကာပေးချေမှုနဲ့ လွှဲပြောင်းမှုလုပ်ငန်း အပါအဝင် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဗဟိုဘဏ် #လူမှုကွန်ယက်ငွေကြေးဆိုင်ရာကဏ္ဍ