ငပြီကျွန်းမှာ စစ်ရေးပြင်းထန်နေပြီး လေကြောင်းဆက်တိုက်ကြဲနေ

အောက်တိုဘာ ၁၀ ၊၂၀၂၆
CC (VOM)
စစ်ရေး နိုင်ငံရေးအရ အဓိကကျတဲ့ ရခိုင်ပြည်နယ်၊ AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်တွင်းက ငပြီကျွန်းကို လေကြောင်းကနေဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ငပြီကျွန်းကို တပ်မတော်က ကမ်းတက်သိမ်းပိုက်လိုက်ကြောင်း သတင်းတွေထွက်နေပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့မနက်ကတည်းက လေကြောင်းဆက်တိုက် ကြဲချနေတာလို့ သိရပါတယ်။
” မနက်ကတည်းက လေယာဥ်ကြဲနေတာလို့ သိရတယ်။ ငပြီကျွန်းကိုတက်ဖို့ စစ်တွေ ရွေမင်းဂံ တပ်စခန်းကနေ ထိုးဖောက် နေတာ ။ ခုထိတော့ စစ်ရေးပြင်းထန်နေတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ငပြီကျွန်းဟာ ပေါက်တောမြို့နယ်ထဲမှာရှိပေမယ့် စစ်တွေနဲ့ ပုဏ္ဍားကျွန်းမြို့နယ်အစပ် ၊ ကုလားတန်မြစ်ထဲမှာရှိတာဖြစ်ပြီး စစ်ရေး နိုင်ငံရေးအရ အရေးပါတဲ့ ကျွန်းဖြစ်တာကြောင့် တပ်မတော်အနေနဲ့ မဖြစ်မနေသိမ်းပိုက်ရမယ့် နေရာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကဆို ပါတယ်။
ဒါကြောင့် တပ်မတော်က ငပြီးကျွန်းကို သိမ်းပိုက်နိုင်ဖို့အတွက် အောက်တိုဘာ ၇ ရက်ကစလို့ ငပြီကျွန်းကို လေကြောင်း ၊ ဒရုန်း ၊ လက်နက်ကြီး ၊ မြေပြင်ထိုးစစ်သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိအထိတော့ ငပြီကျွန်းစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အစိုးရ နဲ့ AA က သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် တပ်မတော်နဲ့နီးစပ်သူတွေကတော့ ငပြီးကျွန်းကို တပ်မတော်က သိမ်းလိုက်ကြောင်း ပြောဆိုနေကာ AA နဲ့နီးစပ်သူတွေကတော့ ငပြီးကျွန်းကို တပ်မတော်က သိမ်းပိုက်နိုင်​ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရတယ်ဆိုပြီး ပြောဆိုနေကြပါတယ်။
ပေါက်တောမြို့ကိုတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှာ AA က အပြည့်အဝ ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW