မော်ဝီတောမီးနဲ့ အိမ်ငယ်မီးလောင်လုနီးပါးအခြေအနေကို နှိုင်းယှဉ်မှုကြောင့် ဘိုင်ဒန် ဝေဖန်ခံနေရ

ဝါရှင်တန်၊ သြဂုတ်-၂၄
Voice of Myanmar

တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ မော်ဝီကျွန်း လာဟိုင်နာမြို့လေးမှာ တနင်္လာနေ့က လူထုနဲ့တွေ့ဆုံစဉ် ပြောခဲ့တဲ့ နှိုင်းယှဉ်မှုစကားနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒန် ဝေဖန်မှုတွေ ခံနေရပါတယ်။

လူပေါင်း ၁၁၅ ဦးသေဆုံးပြီး မြို့ရဲ့ ၈၀ရာခိုင်နှုန်းလောက်ပျက်စီးသွားလို့ ပူဆွေးနေတဲ့ အသက်ရှင်ကျန်ရစ်သူ များကို နှစ်သိမ့်ရာမှာ ၎င်းရဲ့ ဆုံးရှုံးမှုမများတဲ့ အိမ်အသေးမီးလောင်မှုနဲ့ ယှဉ်ပြီး ပြောသွားခဲ့တာကြောင့် အခုလို ဝေဖန်ခံနေရတာဖြစ်ပါတယ်။

“အခက်အခဲ ဒုက္ခတွေကိုနှိုင်းယှဉ်ချင်တာကြောင့်မဟုတ်ပါဘူး၊ မီးလောင်လို့ ကျွန်တော်နဲ့ ဂျေးလ်လည်း အိမ်တစ်လုံး ဆုံးရှုံးရမလိုဖြစ်ခဲ့ဖူးတယ်” ဆိုပြီး သမ္မတက လူထုကို ပြောခဲ့တာပါ။
မိုးကြိုးပစ်ပြီး အိမ်အောက်ခြေမှာမြှုပ်ထားတဲ့ ဝိုင်ယာမီးလောင်ပြီး မီးဖိုပါ အိမ်လေးကို မီးလောင်ခဲ့တယ်လို့ ၂၀၀၄ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို ပြောသွားခဲ့တာပါ။

အကျဉ်းချုံးပြောရရင် ဇနီးဖြစ်သူကိုရော ကားရော ကြောင်လေးကိုပါ ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့တာ” လို့ ဘိုင်ဒန်က ပြောပါတယ်။ ဒါ့ပြင် ၂၀၀၄ ခုနှစ် မီးလောင်တုန်းက ကယ်ခဲ့တဲ့ မီးသတ်သမားတွေကိုလည်း ချီးကျူးပြောသွားပါတယ်။

“ကျုပ်တို့က အာမခံထားထားတာ၊ ဒီတော့ ဒုက္ခမရောက်ခဲ့ဘူး၊ ဒါပေမဲ့ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးအချိန်မှာ အိမ်ပြင်မှာနေရတာက ပြဿနာပါ၊ ခင်ဗျားတို့ အိမ်တွေ လုံးဝဆုံးရှုံးသွားတာ ဘယ်လိုဆိုတာ ကျုပ်ခံစားနိုင်ပါ တယ်၊ ပြာပုံဖြစ်သွားတာ၊ နောက်ပြီး ပိုအရေးကြီးတာက ခင်ဗျားတို့အတွက် အရေးပါတဲ့အရာတွေပဲ” လို့ ဘိုင်ဒန်က ဆက်ပြောပါတယ်။

သမ္မတရဲ့ မှတ်ချက်တွေကြောင့် ကွန်ဆာဗေးတစ် ဟောပြောသူတွေဖြစ်တဲ့ ဂျန်နာအဲလစ်၊ ဂျက်ဆီ ဝါတားစ်၊ ဆန် ဟန်နီတီနဲ့ ဝဲလ် ကိန်းတို့က သမ္မတဘိုင်ဒန်ကို ဝေဖန်ခဲ့ကြပြီး မစ္စတာ ဝါတားစ်ကတော့ “ရှက်စရာကောင်းတဲ့” ဇာတ်လမ်းလို့ ပြောသွားပါတယ်။

တွစ်တာမှာလည်း “ချစ်ရသူတွေ မီးလောင်သေဆုံးခဲ့ရတဲ့ မော်စီက လူထုဟာ ဘိုင်ဒန်ရဲ့ မီးဖိုခန်းမီးလေးမှာ ပျက်စီး မသွားတဲ့ သူ့ကားနဲ့ သေမသွားတဲ့သူ့ကြောင်အကြောင်း ကြားရတာ အတော်လေးနှစ်သိမ့်မှုဖြစ်သွားမှာ သေချာပါ တယ်” ဆိုပြီး မစ္စအဲလစ်က ရေးထားပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မစ္စတာဘိုင်ဒန်ရဲ့လူထုတုံ့ပြန်မှု မရှိသလောက်ပဲလို့ မှတ်ယူထားတဲ့ ရီပါပလစ်ကန်တွေ ဆီက အဆက်မပြတ် ဝေဖန်မှုတွေရဲ့ နောက်ဆုံးဝေဖန်ချက်တွေပါ။
ပြီးခဲ့တဲ့အပတ် မီးလောင်ပြီး မကြာခင်မှာ သမ္မတဘိုင်ဒန်က “ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်” ထုတ်ပြန်ချက် ကို ထုတ်ပြန်ပြီး ဟာဝိုင်အီပြည်နယ်အတွက် ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးကြိုးပမ်းရာမှာ ဖက်ဒရယ် ရင်းမြစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ သတင်းထောက်တွေက တောမီးလောင်ကျွမ်းမှုရဲ့ နစ်နာသူတွေအပေါ် ခံစားချက်ကိုမေးမြန်းရာမှာ “မှတ်ချက်ပေးစရာမရှိ” လို့ တိုတိုတုတ်တုတ်ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ သမ္မတက ဒလာဝဲရှိ Rehoboth ကမ်းခြေမှာ အနားယူနေတာဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတဘိုင်ဒန်ရော၊ သူ့အစိုးရကပါ မော်ဝီကို ကူညီဖို့ ဖက်ဒရယ်ရင်းမြစ်တွေ သုံးလို့ရမယ်ဆိုပြီး မှတ်ယူထားတာပါ။

မီးဖိုခန်းမီးလောင်တဲ့အကြောင်း ပြောအပြီးမှာ‌တော့ သမ္မတက အစိုးရဟာ ဟာဝိုင်အီဒေသခံတွေရဲ့ ရိုးရာအစဉ် အလာကို လေးစားပြီး သမိုင်းနဲ့ ယဉ်ကျေးမှုကို နားလည်သဘောပေါက်ခြင်းအပါအဝင် “မော်ဝီလူထု ပြန်တည်ဆောက်ချင်တဲ့ပုံစံ” အတိုင်း ဆောက်ပေးဖို့ အလေးထားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ “ပြန်လည်တည်ဆောက်ရေးကြာရင်ကြာသရွေ့ ကျွန်တော်တို့ ခင်ဗျားတို့နဲ့အတူရှိနေမှာပါ၊ ကတိပေးပါတယ်” လို့ သမ္မတ ပြောခဲ့ပါတယ်။

https://www.the-independent.com/news/world/americas/us-politics/biden-visit-maui-wildfires-kitchen-fire-b2397554.html

#voiceofmyanmar #VOM #မော်ဝီတောမီး #သမ္မတဘိုင်ဒန် #ဝေဖန်ခံနေရ

Related posts

Leave a Comment

VOM News

FREE
VIEW