ဖားကန့်စုပေါင်းရုံး ဗုံးကွဲပြီးနောက် ညမထွက်ရအမိန့်ထုတ်

အောက်တိုဘာ ၁၀ ၊ ၂၀၂၆
CC (VOM)
ဖားကန့်မြို့နယ်စုပေါင်းရုံးမှာ ဗုံးကွဲပြီးနောက် ဖားကန့်မြို့နယ်အတွင်း ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးအသုံးပြုပြီး ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ နှိုးဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းကိုပါ တားမြစ်လိုက်ပါတယ်။
ဒါအပြင် လူငါးယောက် သို့မဟုတ် လူငါးယောက်ထက်ပိုပြီးလည်း ဖားကန့်မြို့နယ်အတွင်း လမ်းမကြီး နဲ့ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် ၊ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ စုဝေးခြင်းမပြုဖို့ပါ တားမြစ်ထားပါတယ်။
” စုပေါင်းရုံး ဗုံးကွဲပြီး ခုလို ညမထွက်ရအမိန့်ဆက်တိုက်ထွက်လာတာပဲ ။ ၈ ရက်နေ့ကတည်း​က စတယ်သိရတယ်။ အများစုကတော့ ညဆို ၁၀ နာရီနောက်ပိုင်း အပြင်သိပ်မထွက်ကြပါဘူး ။ အဓိက ရေမဆေးသမားတွေပဲ ဒုက္ခရောက်မှာ ။ တချို့က ညဘက်မှာရှာကြတာ။ ရှာပြီးရင် မိုးမလင်းခင်ပြန်ကြတာ။ အခုညမထွက်ရအမိန့်ထွက်တော့ ၄ နာရီနောက်ပိုင်းမှ ပြန်ရမယ့်အခြေအနေ ဖြစ်သွားတယ်။ ” လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
အခုလို ညမထွက်ရအမိန့်ထုတ်ပြန်တာဟာ လူတချို့က ဖားကန့်မြို့နယ် နယ်နိမိတ်အတွင်းရှိ အများပြည်သူ့လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်စုပေါင်းရုံးကို ဒရုန်းဗုံးတိုက်ခိုက်ခံရပြီးနောက် ဖားကန့်မြို့ရှိ လ.ဝ.က ဝန်ထမ်းတွေကိုလည်း မြစ်ကြီးနားမြို့လ.ဝ.ကရုံးကို ပြောင်းရွှေ့မှုရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်စုပေါင်းရုံးမှာ အောက်တိုဘာ ၇ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က ဒရုန်းဗုံးကျရောက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် KNDPC ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီရဲ့ တာဝန်ခံဦးဇော်အောင်နဲ့ ဈေးသည်တယောက် နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW