တံတားဦးမြို့နယ်မှာ ဆန်စက်ပိုင်ရှင်တယောက် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး

မန္တလေး၊ အောက်တိုဘာ- ၁၀- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ မြင်းသည်ကျေးရွာအုပ်စု၊ရေကမိုးကျေးရွာ က ရွှေညီကို ဆန်စက်ပိုင်ရှင်ကို မနေ့ အောက် တိုဘာ ၉ ရက်နေ့ ည ၈ နာရီခွဲအချိန်မှာ လူသုံးယောက်က သေနတ်နဲ့ ပစ်ခတ်လို့ နေရာမှာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ မနေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီခွဲအချိန်မှာ ရေကမိုးကျေးရွာ က ရွှေညီကို ဆန်စက်ဝန်းအတွင်းမှာ ဆန်စက်ပိုင်ရှင် ကိုရန်နိုင်လင်း(ခ) ကိုရာဇာစိုး ၄၁ နှစ်နဲ့ အဖေဖြစ်သူ ဦးမြင့်ဆွေ၊ သားဖြစ်သူ မင်းမင်းခန့်၊ ဆန်စက်မန်နေဂျာ တင်မျိုးအောင်(ခ)ချိန်ပီးတို့နဲ့အတူ ဆန်စက်တောင်ဘက်က ပေ ၁၅၀ ခန့်ရှိတဲ့ လူနေအိမ်တဲအတွင်းမှာ ထိုင်ပြီး စကားပြောနေချိန် အမျိုးအစား အရောင်မသိ 125 ဆိုင်ကယ်နဲ့ အသက် ၂၀ ဝန်းကျင်ခန့်ရှိတဲ့ အမည်မသိ အမျိုးသား ၃ ယောက် ရောက်ရှိလာပြီး သေနတ်အတို ၁ လက်နဲ့ ချိန်ရွယ်ပြီး တစ်ယောက်မှ မလှုပ်နဲ့ ခေါင်းငုံ့လို့ပြောဆိုကာ ကိုရန်နိုင်လင်း(ခ)ကိုရာဇာစိုး တယောက်ထဲကိုသာ ဆန်စက်တောင်ဘက်ကို လက်ယက်ခေါ်သွားပြီး ခဏအကြာ သေနတ်သံကြားရပြီးတဲ့နောက် လုပ်ကြံသူ လူ ၃ ယောက်က ဆန်စက်ဝန်းထဲကနေ ပြန်လည်ထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကြောင့် ကိုရန်နိုင်လင်း(ခ)ကိုရာဇာစိုးမှာ ဦးခေါင်းသေနတ်မှန်ပြီး ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ဘယ်အဖွဲ့က ပစ်ခတ်သွားတာလဲဆိုတာကို မသိရသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ ညနေ့ပိုင်းကလည်း နေပြည် တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာက နေအိမ်တခုမှာ မိသားစုလေးယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တခုက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်စဥ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

Related posts

✕
VOM News

FREE
VIEW