ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ပြန့်ပို့ရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားဖွယ်ရှိ

ဒေလီ၊ စက်တင်ဘာ-၆-၂၀၂၃
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ဖွယ်ရှိနေပါတယ်။

ဆိုင်းငံ့ထားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ တရုတ်ကကြားဝင်စေ့စပ်ပေးမယ့် ဆွေးနွေးပွဲတွေတက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

လက်ရှိချိန်ထိ ဒုက္ခသည် ၇၀၀၀ ကျော်စာရင်းကို ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ကနဦးအစီအစဉ်အရ ၃၀၀၀ ကိုသာ စတင်ပို့ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Miah Md. Mainul Kabir ကပြောပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အားကောင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကို ထပ်မံလာရောက်မယ်လို့ သူကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ လာမယ့်သုံးလအတွင်း ဒုက္ခသည်တွေနေရပ်ပြန်ပို့မယ့် လုပ်ငန်းစဉ် စတင်ဖို့ ဆန္ဒရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်တာနဲ့ပတ်သက်ပြီး မြန်မာဘက်က မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်း ၃၃ ခုမှာ နေထိုင်နေကြပြီး အခြား သုံးသောင်းကျော်ကိုတော့ ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ရှိ ဘာဆန်ချာကျွန်းကို ရွှေ့ပြောင်းပေးထားပါတယ်။

Ref: Anadolu
#voiceofmyanmar #VOM #MyanmarOfficials #toVisitBangladesh # RohingyaRepatriation

Related posts

✕
VOM News

FREE
VIEW