ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ဖမ်းဆီးခံရ

သြဂုတ် ၁၆-၂၀၂၃
MM(VOM)

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဒေါ်ညိုအေးကို စစ်တွေမြို့မရဲစခန်းနဲ့ အခြားတာဝန်ရှိသူတွေက ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်း စစ်တွေမြို့၊မင်းဂံရပ်ကွက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်ညိုအေးကို ဩဂုတ် ၁၃ ရက်က စစ်တွေမြို့မှာပြုလုပ်ခဲ့တဲ့ ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားမှာ တက်ရောက်ခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခံရတာလို့ နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။

“အဖမ်းခံရတာ မှန်ပါတယ်။ ဩဂုတ် ၁၃ ရက်နေ့ ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။”လို့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။

ဒေါ်ညိုအေးကို မနေ့ သြဂုတ် ၁၅ ရက်ကပဲသက်ဆိုင်ရာဘက်က တရားရုံးမှာ ဦးတိုက်လျှောက်ပြီး နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

”ဒေါ်ညိုအေးကို စွဲဆိုလိုက်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)က ထောင်ဒဏ်(၂)နှစ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တဲ့ပုဒ်မဖြစ်တယ်၊ မနေ့က ဖမ်း ၊ မနေ့က အမှုဖွင့်တာလို့ကြားတယ်။”လို့ တရား လွှတ်တော်ရှေ့နေတစ်ယောက်ကပြောပါတယ်။

ရခိုင်အမျိုးသမီးကွန်ရက်အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးဟာ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေးတွေနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားနေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်(တစ်ပါတီစနစ်)ခေတ် ၁၉၆၇ ခုနှစ်က ဆန်စပါး ပေါများတဲ့ ရခိုင်ပြည်နယ်မှာ အကြီးမားဆုံး ဆန်စပါးရှားပါးမှုဖြစ်ပေါ်ခဲ့ကာ အဲ့ဒီ ဆန်ရှားပါးမှုပြဿနာကိုဖြေရှင်းပေးဖို့ စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ရခိုင်လူငယ်တွေ နှိမ်နင်းခံရလို့ သေဆုံးခဲ့တဲ့ ဩဂုတ် ၁၃ ရက်ကိုဆန်ပြဿနာနေ့အဖြစ် သတ်မှတ်ထားတာလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့် ဩဂုတ် ၁၃ ရက် ရောက်တိုင်း ရခိုင်ပြည်နယ်မှာ ဆန် ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ဦးဆောင်ကာ ပြုလုပ်ကြတယ်လို့လည်း သိရပါတယ်။

အရင်နှစ်တွေက ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည် ကျောင်းသားသမဂ္ဂအနေနဲ့ စည်းစည်းကားကား ပြုလုပ်နိုင်ခဲ့သော်လည်း အခုနှစ်မှာ နိုင်ငံရေး အခြေအနေအရ အကျဉ်းရုံးသာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Photo Credit- ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂ
#voiceofmyanmar #VOM #ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌဒေါ်ညိုအေး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW