ဇွန်၂၇ ၊၂၀၂၆
GG (VOM)
ချင်းပြည်နယ် မြောက်ပိုင်း ၊ ဟားခါးမြို့နယ်ထဲက ချင်းလက်နက်ကိုင်အဖွဲ့ CDF-Hakha တပ်စခန်းနှစ်ခုကို လေကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ငါးယောက်သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။
မနေ့က ဇွန် ၂၆ ရက်နေ့ ၊ည ၁၀ နာရီလောက်မှာ CDF-Hakha တပ်ရင်း ၁ နဲ့ တပ်ရင်း ၄ စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခံခဲ့ရတာ ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုအတွင်းမှာ သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
” အခုသိရတာတော့ စခန်းနှစ်ခု ဗုံးကြဲခံရတာမှာ ငါးယောက်သေဆုံးမှုရှိထားတယ်။သေတာ အကုန်လုံးက အမျိုးသားတွေချည်းပဲ ။ ဒဏ်ရာရလည်းများတယ်။ ဒဏ်ရာရတဲ့အထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ပါတယ်သိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေနဲ့ ပတ်သက်ပြီး သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရ အခြေအနေကို CDF -Hakha တပ်ဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး ။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းကလည်း ဟားခါးမြို့နယ်ရှိ ဗန်ဟာ ( Vanha) ရွာမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေက ချင်းမြောက်ပိုင်းက မြို့တွေကို ပြန်လည်သိမ်းပိုက်ထားပြီး အစိုးရယန္တရား ပြန်လည်လည်ပတ်နေသလို တဖက်မှာလည်း မြို့နယ်ထဲမှာ ကျန်ရှိနေတဲ့ လက်နက်ကိုင်တပ်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ် နဲ့ ကန်ပက်လက်မြို့နယ်တွေ ဘက်မှာဆိုရင်လည်း အစိုးရတပ်က နယ်မြေတွေ အပြည့်အဝ ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသလို လေကြောင်းကနေ လည်းဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
