စက်တင်ဘာ ၈ -၂၀၂၃
MM [VOM]
နိုင်ငံတဝှမ်းမှာ ပြီးခဲ့တဲ့ တလအတွင်း နိုင်ငံသားအထောက်အထားမဲ့သူ အယောက် ၂၀၀ ကျော်ထိ ဖမ်းမိခဲ့တယ်လို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကထုတ်ပြန်တဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၁ ရက်ကနေ ၃၁ရက်အထိ တစ်လအတွင်း နိုင်ငံသား အထောက်အထားမဲ့သူ အယောက် ၂၀၀ကျော် ကို ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာ အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အထောက်အထားမဲ့သူတွေကိုကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။
“အဖမ်းခံရသူတွေက ရခိုင်ပြည်နယ်ကနေ ထွက်လာတဲ့ သူတွေပါ၊ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီးလာကြတာလို့ သိရတယ် ၊ ရခိုင်မှာက အလုပ် အကိုင်ရှားပါးတယ်လေ ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာဆိုတော့ အလုပ်အကိုင် ပေါများမယ့်နေရာသစ်ကို ရှာဖွေကြတဲ့ အခြေအနေပေါ့၊ သူတို့အနေနဲ့ လိုရာခရီးမရောက်ပဲ အဖမ်းခံရ၊ ထောင်ချခံရတာတွေဖြစ်နေတာ။”လို့ နိုင်ငံသား အထောက်အထားမဲ့သူတွေကို ကူညီပေးသူ(၁)ဦးကပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၂၀၀ ကျော်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၁၀၀ ကျော် ၊ အမျိုးသား အယောက် ၇၀ ကျော်နဲ့ ကျန်တဲ့ အယောက် ၇၀ ကျော်လောက်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံသား အထောက်အထားမဲ့တွေထဲမှာ လ.ဝ.က ဥပဒေနဲ့ ထောင်ချခံထားရတဲ့ အသက် ၁၈ နှစ်အောက်တွေကိုတော့ ရန်ကုန်တိုင်း ငှက်အော်စမ်း လူငယ်ထိန်းသိမ်း ရေးစခန်းမှာ အများဆုံးထားရှိတယ်လို့ သိရပါတယ်။
”နိုင်ငံသား အထောက်အထားမဲ့သူတွေကို လဝက ဥပဒေနဲ့ အရေးယူထောင်ချခံရတာများတယ် ၊ ထောင်ချခံရတဲ့ အထောက်အထားမဲ့သူတွေထဲကနေ အသက် ၁၈ နှစ်နဲ့အောက်တွေကို ထိန်းသိမ်းရေးစခန်း ငှက်အော်စမ်းမှာ ထားတယ်လို့ သိရတယ် ၊ ထောင်ဒဏ်တွေက အမြင့်ဆုံး ၅ နှစ်ကနေ ၂ အထိချမှတ်ခံထားရတာ”လို့ နိုင်ငံသားအထောက်အထားမဲ့သူတွေအရေး ဆောင်ရွက်နေသူ(၁)ဦးကပြောပါတယ်။
ဒါ့အပြင် အထောက်အထားမဲ့သူတွေကို အခကြေးငွေ ယူပြီး တရားမဝင် သယ်ယူပို့ဆောင်နေတဲ့ အမျိုးသား ၁၂ ယောက်ကိုလည်း သက်ဆိုင်ရာက ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ဖမ်းမိခဲ့ပြီး သွားဖမ်းတဲ့အချိန် ထွက်ပြေးတဲ့ ကားသမားတွေ ၊ ပွဲစားတွေ ၊ စက်လှေ အငှားလိုက်တွေ အယောက် ၅၀ ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကနေ ၂၀၂၂ခုနှစ် ကုန်ပိုင်းအထိ မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်တွေမှာနိုင်ငံသားအထောက်အထားမဲ့သူ ၁၉၄၅ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီအထဲက အယောက် ၁၀၀၀ ကျော်ကို လ.ဝ.က ဥပဒေနဲ့ ထောင်ဒဏ် ၂နှစ်ကနေ ၅ နှစ်အထိ ချမှတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မြန်မာဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောက်စီ(နစက)ကနေ နိုင်ငံသား အထောက်အထားမဲ့သူ အယောက် ၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #နိုင်ငံသားအထောက်အထားမဲ့ #တလအတွင်းဖမ်းဆီးရရှိမှု