မြန်အောင်က မမြဆည်ဘောင် တမံ ပေ ၂၀၀ ပြိုကျလို့ ကျေးရွာတချို့အရေးပေါ်ရွှေ့၊ ရေပိုလွှဲကနေ ရေထုတ်နေ

အောက်တိုဘာ ၁၀ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအနောက်ဘက်ရှိ မမြဆည်ရေလှောင်တမံမှာ အပြင်ဘက် တမံဘောင်မြေသား ပေ ၂၀၀ လောက်ပြိုကျခဲ့တာကြောင့် ဆည်အောက်ကကျေးရွာတချို့ကို အရေးပေါ်ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။
မမြရေလှောင်တမံဟာ မနေ့က အောက်တိုဘာ ၉ ရက်နေ့ ည ၇ နာရီလောက်မှာ တာဘောင်အက်ကွဲပြီး ည ၁၂ နာရီလောက်မှာ တာဘောင်ပြိုကျခဲ့ကြောင်း ၊ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ တမံက အလျား ၂၀၀ ပေ ၊ အနက် ၃၀ ပေခန့် ပြိုကျခဲ့တယ်လို့ သိရပါတယ်။
ဆည်အောက်ကရွာ တချို့နဲ့ ရေဝင်နိုင်တဲ့ရွာတွေဖြစ်တဲ့ စမ်းရွာကြီးအုပ်စု၊ မရွေးကုန်းအုပ်စု၊ ငါးဘတ်ကျအုပ်စုက ဒေသခံ တွေကို ကုန်းမြင့်နေရာကို အရေးပေါ်ရွှေ့ပြောင်းထားပြီး ခုဆိုရင် လူဦးရေ ၁၀၀၀ နီးပါးအထိ ရွှေ့ပြောင်းမှုရှိထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ တမံဘောင်ပြိုကျနေရာကနေ တမံကျိုးပြီး ရေကန်ထွက်လာခြင်းမရှိအောင် ရေဝိတ်လျှော့ လုပ်ငန်းကို ဆောင်ရွက်နေရာ အခု ရေလှောင်တမံရဲ့ ရေပိုလွှဲကိုချဲ့ကာ အကျယ်ပေ ၂၀ ၊ အနက် ၈ ပေကနေ မမြချောင်းထဲကို ရေလွှတ်နေတယ်လို့ သိရပါတယ်။
” အန္တရာယ်ဖြစ်မှာစိုးလို့ ကြိုရွှေ့ခိုင်းတာပါ။လက်ရှိရှိတဲ့ ရေပမာဏက ပဲ့သွားတဲအပိုင်းကနေ ပါးတဲ့နေရာကိုဖောက်ထွက်လာရင် ရေလုံးရေရင်းပန်းထွက်လာရင် သူ့အောက်မှာထိခိုက်စရာတွေရှိနိုင်တယ်။ဒါကြောင့် အောက်မှာ ရေထုတ်ပေါက် ကွန်ကျူပေါက်နှစ်ပေါက်ရှိတယ်။ ရေပိုလွှဲရှိတယ်။ အဲဒီထဲကနေမှ ဖောက်ထုတ်ပစ်မှာ ။ ရေပိုလွှဲကိုချဲ့လိုက်ပြီး ရေကိုရသရွေ့ ထုတ်လိုက်မယ်။ ရေဝိတ်လျော့သွားရင် နိမ့်ကျသွားတဲ့အပိုင်းပါးတဲ့အပိုင်းကနေ ရေပေါက်ထွက်ဖို့မရှိနိုင်တော့ဘူး။ ရွာတွေရှိတဲ့ဘက်ကမဟုတ်ဘူးနော်။ဆည်ရဲ့နောက်ဘက်မှာရှိတဲ့ ရေပိုလွှဲပေါက်ကိုချဲ့ပြီး မမြချောင်းထဲကို ပို့တာပေါ့။အတတ်နိုင်ဆုံး အန္တရာယ်အကင်းဆုံး ၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တာဝန်ရှိသူတွေ အကောင်ထည်ဖော်နေပါတယ်။ရေဝိတ်လည်း လျော့နေပါတယ်။ လတ်တလော ရေပမာဏလျှော့ချနိုင်ရင် အန္တရာယ်မရှိပါဘူး ။ ” လို့ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက ပြောပါတယ်။
ရေလှောင်တမံ ရေပြင်အမြင် ၃၁၅ ပေရှိတာကို ရေပြင်အမြင့် ၃၀၅ ပေအထိ နိမ်ကျစေရန် ရေပိုလွှဲကနေ ရေထုတ်လွှတ်နေသလို ပြိုကျခဲ့တဲ့ မြေသားတမံနေရာကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေ ဆက်လုပ်နေတယ်လို့သိရပါတယ်။
မမြချောင်းက ကျဥ်းတဲ့အတွက် မမြရေလှောင်တမံကနေ မမြချောင်းထဲကို ရေထုတ်လွှတ်ရာမှာ မမြချောင်းဘေးတလျှောက်က ကျေးရွာတွေ ရေဝင်ရောက်နိုင်သလို ရေအရှိန်ပြင်းပါက ကမ်းပါးပြိုနိုင်တာကြောင့် ကြိုတင်ရွှေ့ပြောင်းမှုတွေပြုလုပ်သင့်ပြီး သတိပြုနေထိုင်ဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။
” မမြဆည်ကနေ ရေလွှတ်ထုတ်မယ်။ သတ်မှတ်ထားတဲ့ရေလယ်ဗယ်ရောက်ရင် အန္တရာယ်ကင်းပြီလို့တော့ တာဝန်ရှိသူတွေကပြောတယ်။ ရေလွှတ်တဲ့ မမြချောင်းက ကျဥ်းတာရော တိမ်ကောတာရောကြောင့် ရေများများလွှတ်ရင် ချောင်းတလျှောက်က ရွာတွေ ၊လယ်တွေ ရေနစ်နိုင်တယ်လို့ ထင်တယ်။ တကယ်လို့ ဆည်သာကျိုးရင်တော့ ဆည်အောက်က ရွာတွေအကုန်ကုန်မှာ။ ရှောင်ချိန်တောင်မရနိုင်လောက်ဘူး။ရေကပြုံဆင်းလာမှာ ။ အခုက ပြိုကျတာက အပြင်ဘက် တမံမြေသားပေါ့။အတွင်းမှာ ကျောက်သားနံရံရှိသေးပေမယ့် ကျောက်သားကလည်း သိပ်မထူလောက်ဘူး။ ” လို့ ဒေသခံက ပြောပါတယ်။
မမြချောင်းကမ်းဘေးမှာတော့ ရေဝါရွာ၊ တုတ်ကွင်းရွာ ၊ ထုံးဖိုရွာ နဲ့ စာနီစုရွာတွေရှိပြီး စပါးစိုက်ဧကတွေရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ မမြဆည်ထဲကနေ မမြချောင်းထဲကို ရေလွှတ်မှုမှာ မမြချောင်းကတဆင့် ငဝန်မြစ်ထဲကို စီးဆင်းတာဖြစ်လို့ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကတွေကို ထိခိုက်မှုမရှိဘူးလို့ အသိပေးထားပါတယ်။
မမြဆည်ဟာ မြန်အောင်မြို့နယ်နဲ့ အင်္ဂပူမြို့နယ်တွေက နွေစပါး ဧက ၅၅၀၀ ကျော်ကို နှစ်စဉ် ရေပေးဝေနေတဲ့ ဆည်ဖြစ်ပြီး ရေလှောင်ပမာဏ ဧကပေ ၇၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် လကုန်ပိုင်းက ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးသွားတာကြောင့် လေးမျက်နာမြို့၊ ငသိုင်းချောင်း ၊ ရေကြည်၊ ကျုံပျော် စတဲ့မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်ပြီး လူသေဆုံးတာ၊ စပါးစိုက်ဧက သောင်းနဲ့ချီနစ်မြုပ်ပျက်စီးခဲ့ပါတယ်။
ဓာတ်ပုံ – လွှတ်တော်ကိုယ်စားလှယ်

Related posts

✕
VOM News

FREE
VIEW