ကန့်ဘလူမြို့မှာ ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

သြဂုတ် ၁၃ -၂၀၂၃
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ ဘိုးဘွားရိပ်အရှေ့ဘက် ၊ ကန့်ဘလူ – ကျွန်းလှ မြို့ထွက်လမ်းနားမှာရှိတဲ့ လူနေအိမ်တခုမှာ ဒီမနက်ပိုင်းက မိသားစုလိုက် အသတ်ခံထားရတဲ့ ၅ လောင်းပြိုင်လူသတ်မှု တခုဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူမြို့ခံတွေဆီက သိရပါတယ်။

” ညက အသတ်ခံရတာလား ၊ ဒီမနက်မှာ အသတ်ခံရတာလား သေခြာ မသိရသေးဘူး ၊ သတ်ခံရသူတွေက ဦးမြင့်ဆွေ ၊ ဦးစိုးလွင်မြင့် ၊ ဒေါ်ကြည်ဌေး ၊ မမာမာလင်း ၊ မဖြိုးသီရိလှိုင် တို့ဖြစ်တယ် “လို့ ကန့်ဘလူမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက်မှ သတင်းရရှိတာပါ ၊ သေဆုံးသူ အမျိုးသား ၂ ယောက် နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်တယ် ၊ မှုခင်းဆေးပညာ အစစ်ဆေးခံနိုင်ဖို့ ပြည်သူ့ဆေးရုံးကို ပို့ဆောင်ထားတယ် ၊ ကနဦး ခန့်မှန်းချက်ကတော့ ပြတ်ရှဒဏ်ရာတွေ သေဆုံးတာကြောင့် ဓားနဲ့ခုတ်သတ်ခံရတယ်လို့ မှတ်ယူတယ် ၊ အမှုဖွင့်စစ်ဆေးနေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ သြဂုတ် ၁၂ ရက်မနက်ကလည်း ကန့်ဘလူမြို့နယ်၊ မယနေကျေးရွာပေါ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၆ ယောက် သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ အခုနှစ် သြဂုတ် ၁၃ ရက်အထိ ကန့်ဘလူမြို့နယ်ထဲမှာ လူသတ်မှုဖြစ်စဥ်ပေါင်း ၁၇၀ ကျော်ဖြစ်ပွားပြီး အဲ့ဒီ ဖြစ်ပွားမှုကြောင့် သေဆုံးရသူပေါင်း ၂ ရာကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ #၅လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW